ဇွန်၊၂၄
ဆန်ဈေးနှုန်း ပိုမိုမြင့်တက်လာတာကြောင့် မြစ်ကြီးနားမြို့နယ်နဲ့ ဝိုင်းမော်မြို့နယ်က ကိုယ်ထူကိုယ်ထ သင်တန်းကျောင်းတွေဖြစ်တဲ့ မူးယစ်ကင်းစင်ပြန်လည်ထူထောင်ရေး ကျောင်းတွေမှာ စားဝတ်နေရေး ပိုမိုကြပ်တည်းလာတယ်လို့ သိရပါတယ်။
အရင်က ဆန်တစ်အိတ်ကိုကျပ် ၂ သောင်းကျော် သုံးသောင်းဝန်းကျင်သာ ရှိခဲ့ပေမဲ့ လက်ရှိမှာတော့ ကျပ် ၇ သောင်းကျော်၊ ၈ သောင်းလောက်ထိ ဈေးမြင့်တက်လာတာကြောင့် အခက်အ်ခဲဖြစ်နေရတဲ့ အခြအနေကို မြစ်ကြီးနားမြို့၊ နမ်ကျင်ကျေးရွာက ဂရုဏာလက် လူငယ်ပြုစုပျိုးထောင်ရေး သင်တန်းကျောင်း တာဝန်ခံ ဆရာတန်ရော်က အခုလို ပြောပြပါတယ်။
“ကျွန်တော်တို့ အရင်က သုံးနပ်စားတာ။ အခုက မနက် ၈ နာရီတစ်ခါ ညနေ ၅ နာရီမှာ တစ်ခါ ၊ ၂ နပ်ပဲ စားနိုင်တော့တာပေါ့။” လို့ ဆရာတန်ရော်က ဆိုပါတယ်။
လွန်ခဲ့တဲ့လက ဆန်တစ်အိတ် ကျပ် ၆ သောင်းကျော်နဲ့ ဝယ်စားခဲ့ပေမဲ့ အခုလမှာတော့ ၇ သောင်းကျော်လောက်အထိ မြင့်တက်သွားပြီး မိုတွင်းကာလရောက်လာတာကြောင့် ပိုမိုခက်ခဲလာတာ ဖြစ်တယ်လို့ ရှိလောင်လူငယ်ပြုပြင်ရေးသင်တန်းကျောင်း တာဝန်ခံ ဆရာနော်လာကလည်း အခုလို ပြောပါတယ်။
“ခက်ခဲတာက အမြဲတမ်းပေါ့နော်။ မိုးတွင်းဝင်လာတော့ ပိုခက်လာတာ။” လို့ ဆရာနော်လာက ဆိုပါတယ်။
မူးယစ်ကင်းစင်သင်တန်းကျောင်းတွေမှာ သင်တန်းသားတွေကို လစဉ်ကြေး သတ်မှတ်ထားတာတွေ ရှိပေမဲ့ အခက်အခဲအမျိုးမျိုးကြောင့် လစဉ်ကြေး မထည့်ဝင်နိုင်တဲ့ သင်တန်းသားတွေလည်း ရှိတယ်လို့ သိရပါတယ်။
မူးယစ်ကင်းစင် ပြန်လည်ထူထောင်ရေး သင်တန်းကျောင်းတွေဟာ မူးယစ်နွံထဲကျရောက်နေတဲ့ ညီကိုမောင်နှမတွေကို ကယ်တင်နိုင်ဖို့အတွက် မူးယစ်နွံထဲက လွတ်မြောက်လာသူတွေကနေ ကိုယ်ထူကိုယ်ထ ဖွင့်လှစ်ထားတာဖြစ်တယ်လို့ သိရပြီးတော့ ကူညီထောက်ပံ့မှုတွေလည်း လိုအပ်နေပါတယ်။
အာဏာသိမ်းကာလ နောက်ပိုင်းကနေစပြီး ကချင်ပြည်နယ်သာမက နိုင်ငံတစ်ဝန်း ဆန်ဈေးနဲ့ ကုန်စည်ဈေးနှုန်းတွေ တစ်ရိပ်ရိပ် မြင့်တက်နေတာဖြစ်ပြီး အလုပ်အကိုင်ရှားပါးတဲ့ကြားက ပြည်သူလူထုတွေ စားဝတ်နေရေး ခက်ခဲကြပ်တည်းနေကြသလို ဝေးလံခေါင်ဖျားတဲ့ ဒေသတွေဘက်မှာဆိုရင် ဆန်တစ်အိတ်ကို ကျပ်တစ်သိန်းကျော်အထိ ပေါက်ဈေးရှိနေတာပါ။







