နိုဝင်ဘာ ၅
လာမည့် ရွေးကောက်ပွဲတွင် အနိုင်ရပါတီနှင့် ကိုယ်စားလှယ်လာင်းများအား နိုင်ငံတကာအဆင့်မီ ပညာရေးစနစ်များနှင့် စစ်မှန်သည့် ငြိမ်းချမ်းရေးကို ဖော်ဆောင်ပေးစေလိုကြောင်း ပညာရေးဝန်ထမ်းအချို့က တောင်းဆိုနေကြသည်။
တိုင်းပြည်တိုးတက်ရန်အတွက် ပညာရေးကဏ္ဍသည် အဓိကကျသည့် အရာဖြစ်ပြီး စစ်မှန်သည့် ငြိမ်းချမ်းရေးသည်လည်း အရေးကြီးကဏ္ဍ တွင် ပါဝင်နေကြောင်းလည်း ပြောသည်။
“မြန်မာနိုင်ငံကပေးတဲ့ ဘွဲ့တွေဘယ်လောက်ပဲ ထပ်ပြီးရနေပါစေ။ သူများနိုင်ငံနဲ့ ယှဉ်လိုက်ရင် နိမ့်ကျနေတာ တွေ့ရတယ်။ ကလေးတွေက အရမ်းတော်ကြတယ်။ ဒါပေမယ့် ပညာရေးက ရသင်ရထိုက်တဲ့ အခွင့်အရေးတွေကို ပိတ်ထား ပေးသလို ဖြစ်နေတယ်။ နိုင်ငံတစ်နိုင်ငံတိုးတက်ဖို့က ပညာရေးကို မြင့်တင်နိုင်မှရမှာပါ။” ဟု အထက်တန်းကျောင်းဆရာမဒေါ်ဆိုင်းမိုင်ကပြောသည်။
ပညာရေးဝန်ထမ်းများကိုလည်း အစိုးရကထောက်ပံ့မှုတွင် အားနည်းနေသည့်အတွက် ထပ်မံသင်ကြားရမည့် ဗဟုသုတများကို မလေ့လာမဆည်းပူးနိုင်သည့်အပြင် ဝေးလံခေါင်ဖျားသည့် ဒေသများတွင် တာဝန်ကျ ဝန်ထမ်းများအနေဖြင့် အစစ အရာရာခက်ခဲမှုများ ကြုံတွေ့နေသည်ဟုလည်း အထက်ပါ ဆရာမမှ ရှင်းပြသည်။
“အစားအသောက်တွေ၊ သင်ထောက်ကူပစ္စည်းတွေ၊ လမ်းပန်းဆက်သွယ်ရေးတွေနဲ့ အစစ အရာရာမှာ အခက်အခဲတွေ အမျိုးမျိုးကြုံရတယ်။ လက်တွေ့သင်ကြားမှုပိုင်းတွေဆို မလုပ်နိုင်တဲ့အနေအထားတွေရှိပါတယ်။” ဟုဆရာမက ဆက်လက်ပြောသည်။
ယင်းပြင်နောက်တက်လာမည့် အစိုးရသစ်အနေဖြင့် ပညာရေးကဏ္ဍကို အာရုံစိုက်ပြီး ပညာရေး ဘတ်ဂျတ်များအား ထပ်တိုး အသုံးပြုစေလိုကြောင်း၊ ကျောင်းသားများနှင့် မိဘတွေ အားလုံးမှ ကိုယ်စားပြုဖွဲ့စည်းထားသော ကျောင်းသားသမဂ္ဂ၏ အသံကို နားထောင်ကာ ပညာရေးကဏ္ဍ မှ ငြိမ်းချမ်းရေး ကဏ္ဍအထိ ဆက်စပ်မှုရှိသော ပညာရေးကို ဖော်ဆောင်ပေးရန်အတွက် အလိုရှိကြောင်းလည်း တောင်းဆိုကြသည်။
