ကိုဗစ်တိုက်ဖျက်ရေး ဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများ၏ သားသမီးများအတွက် ကစားစရာ အရုပ်များ ထောက်ပံ့

1205

နိုဝင်ဘာ (၇)

မြန်မာနိုင်ငံတစ်ဝန်းရှိ ကိုဗစ် -၁၉ ရောဂါတိုက်ဖျက်ရေးတွင် ရှေ့တန်းမှ ဆောင်ရွက်နေသည့် ဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများ၏ သားသမီးများအတွက် ကစားစရာအရုပ်ပေါင်း ၆၀၀၀၀ ကို ယူနီဆက်မှ ပံ့ပိုးပေးခဲ့ကြောင်းသိရသည်။

အဆိုပါ ပံ့ပိုးမှုကို နိုဝင်ဘာလ (၆)ရက်နေ့က တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် ယူနီဆက်တို့သည် အမေရိကန်ဒေါ်လာ ၁ ဒသမ ၆ သန်းတန်ဖိုးရှိ အိမ်တွင်းကစားစရာ အရုပ်ပေါင်း ၆၀၀၀၀ ကို သားသမီးငယ်များအတွက် ပေးဝေရန် ပံ့ပိုးပေးခဲ့ခြင်းဖြစ်သည်။

”ကိုဗစ်-၁၉ ကြောင့် ထိခိုက်ခံစားနေရတဲ့ ကလေးငယ်တွေနဲ့ မိသားစုတွေကို ကူညီပေးဖို့ လုပ်ဆောင်နေကြသူ အားလုံးအား ကျွန်မတို့မှ ကျေးဇူးတင် ချီးကျူးဂုဏ်ပြုပြီး အများနဲ့မတူတဲ့ အခြေအနေတစ်ခုထြ ရောက်ရှိနေကြတဲ့ ရှေ့တန်းက တုံ့ပြန်ဖြေရှင်းနေသူတွေရဲ့ သားသမီးငယ်တွေကလည်း ကျွန်မတို့ရဲ့ ပံ့ပိုးမှု လိုအပ်မယ်ဆိုတာ သိရှိပါတယ်။” ဟု ယူနီဆက်မှ မြန်မာနိုင်ငံဆိုင်ရာ ဌာနကိုယ်စားလှယ် June Kunugi ကလွှဲပြေင်းပေးအပ်ပွဲ အခမ်းအနားတွင်ပြောကြားခဲ့သည်။

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနနှင့် လက်တွဲ၍ အကောင်အထည်ဖော်ဆောင်လျှက်ရှိသည့် ကလေးသူငယ်များနှင့် မိသားစုများကို လက်တွေ့အခြေအနေသစ် တစ်ခုနှင့် လိုက်လျောညီထွေဖြစ်ရန် နေထိုင်နိုင်ရေးအတွက် ကူညီပေးရုံသာမက မူကြိုဆရာ၊ ဆရာမများအနေဖြင့် ဖိအားများကို ကြံ့ကြံ့ခံရင်ဆိုင်နိုင်ရန်နှင့် ကလေးငယ်များ၏ စိတ်ဖိစီးမှုများ လျော့ပါးအောင် ကူညီပေးနိုင်ရေးအတွက် ပံ့ပိုးနိုင်ရန် ရည်ရွယ်ထားကြောင်းလည်း သိရသည်။

ထို့အပြင် မြန်မာတစ်နိုင်ငံလုံး အနည်းဆုံး အသက်ရှစ်နှစ်အောက် ကလေးငယ်ဦးရေ ၃၈၀၀၀၀၊ အသက်ငါးနှစ်အောက် သားသမီးရှိသူ ကျန်းမာရေးဝန်ထမ်းဦးရေ ၆၀၀၀၀ နှင့် မူကြိုဆရာ၊ ဆရာမဦးရေ ၆၀၀၀ ကျော်အတွက် အကျိုးကျေးဇူးရရှိရန်လည်း ရည်ရွယ်ကြောင်းသိရသည်။

“ဒီကစားစရာအထုပ်လေးတွေက ကလေးတွေကို နွေးထွေးမှုနဲ့ မေတ္တာကို ခံစားရစေနိုင်မှာဖြစ်သလို သူတို့လေးတွေရဲ့ အမေဒါမှမဟုတ် အဖေဟာ ဒီကပ်ရောဂါကြီးအတွင်မှာ သူရဲကောင်းတွေ ဖြစ်တယ်ဆိုတာကို လည်း ဂုဏ်ယူစရာအဖြစ် ခံစားသိရှိနိုင်အောင် ကူညီပေးမှာပါ။” ဟု June Kunugi ကဆက်လက်ပြောကြားခဲ့သည်။

ကလေးငယ်များနှင့် စောင့်ရှောက်သူများအတွက် ပုံပြင်စာအုပ်လေးအုပ်ကိုလည်း မြန်မာဘာသာသို့ ဆီလျော်အောင် ပြန်ဆိုပြီး ဖြန့်ဝေပေးသွားမည်ဖြစ်ကာ အဆိုပါစာအုပ်လေးအုပ်အနက် နှစ်အုပ်ကို တိုင်းရင်းဘာသာစကားပေါင်း (၉၀) သို့ ပြန်ဆိုသွားမည်ဖြစ်ကြောင်းသိရသည်။

ထို့အပြင် ကိုဗစ်-၁၉ ရောဂါ၊ ရောဂါကာကွယ်တားဆီးရေး၊လူမှုစိတ်ပိုင်းဆိုင်ရာ စောင့်ရှောက်မှုများနှင့် ကလေးငယ်များနှင့်အတူ ဆောင်ရွက်နိုင်မည့် လှုပ်ရှားမှုများအကြောင်း ပိုမိုသိရှိလာစေရေးကို အလေးပေးမည့် ကာတွန်းဗီဒီယိုများကိုလည်း ဖန်တီး လျက်ရှိကြောင်းလည်းသိရသည်။

မွန်းမွန်းပန်

LEAVE A REPLY

Please enter your comment!
Please enter your name here