နေပြည်တော်၊ ဇူလိုင် ၁၆
ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ (၂၁ရာစုပင်လုံ) တတိယအကြိမ်အစည်းအဝေး ကျင်းပနိုင်ခြင်း သည် ငြိမ်းချမ်းရေးအတွက် အောင်မြင်သည့် ခြေလှမ်းတစ်လှမ်း ဖြစ်သည်ဟု ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ(UPDJC) နိုင်ငံရေးပါတီများအဖွဲ့ဝင် ဒေါက်တာတူးဂျာက ပြောသည်။

“ညီလာခံကို နောက်သုံးကြိမ်လောက်ကျင်းပနိုင်ရင် ဖက်ဒရယ်မှုတွေ ချမှတ်တာကုန်လောက်တယ်။ အဲ့ဒီအချိန် ညီလာခံ ဆက်လက်ကျင်းပစရာမလိုတော့ဘဲ နောက်တစ်ဆင့်ဖြစ်တဲ့ ပြည်ထောင်စု သဘောတူညီချက်စာချုပ် ချုပ်သွားဖို့ဖြစ်တယ်။ ဒါကြောင့် ဒီတစ်ခေါက် ညီလာခံကျင်းပနိုင်ခြင်းဟာ အရေးကြီးတဲ့ ငြိမ်းချမ်းရေးအတွက် အရေးကြီးတဲ့ ခြေလှမ်းတစ်လှမ်း လှမ်းလိုက်တာပဲဖြစ်ပါတယ်”ဟု ဒေါက်တာတူးဂျာက ပြောသည်။
၂၁ရာစုပင်လုံ တတိယအကြိမ်အစည်းအဝေး နောက်ဆုံးပိတ်ပွဲအခမ်းအနားတွင် ကဏ္ဍလေးခုမှ အချက်ပေါင်း ၁၄ ချက်ကို ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း(၂)အဖြစ် လက်မှတ်ရေးထိုးခဲ့ကြသည်။
UPDJC မှ တင်သွင်းလာသည့် ကဏ္ဍအလိုက် စုစည်းချက်များကို အစိုးရ၊ တပ်မတော်၊ လွှတ်တော်၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် နိုင်ငံရေးပါတီအစုအဖွဲ့များက အဆင့်ဆင့်ဆွေးနွေးကာ ရရှိလာသောအဆိုပြုချက်များကို ပြည်ထောင်စုသဘောတူစာချုပ်၏ အစိတ်အပိုင်း ၂ အဖြစ် သဘောတူညီမှုရရှိကာ လက်မှတ်ရေးထိုးနိုင်ခဲ့သည်။
နိုင်ငံရေးကဏ္ဍတွင် ကျား/မဆိုင်ရာတန်းတူညီမျှမှု ခေါင်းစဉ်မှ ၄ ချက်၊ စီးပွားရေးကဏ္ဍတွင် ၁ ချက်၊ လူမှုရေးကဏ္ဍတွင် ၇ ချက်၊ မြေယာ နှင့် သဘာဝပတ်ဝန်းကျင် ကဏ္ဍတွင် ၂ ချက် စုစုပေါင်း ၁၄ ချက်ကို ညီလာခံနောက်ဆုံးနေ့တွင် ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း(၂)အဖြစ် လက်မှတ်ရေးထိုးခဲ့ခြင်း ဖြစ်သည်။
ယခုကဲ့သို့ ညီလာခံနောက်ဆုံးရက်တွင် အချက်ပေါင်း ၁၄ ချက်ကို ချုပ်ဆိုအတည်ပြုနိုင်သည့် အတွက် နောက်ထပ်ငြိမ်းချမ်းရေးဆွေးနွေးပွဲအတွက် လမ်းပွင့်သွားပြီ ဟုလည်း PNLO ဒုဥက္ကဋ္ဌ ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ(UPDJC) အတွင်းရေးမှူးခွန်မြင့်ထွန်းက ဆိုသည်။
“ဒီနေ့ ညီလာခံ ရလဒ်မှာ ၁၄ ချက်ပဲ ရတယ်ဆိုပေမယ့် နောင် ဆွေးနွေးဖို့အတွက်တော့ လမ်းတွေအများကြီး ပွင့်သွားပြီဖြစ်တယ်၊ နောက် ငြိမ်းချမ်းရေးဖြစ်စဉ်က ရပ်တန့်မနေဘူး ရှေ့ကို ဆက်နေတယ်ဆိုတာ ကျွန်တော်တို့ ပြသနိုင်ပါတယ်”ဟု ခွန်မြင့်ထွန်းက ပြောသည်။
ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း(၂)အဖြစ် ၁၄ ချက်သာ ရရှိခဲ့သော်လည်း အခြေခံမှုများရရှိလာရန် အစုအဖွဲ့အလိုက် တင်သွင်းလာသည့်စာတမ်းများကို အခြေခံပြီး အကျေအလည်ဆွေးနွေးညှိနိုင်းမှုမှ ရရှိလာခြင်းဖြစ်သည်။