“တိုင်းရင်သား တွေရဲ့စာပေတွေနဲ့ သမိုင်းတွေကို ပညာရေးကနေအသိအမှတ်ပြုခြင်းအားဖြင့် တချို့ ပဋိပက္ခဖြစ်လာနိုင်တဲ့အရာတွေကို လျော့ပြီးသာဖြစ်သလို အချင်းချင်းကြားမှာလည်း တန်ဖိုးထားပြီး ဖော်ဆောင်နိုင်ဖို့မျှော်လင့်ပါတယ်။ ပညာရေးကဏ္ဍ ကနေ ငြိမ်းချမ်းရေးကဏ္ဍအထိ ဆက်စပ်မှုရှိသွားနိုင်ပြီး အများကြီးအကျိုးပြုမယ်လို့မျှော်လင့်ပါတယ်။” ဟု တက္ကသိုလ်ကျောင်းသား ကိုမျိုးထက်နိုင်လင်းကပြောသည်။
နောက်ထပ်အနေဖြင့်လည်း တက်လာမယ့် အစိုးရအနေဖြင့် အစမ်းသပ်ခံ ပညာရေးပြုလုပ်မည်ကို စိုးရိမ်နေကြောင်းနှင့် နိုင်ငံရေးအပြောင်းအလဲကြားတွင် ကလေးတွေ၏ အနာဂတ်ကို များစွာ ထိခိုက်မှုဖြစ်မည်ကို လည်းစိုးရိမ်နေကြောင်းလည်း ပြောသည်။
“ဟိုဝန်ကြီးကတစ်မျိုး ဒီဝန်ကြီးက တစ်မျိုးနဲ့ ပညာရေးကို အခုတစ်မျိုး တော်ကြာတစ်မျိုး လုပ်မှာကို စိုးရိမ်နေပါတယ်။ ၂၁ ရာစုရဲ့ ပြည်ဝတဲ့ လုပ်ငန်းခွင်၊ ကိုယ့်ဘဝအတွက် စဉ်းစားနိုင်ရမယ့် ပညာတွေကို စဉ်းစား တွေးခေါ်လာနိုင်ရင်တော့ အဆင်ပြေပါတယ်။ ကလေးတွေရဲ့ဘဝတွေ ခဏခဏ အစမ်းသပ်ခံ ဖြစ်လာမှာကို အဓိကစိုးရိမ်းမှုရှိပါတယ်။” ဟု တက္ကသိုလ်ကျောင်းသားကိုမျိုးထက်နိုင်လင်းကပြောသည်။
အနိုင်ရပါတီများအနေနဲ့ လူငယ်များအတွက် အလုပ်အကိုင်အခွင့်အလမ်း၊ စနစ်ကျသည့် ပညာရေး၊ မငြိမ်းချမ်းသေးတဲ့ နိုင်ငံရေးပြဿနာ၊ လမ်းပန်းဆက်သွယ်ရေးခက်ခဲမှုများ၊ နိုင်ငံသားတစ်ဦးချင်းစီ၏ လွတ်လပ်စွာ ပြောဆိုနိုင်ခွင့်များ ကို ရရှိအောင်လုပ်ပေးစေလိုကြောင်းလည်း လူငယ်တစ်ဦးကတောင်းဆိုသည်။
ဘွဲ့ရလူငယ်များအတွက် အလုပ်အကိုင်အခွင့်အလမ်း ဖွင့်ပေးမှု အားနည်းခြင်းများ ရှိသည့်အပြင် မြန်မာနိုင်ငံမှ ဘွဲ့တစ်ခုခုရရှိထားသော်လည်း မိမိရရှိသည့် ဘွဲ့နှင့်ကိုက်ညီသော အလုပ်များ မရှိတဲ့အတွက် ကြောင့် လူငယ်များ အနေဖြင့် ဘဝရပ်တည်ရေး၊ ဘဝရည်းမှန်းချက်ပန်းတိုင်းပျောက်ဆုံးနေရကြောင်း သိရသည်။
မွန်းမွန်းပန်







