ဝိုင်းမော်၊ မေ ၂၂
ဝိုင်းမော်မြို့နယ် နောင်းခူးကျေးရွာမှ တောင်သူများလုပ်ကိုင်နေသည့်မြေတွင် ဦးစိုင်းမြင့်ညိုဆိုသူမှ တရုတ်တစ်သှူး ငှက်ပျောစိုက်ပျိုးသည့် ကုမ္ပဏီများကိုငှားရမ်းရန် မြောင်းတူး၊တိုင်စိုက်ကာ နယ်နိမိတ်လာရောက်သတ်မှတ်သည်ကို တောင်သူများက သွားရောက်ဖယ်ရှားသဖြင့် ဖမ်းဆီးခြင်းခံရကြောင်း သိရသည်။
အဆိုပါကျေးရွာသည် ဂွေထုကျေးရွာအောက်ဘက်ပိုင်းရှိ ဝူဂန့်ဘွမ်တောင်၏ တစ်ဖက်ခြမ်းတွင်ရှိပြီး ယင်းမြေပေါ်တွင် တောင်သူများစိုက်ပျိုးထားသည့် နှစ်ရှည်ပင်များကို ဦးစိုင်းမြင့်ညိုနှင့်အဖွဲ့က ခုတ်ထွင်ရှင်းလင်းနေသဖြင့် တောင်သူများက သွားရောက် တားဆီးရာ မေလ ၂၂ ရက် ၄ နာရီခွဲခန့်တွင် ပြည်သူ့စစ်အဖွဲ့က လာရောက်ဖမ်းဆီးခြင်း ခံခဲ့ရကြောင်း ဒေသခံများထံမှ သိရသည်။
”ဒီညနေက ယောကျာ်းလေးတွေအားလုံးသွားပြီး သူတို့သတ်မှတ်ထားတဲ့ တိုင်တွေကို နုတ်ကြတာ၊ ဦးစိုင်းမြင့်ညိုခိုင်းလို့ ပြည်သူ့စစ်တပ်ဖွဲ့ဝင်တပ်သား ၁၉ ယောက်လောက်က ဒေသခံပြည်သူအားလုံးကိုဖမ်းသွားတယ်။ နောက် ခဏကြာတော့ ဦးအာဒီးနဲ့ ဦးဒိုင်ဒေါင်ကိုပဲဖမ်းထားပြီး ကျန်တဲ့သူတွေအားလုံးကို ပြန်လွှတ်ပေးလိုက်တယ်”ဟု အမည်မဖော်လိုသူတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်သို့ သတင်းပေးပို့ခဲ့သည်။
အဆိုပါမြေများသည် တောင်သူများ နှစ်ပေါင်း ၂၀ ကျော်ခန့် လယ်ယာလုပ်ကိုင်ကာ နှစ်ရှည်ပင်များ စိုက်ပျိုး၍နေထိုင်နေသည့် မြေယာများဖြစ်သဖြင့် အဆုံးရှုံးမခံနိုင်သည်ကတစ်ကြောင်း၊ ငှက်ပျောစိုက်ပျိုးသည့် ကုမ္ပဏီများဝင်ရောက်လာမည်ကို အလိုမရှိသည်ကတစ်ကြောင်းတို့ကြောင့် ထိုသို့ကန့်ကွက်နေရခြင်းဖြစ်ကြောင်း ဒေသခံများပြောကြားချက်အရသိရသည်။
ယင်းကိစ္စနှင့် ပတ်သက်ပြီးဒေသခံများအဖို့ ဖြေရှင်းရန်အခက်အခက်ဖြစ်နေပြီး ပြည်သူ့စစ်တပ်ဖွဲ့က ဖမ်းဆီးခေါ်ဆောင်ထားသူများကို အမြန်ဆုံးလွှတ်ပေးရန်နှင့် မြေယာများကို ပြည်သူများနှင့်ဆွေးနွေးတိုင်ပင်ခြင်းမပြုဘဲ ဝင်
ရောက်ခုတ်ထွင် ရှင်းလင်းနေမှုကို သက်ဆိုင်ရာပြည်နယ်အစိုးရမှ အမြန်ဆုံးတားဆီးပေးရန် ဒေသခံတောင်သူများက တောင်းဆိုနေကြကြောင်း သိရသည်။
