ကချင်ပါတီများ ပေါင်းစည်းပြီ

5832

မြစ်ကြီးနား၊ သြဂုတ် ၂
မြစ်ကြီးနားမြို့အခြေစိုက် ကချင်နိုင်ငံရေးပါတီများ သြဂုတ်လ ၁ ရက်နေ့က ပေါင်းစည်းလိုက်ကြောင်း သိရသည်။
မြစ်ကြီးနားမြို့ရှိ Cartel ဟိုတယ်တွင်ပြုလုပ်သည့် ဆွေးနွေးပွဲအပြီးတွင် ကချင်ပါတီလေးခု ပေါင်းစည်းခဲ့ခြင်းဖြစ်သည်။
မူလက ဦးအောင်ဝါဦးဆောင်သည့် ကချင်ဒီမိုကရက်တစ်ပါတီ(KDP)၊ ဒေါက်တာ တူးဂျာဦးဆောင်သည့် ကချင်ပြည်နယ်ဒီမိုကရေစီပါတီ(KSDP)၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဟောင်း ဦးခက်ထိန်နန် ဦးဆောင်သည့် စည်းလုံးညီညွတ်ရေးနှင့် ဒီမိုကရေစီပါတီ (ကချင်ပြည်နယ် – UDP)တို့ သုံးပါတီသာ ပေါင်းစည်းကြရန် သဘောတူညီထားခြင်းဖြစ်သော်လည်း ဒေါက်တာ M ကောန်လ ဦးဆောင်သည့် ကချင်အမျိုးသား ကွန်ကရက်ပါတီ(KNC)လည်း ပူးပေါင်းပါဝင်လာခဲ့သည်။

“ပါတီတွေပေါင်းစည်းဖို့က ဒီလိုနဲ့ အချိန်လည်းကြာလာတော့ အမြန်အပြတ်ဖြတ်ဖို့လိုလာပြီ၊ အချိန် ဆွဲနေလို့တော့ မဖြစ်တော့ဘူးဆိုပြီး မနေ့က(သြဂုတ်၁) ရက်ချိန်းယူပြီးတော့ Cartel မှာ အပြတ်ဆွေးနွေး ဆုံးဖြတ်ခဲ့ကြတယ်။မနေ့ကတော့ KNC ကလည်း ပါတီဖျက်သိမ်းခံပြီးတော့ ပေါင်းပါမယ်ဆိုပြီး လက်ခံတယ်။ အခုတော့ ပေါင်းစည်းရေးမှာ လေးပါတီဖြစ်လာပါပြီ”ဟု ကချင်ပြည်နယ်ဒီမိုကရေစီပါတီဥက္ကဋ္ဌ ဒေါက်တာတူးဂျာက ပြောသည်။

 

KNC အနေဖြင့် နှစ်ပေါင်းများစွာက ဖွဲ့စည်းခဲ့သည့် ၎င်းတို့ပါတီကိုဖျက်ကာ ယခုကဲ့သို့ ပူးပေါင်းရခြင်းမှာ ပေါင်းစည်းအရေးအတွက် ၁၇ ဦးကော်မတီထံ တင်ပြခဲ့သည့် အချက်များကို လက်ခံသဘောတူသဖြင့် ပါဝင်ခဲ့ခြင်းဖြစ်သည်ဟု KNC ပါတီ ဥက္ကဋ္ဌ ဒေါက်တာMကောန်လက ပြောသည်။

KNC ပါတီ ဥက္ကဋ္ဌ ဒေါက်တာMကောန်လ
KNC ပါတီ ရုံးတွင်သြဂုတ်လ (၂) ရက်နေ့က သတင်းမီဒီယာများနှင့် သတင်းစာရှင်းလင်းပွဲ ပြုလုပ်နေစဉ်

KNC ပါတီ တင်ပြထားသည့်အချက်များမှာ နိုင်ငံရေးမူဝါဒ လိုအပ်ချက် ၅ ချက်နှင့် အခြားလိုအပ်သော အဓိကအချက် ၂ ချက်တို့ကို တင်ပြခဲ့ခြင်းဖြစ်သည်။
“သွားပြီးပေါင်းတာက ဘာမှအစွဲမထားဘူး။ လူထုကသူ့ဟာသူ ဆုံးဖြတ်လိမ့်မယ်။လူထုကိုယ်စားပြု ၁၇ ဦးအဖွဲ့ ရှိတယ်။ အဲ့ဒီအပေါ်မှာ ဘာမှအစွဲမထားဘူး။ ခေါင်းဆောင်ပိုင်းလည်း အစွဲမထားဘူး။ ရှင်းရှင်းလင်းလင်းပဲ။ အားလုံးပူးပေါင်းပြီးတော့ ကချင်ပြည်နယ်အတွက် အလုပ်လုပ်မယ်။ အဲ့ဒီဆုံးဖြတ်ချက်နဲ့ သွားတာပါ”ဟု KNC ပါတီရုံးတွင် သြဂုတ်လ ၂ ရက်ကကျင်းပသည့် သတင်းစာရှင်းလင်းပွဲတွင် ဒေါက်တာ M ကောန်လက ပြောကြားခဲ့သည်။

