နေ့စဉ်မှီဝဲ အသုံးပြုနေရတဲ့ ဆေးဝါးပစ္စည်းတွေ ဈေးမြင့်တက်သွားတာနဲ့ ငွေရေးကြေးရေး အဆင်မပြေမှုတွေကြောင့် ကျောက်ကပ်ဆေးကြော ကုသခံမှုယူနေတဲ့သူတွေ ဒီနောက်ပိုင်း အခက်အခဲပိုကြုံတွေ့နေရပါတယ်။
ဒေါ်လာဈေးတွေ မြင့်တက်တာနဲ့အမျှ နိုင်ငံခြားငွေနဲ့ တင်သွင်းရတဲ့ ကျောက်ကပ်ဆေးကြောသန့်စင်တဲ့ ဆက်စပ်ပစ္စည်းတွေအားလုံး ဈေးမြင့်တက်သွားတယ်လို့ ဆိုပါတယ်။
ကျောက်ကပ်ဆေးကြောသန့်စင်ရာမှာ အသုံးပြုတဲ့ အပ်တွေကအစ ဈေးမြင့်တက်တာကြောင့် ကျောက်ကပ်သန့်စင်ခတွေကလည်း လက်ရှိနှုန်းထားထက် ပိုမြင့်တက်နိုင်တဲ့ အခြေအနေရှိတယ်လို့ သိရပါတယ်။
မဖြစ်မနေ ကျောက်ကပ်သန့်စင်တာနဲ့ သွေးအားတိုးဆေး ထိုးတာတွေပဲ လုပ်ဆောင်နိုင်ပြီး ဆေးဝါးဈေးမြင့်တက်တာကြောင့် တချို့ဆေးဝါးတွေဆိုရင် ဝယ်မသုံးတာကြာပြီလို့ မြစ်ကြီးနားမြို့၊ ကဘူဒမ်းစစ်ရှောင်စခန်းက ကျောက်ကပ်ဆေးကုသခံယူနေတဲ့ မချန်ဆားရ်က ပြောပါတယ်။
” ဆေးဝါးတွေက တော်တော်တက်တယ်။ ဆေးဝါးက မသောက်နိုင်တဲ့ဟာ မသောက်ဘူး။ ဈေးကြီးတဲ့ဟာတွေဆိုရင်တော့ လုံးဝမသောက်တော့ဘူး ဒီနောက်ပိုင်း။“ လို့ မချန်ဆားရ်က အခက်အခဲကို ရှင်းပြပါတယ်။
အရင်က သုံးသောင်းကျပ်လောက်သာ ပေးရတဲ့ သွေးအားတိုးထိုးဆေးဟာ အခုဆိုရင် ကျပ် လေးသောင်းခွဲ လောက်အထိ မြင့်တက်သွားပြီး အရင်က တစ်ကဒ်ကို ခြောက်ထောင် ထောင်လောက်သာရှိတဲ့ ဆေးတွေဆိုရင်လည်း လက်ရှိ မှာတော့ တစ်သောင်းရှစ်ထောင်လောက်ထိ မြင့်တက်သွားတယ်လို့ သိရပါတယ်။
နဂိုထိုးနေတဲ့ ထိုးဆေးတွေ ဈေးမြင့်တက်သွားတာကြောင့် ဈေးနည်းတဲ့ သွေးအားတိုး ထိုးဆေး အစားထိုးအသုံးပြုတာတွေရှိလာပေမဲ့ အဲဒီဆေးဝါးတွေကလည်း ပြတ်လတ်တာနဲ့ ဝယ်ယူရတာတွေ ခက်ခဲတယ်လို့ ဝိုင်းမော်မြို့က ကျောက်ကပ်ဆေးကြောကုသမှုခံယူနေသူ တစ်ဦးကလည်း
“ဝယ်မထိုးနိုင်တော့ နည်းနည်းဈေးပေါတဲ့မျိုး ဝယ်ထိုးတယ်။ ဈေးသက်သာတဲ့ဟာတွေကလည်း မဝင်ဘူး။ နည်းနည်းခက်တာပေါ့။ အခုလောလောဆယ်မှာ အဲပစ္စည်းက နည်းနည်းပြတ်နေတယ်တဲ့။“ လို့ဆိုပါတယ်။
အလုပ်အကိုင်ရှားပါးပြီး ကုန်ဈေးနှုန်းတွေ တစ်ရွေ့ရွေ့မြင့်တက်လာတာနဲ့အမျှ ကြပ်တည်းလာတဲ့ မိသားစု စားဝတ်နေရေးကို ရင်ဆိုင်ဖြေရှင်းနေကြရသလို အပတ်စဉ် ကျောက်ကပ်သန့်စင်နေရတဲ့ နာတာရှည်ကျောက်ကပ်ဝေဒနာရှင်တွေလည်း ကျောက်ကပ် ပုံမှန်ဆေးကြောခံယူနိုင်ဖို့ ကြိုးစားရုန်းကန်နေရပါတယ်။
ပုံမှန် ကျောက်ကပ်မဆေးရင် သွေးအားနည်းပြီး မောတာ၊ အောက်စီဂျင်ကျတာ နဲ့ ခန္ဓာကိုယ်ဖောရောင်တာတွေကြောင့် ကျောက်ကပ်ဝေဒနာရှင်တွေအနေနဲ့ တစ်ပတ်ကို နှစ်ကြိမ် ဆေးကြောသန့်စင်ရမှာဖြစ်ပေမဲ့ ငွေရေးကြေးရေး အခက်အခဲတွေကြောင့် ပုံမှန် နှစ်ကြိမ် မဆေးနိုင်တဲ့သူတွေလည်း ရှိတယ်လို့ သိရပါတယ်။