ထို့အပြင် ဒေသခံတောင်သူများကို ၎င်းတို့လုပ်ငန်းလုပ်ဆောင်သည့် ၂၀၁၇ ခုနှစ်ဆန်းပိုင်းမှစပြီး လက်နက်ဖြင့် ခြိမ်းခြောက်ခြင်း၊ နှုတ်ဖြင့်ဆဲဆိုခြင်း၊ ဓားဖြင့်ခုတ်ရန်ရွယ်ခြင်း၊ တုတ်၊ လက်ဖြင့် ရိုက်ပုတ်ခြင်းများပြုလုပ်ကာ အမျိုးမျိုးခြိမ်းခြောက်ခြင်းများ လုပ်ဆောင်နေသည့်အတွက် သက်ဆိုင်ရာမှ အမြန်ဆုံးအရေးယူဆောင်ရွက်ပေးပါရန် တောင်သူများက တောင်းဆိုနေကြသည်။
”သူတို့ အခုလိုလုပ်နေတာ ကျွန်တော်တို့တောင်သူတွေ ဒီနှစ်လယ်လုပ်ဖို့ ပျိုး ပျိုးဖို့နေရာနဲ့ ကျွဲ၊ နွားစားကျက်မြေတွေ မရှိတော့ဘူး။ စပါးစိုက်ဖို့အတွက် ဒီနှစ်ရေလည်းလုံလောက်မှာမဟုတ်ဘူး။ မိုးရေကဘယ်လိုမှမလောက်ဘူး။ ချောင်းရေကို အားကိုးရတယ်အခုက တစ်တောင်လုံးမှာရှိတဲ့ သစ်ပင်တွေကို ရှင်းလိုက်တော့ ရာသီဥတုကပူပြီး ရေထိန်းသိမ်းပေးမယ့် သစ်ပင်မရှိတော့ဘူး” ဟု ဒေသခံများကိုယ်စား ဦးလအောင်ကပြောသည်။
ဌာနေပြည်သူ့စစ်များ၏ စိုက်ပျိုးမြေသည် ဂွေထုကျေးရွာ ဝူဂန့်ဘွမ်တောင်အထက်ဘက်ပိုင်း တစ်ဖက်ခြမ်း၌သာဖြစ်ပြီး အောက်ဘက်အပိုင်းသည် နောင်းခူးကျေးရွာ၏ မြေဧရိယာများဖြစ်သဖြင့် အဆိုပါမြေကို မည်သူ့ကိုမျှ မပေးနိုင်ကြောင်းနှင့် ငှက်ပျောခင်းပြုလုပ်ရန်အတွက်ဆိုလျှင် ပို၍ပင်ခွင့်ပြုမပေးနိုင်ကြောင်း အမည်မဖော်လိုသူ ဒေသခံတောင်သူက ပြောသည်။
တောင်သူများက ၎င်းတို့စိုက်ပျိုးထားသည့် အပင်များအတွက် နစ်နာကြေးအပြင်ထိုမြေများကိုလည်း ပြန်လည်ရရှိလိုကြောင်း ပြောဆိုထားသော်လည်း ဦးစိုင်းမြင့်ညိုက တောင်သူတစ်ဦးတစ်ယောက်နှင့်မျှ ယနေ့တိုင်လာရောက်တိုင်ပင်ဆွေးနွေးခြင်းမရှိဘဲ နည်းပေါင်းစုံဖြင့် ခြိမ်းခြောက်မှုများသာပြုလုပ်နေကြောင်း တောင်သူများ၏ ပြောကြားချက်အရ သိရသည်။
ထိုဒေသတွင် တောင်သူများလုပ်ကိုင်လာခဲ့သည်မှာ နှစ်ပေါင်း ၂၀ ကျော်ကြာခဲ့ပြီဖြစ်ကာ ယင်းနေရာ၌ အခြေချနေထိုင်၍ နှစ်ရှည်ပင်စိုက်ပျိုးခြင်း၊ လယ်ယာစိုက်ပျိုးခြင်းတို့ဖြင့် ကျွဲ၊ နွား၊ ဝက်၊ ကြက်၊ ဘဲ တို့ကို မွေးမြူနေထိုင်နေသည့် အတွက် မြေယာဆုံးရှုံးသွားမည်ဆိုပါက ဒေသခံများ၏မိသားစုစားဝတ်နေရေး ပိုမိုခက်ခဲလာနိုင်သည်ဟု ဒေသခံများက ပြောသည်။
မွန်းမွန်းပန်၊ ခေါင်နုတ်