ညီလာခံနောက်ဆုံးနေ့က နိုင်ငံတော်၏ အတိုင်အပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ပြောကြားရာတွင် “ဒီအခြေခံမူတွေ ရရှိလာအောင် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေနဲ့ အစုအဖွဲ့အလိုက် တင်သွင်းလာတဲ့စာတမ်းတွေကိုအခြေခံပြီး လုပ်ငန်းကော်မတီ အစည်းအဝေး UPDJC အစည်းအဝေးနဲ့ ညီလာခံအစည်းအဝေးမှာ အကျေအလည် ဆွေးနွေးညှိနှိုင်းပြီးရရှိလာတာဖြစ်တဲ့အတွက် အစုအဖွဲ့အားလုံး သဘောတူညီမှုတွေ ရရှိအောင် ရှာဖွေနိုင်ခဲ့တာဟာ ကျွန်မတို့အတွက် ဝမ်းမြောက်စရာ ဂုဏ်ယူစရာ ဖြစ်နေမှာပါ”ဟု ပိတ်ပွဲနေ့မိန့်ခွန်းတွင်ထည့်သွင်း ပြောဆိုခဲ့သည်။
ယင်းသဘောတူညီချက်၁၄ချက်ကို အစိုးရအစုအဖွဲ့မှ ဒေါက်တာတင်မျိုးဝင်း၊ လွှတ်တော် အစုအဖွဲ့မှ ဦးအောင်စိုး၊ တပ်မတော် အစုအဖွဲ့မှဗိုလ်ချုပ်စန်းမြင့်၊ တိုင်းရင်းသားလက်နက်ကိုင် အစုအဖွဲ့မှ ဒေါက်တာဆလိုင်းလျံမှုန်းဆာခေါင်းနှင့် နိုင်ငံရေးပါတီ အစုအဖွဲ့မှ ဦးသုဝေတို့က ပြည်ထောင်စု သဘောတူညီမှု စာချုပ်အစိတ်အပိုင်း ၂ တွင် ကိုယ်စားလှယ်အဖြစ် လက်မှတ်ရေးထိုးခဲ့သည်။
“နိုင်ငံရေးကို ဘာနဲ့ဖြေရှင်းမလဲဆိုရင် တွေ့ဆုံဆွေးနွေးပွဲညီလာခံဟာ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနဲ့ဖြေရှင်းတဲ့ စားပွဝိုင်းဖြစ်တယ်။ ရပ်ထားရင် ဘယ်လိုမှဖြေရှင်းလို့မရဘူး ညီလာခံ ကျင်းပနိုင်တာကိုက တော်တော်လေးကိုအကျိုးရှိနေပြီ။ ချမှတ်နိုင်သလောက်ဟာ အရေးကြီးပါတယ် အားရတယ် များများမချမှတ်နိုင်တာတစ်ခုပါပဲ ရသလောက်ရထားတာက အကျိုးရှိပါတယ်”ဟု ဒေါက်တာတူးဂျာက ထပ်မံပြောဆိုသည်။
ညီလာခံ နောက်ဆုံးနေ့တွင် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံတတိယအကြိမ် အစည်းအဝေး၏ သဘောထားထုတ်ပြန် ကြေညာချက် ထုတ်ပြန်ခဲ့သည်။
အဆိုပါ ထုတ်ပြန်ချက်တွင် နောက်ထပ်ညီလာခံများကို ယခုနှစ် ၂၀၁၈ ခုနှစ်အတွင်းတွင် နောက်ထပ်တစ်ကြိမ် ကျင်းပနိုင်ရေးနှင့် ၂၀၁၉ ခုနှစ်တွင် ၂ ကြိမ် ကျင်းပနိုင်ရေးတို့ ပါရှိသည်။
ဆက်လက်ကျင်းပမည့် ညီလာခံ တစ်ကြိမ်စီတိုင်းတွင် ဦးတည်သည့် အဆင့်ဆင့်သော အစည်းအဝေးများကို အောင်မြင်စွာကျင်းပပြီး ညီလာခံ ၃ ကြိမ်တွင် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်တို့ကို အခြေခံသည့် ပြည်ထောင်စု၏ အခြေခံအုတ်မြစ်အဖြစ် ဒီမိုကရေစီနှင့်ဖက်ဒရယ်ဆိုင်ရာမှုများကို ချမှတ်နိုင်ရေး စသည်တို့ကို ထုတ်ပြန်ကြေညာချက်တွင် ရေးသားဖော်ပြထားသည်။
၂၁ ရာစုပင်လုံ ဒုတိယအစည်းအဝေးတွင် ကဏ္ဍလေးခုမှ အချက်ပေါင်း ၃၇ ချက်သဘောတူခဲ့ပြီး ယခုညီလာခံတွင် ၁၄ ချက်ကို သဘောတူနိုင်ခဲ့သည် ပြည်ထောင်စုသဘောတူစာချုပ်တွင် အချက် ပေါင်း ၅၁ ချက်ကို ထည့်သွင်းလက်မှတ်ရေးထိုးနိုင်ခဲ့ခြင်းလည်း ဖြစ်သည်။
တတိယအကြိမ် ညီလာခံအစည်းအဝေးအား နေပြည်တော်ရှိ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း ဗဟိုဌာန ၂ တွင် ဇူလိုင် ၁၁ ရက်နေ့မှ ၁၆ ရက်နေ့ထိ ကျင်းပပြုလုပ်ခဲ့ပြီး ညီလာခံသို့ အစုအဖွဲ့အားလုံးမှ ညီလာခံကိုယ်စားလှယ် ၇၀၀ ဦး၊ အထူးဖိတ်ကြား၍ တက်ရောက်သူ ၂၉ ဦး၊ လေ့လာသူ ၂၀၄ ဦး၊ အကျိုးဆောင် ၂၇ ဦးနှင့် အထောက်အကူပြု ၁၅၂ ဦး တက်ရောက်လာသူ စုစုပေါင်း ၁၁၁၂ ဦးတွင် အမျိုးသမီး ၂၂ ရာခိုင်နှုန်းခန့် တက်ရောက်ခဲ့ကြသည်။
Salai