စားဝတ်နေရေးနဲ့ ငွေရေးကြေးရေးအခက်အခဲတွေကြောင့် ဒီနောက်ပိုင်းဆိုရင် တစ်ပတ်တစ်ကြိမ်သာ ဆေးကြောခံယူနေပြီး တစ်ခါတလေဆိုရင် မဖြစ်မနေ ကျောက်ကပ်ဆေးတာပဲပြုလုပ်ပြီး သွေးအားထိုးဆေး မထိုးနိုင်တဲ့နေ့တွေလည်း ရှိတယ်လို့ မချန်ဆားရ်က သူ့ရဲ့အခက်အခဲကို ဆက်လက်ပြောပြပါတယ်။
” မဖြစ်ဖြစ်အောင် ရှာကြံပြီးမှ သွားရတာပေါ့။ သွေးဆေးက ပုံမှန်တစ်ပတ်တစ်ကြိမ်တော့ ထိုးရတယ်။ ဒါမဲ့ မထိုးနိုင်တဲ့ နေ့ဆိုရင်တော့ မထိုးဘူး။ ပိုက်ဆံ ပိုပိုလျှံလျှံလေး ပိုတဲ့နေ့ဆို ထိုးဖြစ်တယ်။” လို့ဆိုပါတယ်။
ပြည်သူ့ဆေးရုံမှာဆိုရင် ကျောက်ကပ်ဆေးခ သက်သာတာကြောင့် တစ်ပတ် ၂ ကြိမ်လောက် ဆေးနိုင်မှာဖြစ်ပေမဲ့ ပြည်သူ့ဆေးရုံကြီးမှာ ရေသန့်စက်ပျက်ကတည်းက မဆေးနိုင်သေးတာကြောင့် ပြင်ပဆေးရုံ၊ ဆေးခန်းတွေမှာ သွားရောက်သန့်စင်နေရတာဖြစ်ပြီး ကျောက်ကပ်တစ်ခါဆေးကြောခ ကျပ်ငါးသောင်းခွဲ ရှိတယ်လို့ ဆိုပါတယ်။
ဆေးဝါးဈေးမြင့်တက်တာကြောင့် အခက်အခဲရှိတာအပြင် တချို့ လူနာတွေဆိုရင် အဝေးကနေ လာရောက် ဆေးကြောခံရတဲ့သူတွေလည်း ရှိပါတယ်။
မြစ်ကြီးနားက သူတွေပဲမဟုတ်ဘဲ ဗန်းမော် ၊ မိုးကောင်း စတဲ့ မြို့နယ်တွေဘက်က လာရောက်ဆေးကြောခံယူတဲ့သူတွေလည်းရှိပြီးတော့ လမ်းခရီး စရိတ်တွေလည်း ပိုမိုကုန်ကျရတယ်လို့ သိရပါတယ်။
အစစအရာရာ ကုန်ဈေးမြင့်တက်မှုတွေကြား ကျောက်ကပ်ဆေးဖို့ သွားရတဲ့အချိန်က ဆိုင်ကယ် ဆီဖိုးတင် တစ်လကို ကျောက်ကပ်တစ်ခါဆေးခလောက်ကုန်ကျတယ်လို့ ဆိုပါတယ်။
ကျောက်ကပ်လူနာတွေ အဆင်ပြေအောင် လက်ရှိ ဆေးနေတဲ့နေရာက ဆေးခ ပုံမှန်သာ ထားပေးခဲ့ပေမဲ့ ပိုမိုမြင့်တက်လာတဲ့ ပစ္စည်းတွေကြောင့် ကျောက်ကပ်ဆေးခ တက်ဖို့ရှိတယ်လို့ ကြားသိရနေရပြီး ကျောက်ကပ်ဆေးခ ဒီထက်တက်သွားမယ်ဆိုရင် ပိုပြီးခက်ခဲလာမှာကို စိုးရိမ်နေတယ်လို့လည်း ဆိုပါတယ်။
နာတာရှည် ကျောက်ကပ်ဝေဒနာရှင်တွေအနေနဲ့ အပတ်စဉ် ကျောက်ကပ်ဆေးကြောခံယူနိုင်ဖို့ လိုအပ်တဲ့ငွေကြေးကို ကိုယ်တတ်နိုင်တဲ့ အလုပ်တွေလုပ်ပြီး ရုန်းကန်ရှာဖွေတာက တစ်ကြောင်း ကူညီပေးတဲ့ ဂရုတွေထဲက ထောက်ပံ့တာတွေနဲ့ သူငယ်ချင်း ၊ မိတ်ဆွေတွေက ကူညီပေးတဲ့ ငွေကြေးတွေနဲ့ တတ်နိုင်သမျှ ဆေးကြောနိုင်အောင် လုပ်ဆောင်ရတာပါ။
ဝေဒနာရှင်တွေအနေနဲ့ ကျောက်ကပ် တစ်ကြိမ်ဆေးနိုင်ဖို့ ဆေးကြောမယ့်ရက် မရောက်ခင်ကတည်းက ကျောက်ကပ်ဆေးခတွေ သွေးအားတိုးဆေးဖိုးတွေနဲ့ နောက်ထပ် လိုအပ်တဲ့ဆေးဝါးတွေရဲ့ ကုန်ကျငွေတွေအတွက် အကျပ်အတည်းတွေကြား ကြိုတင်တွေးပူနေရတာဖြစ်ပါတယ်။