မြစ်ကြီးနား၊ မေ၂၁
မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်က အသရေဖျက်မှုဖြင့် တရားစွဲဆိုထားသော ဆန္ဒပြအဖွဲ့ ဦးဆောင်သူသုံးဦးကို မြစ်
ကြီးနားမြို့နယ်တရားရုံးက မေလ၂၈ ရက်တွင် ဆက်လက်စစ်ဆေးသွားမည် ဖြစ်ကြောင်း သိရသည်။
လာမည့်ရုံးချိန်းတွင် တရားလိုဖြစ်သည့် ဒုတိယဗိုလ်မှူးကြီးမျိုးမင်းဦးကို စတင်စစ်ဆေးမည် ဖြစ်ကြောင်း သိရသည်။
တရားစွဲခံထားရသည့် ကိုဇော်ဂျတ်၊ ကိုလွမ်းဇောင်းနှင့် ဒေါ်နန်ပူတို့သုံးဦးအနက် ကိုဇော်ဂျတ်နှင့် ကိုလွမ်းဇောင်းတို့မှာ အမှုစတင်စစ်ဆေးသည့် မေလ ၁၆ ရက်နေ့က အာမခံရရှိခဲ့ပြီး ဒေါ်နန်ပူက ဒုတိယရုံးချိန်း မေ လ ၂၁ ရက်တွင် ရရှိခဲ့ကြောင်း သိရသည်။
ဒေါ်နန်ပူက သူမ၏အမှုအတွက် လိုအပ်သည်များကို ပြင်ဆင်နိုင်ရန် တရားသူကြီးထံ လျှောက်တင်ခဲ့သဖြင့်
တရားသူကြီးက တစ်ပတ်အတွင်း ပြင်ဆင်ရန်အချိန်ပေးခဲ့ပြီး ဒုတိယအကြိမ်ရုံးချိန်းတွင် အမှုကြားနာစစ်ဆေးမှုများမစတင်
နိုင်ခဲ့ကြောင်း သိရသည်။
ဧပြီလ ၃၀ ရက်က မြစ်ကြီးနားမြို့၌ ဆန္ဒပြခဲ့ကြသူများသည် တပ်မတော်၏ ဂုဏ်သိက္ခာကို ထိခိုက်အောင်ပြောဆိုခဲ့သည်ဟုဆိုကာ ကိုလွမ်းဇောင်း၊ ဦးဇော်ဂျတ်နှင့် ဒေါ်နန်ပူတို့ကို မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ဒုတိယဗိုလ်မှူးကြီးမျိုးမင်းဦးက တရားလိုပြုကာ မေလ ၁၅ ရက်တွင် ရာဇသတ်ကြီးပုဒ်မ ၅၀၀ ဖြင့် တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။
ပိတ်မိပြည်သူ လွတ်မြောက်ရေးနှင့် တိုက်ပွဲများရပ်တန့်ရေးတို့အတွက် မြန်မာနိုင်ငံဒေသ အသီးသီးတွင် ဦးဆောင်ဆန္ဒပြခဲ့ကြသဖြင့် အမှုဖွင့်ခံထားရသူ စုစုပေါင်း ၅၀ကျော်ရှိကြောင်း သိရသည်။
ခေါင်နုတ်