ယခုပေါင်းစည်းမည့် ၄ ပါတီက ပါတီနာမည်ကို ကချင်ပြည်နယ်ပါတီ (Kachin State Party)ဟု ရွေးချယ်ထားပြီး အလံ၊ အမှတ်တံဆိပ်များကိုမူ လာမည့် သြဂုတ်လ ၁၁ ရက်နေ့တွင် ဆွေးနွေးပွဲ ထပ်မံပြုလုပ်ကာ ဆုံးဖြတ်သွားမည်ဟုလည်း သိရသည်။

ထို့အပြင် ပါတီဥက္ကဋ္ဌအဖြစ် တာဝန်ယူမည့်သူကိုလည်း ရွေးကောက်ပွဲစနစ်ဖြင့် ဒီမိုကရေစီနည်းကျကျ ရွေးချယ်ပေးသွားမည်ဖြစ်ကြောင်းသိရပြီး အများသဘောတူသည့် လက်ရှိ ပါတီဥက္ကဋ္ဌများထဲမှ ဖြစ်စေ၊ အခြားပါတီဝင်တစ်ဦးဦးကိုဖြစ်စေ တင်မြှောက်သွားမည်ဟု သိရသည်။

ပါတီဖွဲ့စည်းတည်ထောင်မည့် အမည်၊ အလံ၊ အမှတ်တံဆိပ်များကို ဆုံးဖြတ်ခဲ့ခြင်းမရှိခဲ့သော်လည်း ပါတီပေါင်းစည်းရေးတွင် လိုအပ်သည်များကို ချမှတ်နိုင်ရေးအတွက် စာပေ၊ ယဉ်ကျေးမှု၊ ဘာသာရေးအဖွဲ့၊ ဃှဥ၊ ပညာရှင်တို့ပါဝင်ဖွဲ့စည်းထားသည့် ၁၇ ဦးကော်မတီနှင့် ဆွေးနွေးအတည်ပြုမည်ဟုလည်း သိရသည်။

“၁၇ ဦးကော်မတီကနေ ပါတီနာမည်၊ အလံ၊ အမှတ်တံဆိပ်တွေကို ပြန်ပြီးတော့မှ ရေးဆွဲ အတည်ပြုဖို့ ပါတီကိုတာဝန်ပြန်ပေးတယ်။ အဲဒီမှာ လေးပါတီက မေလ ၁၂ ရက်မှာ ဆွေးနွေးပွဲလုပ်တယ်။ KNC ကတော့ ပါတီဖျက်သိမ်းခံမှာမဟုတ်ဘူးဆိုပြီး ဆက်ပြီးပြုလုပ်ပွားမယ့် ဆွေးနွေးပွဲတွေမှာ မတက်တော့ဘူး။ ဒါပေမယ့် သူတို့ပါတီ တချို့လူတွေကို ပါတီက နုတ်ထွက်ပြီးတော့မှ ပေါင်းစည်းရေးကို ပါဝင်ခိုင်းမယ်ပြောတယ်။ မူဝါဒကို အရင်ဆွေးနွေးမယ်ဆိုတာပေါ့၊ အဲ့လိုနဲ့ ပေါင်းစည်းရေးမှာ တိုက်ရိုက်မပါတော့ဘူး။ ကျန်တဲ့သုံးပါတီပဲ မေလ ၁၄ ရက်နေ့မှာ ဆွေးနွေးပွဲထပ်ထိုင်ပြီးတော့မှ နာမည်အလံ အမှတ်တံဆိပ်တွေကိုရွေးကြတယ်။ ဒါကို ၁၇ဦးကော်မတီကို တင်လိုက်တယ်။ နောက်ပိုင်း KNC လည်း ၁၇ ဦးကော်မတီကိုစာတင်ပြီး တင်ပြလာတယ်။ သူတို့လည်း ပေါင်းစည်းရေးပါချင်တယ်ဆိုပြီး ၁၇ ဦးကော်တီနဲ့ သီးခြားလည်းတွေ့နဲ့ အားလုံးနဲ့ပေါင်းပြီးမှလည်းတွေ့တယ်”ဟု ဒေါက်တာတူးဂျာက ရှင်းပြပြောဆိုသည်။

ဇန်နဝါရီ ၁၃ ရက်နေ့က မြစ်ကြီးနားမြို့ရှိ YMCA ခန်းမတွင် ပါတီပေါင်းစည်းရေး အထူးအစည်းအဝေးအဖြစ် KSDP, KDP, KNC နှင့် လော်ဝေါ်အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးပါတီ (LNUDP)တို့ တွေ့ဆုံဆွေးနွေးခဲ့ကြပြီး ယင်းဆွေးနွေးမှုတွင် နိုင်ငံရေးပါတီ သုံးပါတီ MoU လက်မှတ်ရေးထိုးနိုင်ခဲ့ကြသည်။

ပေါင်းစည်းရေးတွင် ကချင်နိုင်ငံရေးပါတီတစ်ခုဖြစ်သော LNUDP မှာ လော်ဝေါ်လူထုများက ပေါင်းစည်းရေးတွင်ပါဝင်ရေး လက်မခံသည့်အတွက် သီးခြားပါတီအနေဖြင့်သာ ဆက်လက်ရပ်တည်သွားမည်ဟု ပါတီဥက္ကဋ္ဌဦးလခမ်ဒေါင်ခမ်းက ပြောကြားထားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here