ဇွန်၊၇
တိုက်ပွဲကြောင့် တိမ်းရှောင်နေရတဲ့ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့နဲ့ အနီးတဝိုက်ကျေးရွာက ကျောင်းသူ/ကျောင်းသား အများစု ကျောင်းတက်ရောက်နိုင်တာ မရှိသေးဘူးလို့ သိရပါတယ်။
တခြားမြို့နဲ့ ဒေသတွေမှာ ဇွန်လ ၃ ရက်နေ့ကနေ ကျောင်းဖွင့်ပြီး တက်ရောက်နေကြပြီဖြစ်ပေမဲ့ မိုးမောက်မြို့နဲ့ အနီးတဝိုက်က ကျောင်းသူကျောင်းသားတွေအပြင် မံစီမြို့ဘက်က ကျောင်းသူ၊ ကျောင်းသားတွေဟာ နေရပ်ကနေ တိမ်းရှောင်နေရဆဲ ဖြစ်ပါတယ်။
တိမ်းရှောင်နေတဲ့ နေရာမှာ ကျောင်းဖွင့်လှစ်ဖို့ရှိပေမဲ့ လတ်တလောအထိတော့ မဖွင့်သေးလို့ ကျောင်းသူ/သားတွေ ကျောင်းတက်ရောက်နိုင်တာ မရှိသေးဘူးလို့ ဒေါ့ဖုန်းယန်မှာ စစ်ရှောင်နေတဲ့ မိုးမောက်ဒေသခံတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို အခုလိုပြောပါတယ်။
“ကျောင်းမဖွင့်သေးဘူး။ ဖွင့်မှာလို့တော့ပြောတယ် ။ ဒီမှာ လာရှောင်နေတဲ့သူတွေထဲက တချို့ကတော့ စောင့်နေကြတယ်။ တချို့ကတော့လိုင်ဇာဘက်သွားထည့်ကြပြီ။ မတက်နိုင်သေးတဲ့ ကလေးတွေ အများကြီးရှိသေးတယ်။“လို့ ဆိုပါတယ်။
တိမ်းရှောင်နေတဲ့နေရာမှာ ကျောင်းဖွင့်လှစ်ရင် တက်ရောက်ဖို့ လုပ်ဆောင်နေကြတာရှိသလို တချို့ကတော့ လိုင်ဇာဒေသက ကျောင်းတွေဘက် သွားရောက်အပ်နှံကြတာ တွေရှိတယ်လို့လည်း သိရပါတယ်။
လတ်တလောထိတော့ ဒေါ့ဖုန်းယန်မှာ ကျောင်းဖွင့်ဖို့ ကိစ္စရပ်နဲ့ပတ်သက်ပြီး ဖွင့်လှစ်မယ့်အချိန် အတိအကျမသိရသေးပေမဲ့ ဇူလိုင်လပိုင်းမှာတော့ ဖွင့်လှစ်မယ့် အခြေအနေ ရှိတယ်လို့ ဒေသခံက ဆိုပါတယ်။
မိုးမောက်မြို့နဲ့ အနီးတဝိုက်ကျေးရွာက ဒေသခံပြည်သူတွေဟာ နွမ်လန့်၊ မြို့သစ်၊ ကုန်းလော နဲ့ ဒေါ့ဖုန်းဒေသ တလျှောက်မှာ တိမ်းရှောင်နေကြတာဖြစ်ပြီး စစ်ရှောင်လူဦးရေ ထောင်ကြီးပိုင်း ရှိတယ်လို့ သိရပါတယ်။
မိုးမောက်မြို့နဲ့ မံစီမြို့ဘက်မှာတော့ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်သလို စစ်ကောင်စီက လက်နက်ကြီးတွေ ပစ်ခတ်ပြီး လေယာဉ်တွေနဲ့ပါ ဗုံးကြဲတိုက်ခိုက်တာကြောင့် နေရပ်ပြန်လို့ မရသေးဘူးလို့ သိရပါတယ်။
နေရပ်မပြန်နိုင်သေးတာကြောင့် ဒေသခံတွေဟာ အခုနှစ် လယ်ယာလုပ်ငန်း မလုပ်ကိုင်နိုင် တော့မှာကို စိုးရိမ်နေကြတဲ့အပြင် ဝင်ငွေရလုပ်ငန်းတွေလည်း မလုပ်ကိုင် နိုင်တာကြောင့် စားဝတ်နေရေးခက်ခဲမှုတွေလည်း ရှိနေတယ်လို့ ဆိုပါတယ်။
မိုးမောက်မြို့နဲ့ အနီးတဝိုက်က ဒေသခံတွေဟာ ပြီးခဲ့တဲ့ ဧပြီလ အစောပိုင်းကတည်းက နှစ်ဖက် စစ်ရေးတင်းမာပြီး တိုက်ပွဲတွေပြင်းထန်လာတာကြောင့် နီးစပ်ရာကို တိမ်းရှောင်ခဲ့ကြရတာ ဖြစ်ပါတယ်။







