ဖေဖော်ဝါရီ (၄)
မည်သည့်ရွေးကောက်ပွဲ မဆို လွတ်လပ်ပြီးတရားမျှတပါက ကချင်ပြည်နယ် ပြည်သူ့ပါတီ(KSPP) အနေဖြင့် ပါဝင်ယှဉ်ပြိုင်သွားရန်စဉ်းစားမည်ဟု (KSPP) ဥက္ကဌ ဒေါက်တာတူးဂျာကပြောသည်။
ဒေသအတွင်းတည်ငြိမ်ကာ တစ်ဦးနှင့်တစ်ဦး တင်းမာမှုများ လျော့ကျပြီး ပြဿနာများ ပြေလည်အောင်ပြုလုပ်ပြီးနောက် လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲ ထပ်မံကျင်းပရန် တပ်မတော်အစိုးရမှ ပြောကြားထားကြောင်း၊ ထိုသို့ပြုလုပ်ပါက ၎င်းတို့ ပါတီအနေဖြင့် တရားဝင်ပါတီဖြစ်သည့်အတွက် လွတ်လပ်ပြီးတရားမျှတပါက ပါဝင်ယှဉ်ပြိုင်ရန်စဉ်းစားသွားမည်ဖြစ်ကြောင်း ဒေါက်တာတူးဂျာက မြစ်ကြီးနားသတင်းဂျာနယ်သို့ ပြောသည်။
“အဲဒီမှာ မပါဝင်ဘူးဆိုလို့ရှိရင် ပါတီဖျက်သိမ်းရမှာပဲ။ ရွေးကောက်ပွဲမှာ (၃) နေရာကတောင် ဝင်ရောက်ယှဉ်ပြိုင်ခြင်း မရှိဘူးဆိုရင် တရားမဝင်ပါတီဖြစ်သွားမယ်။ ကျွန်တော်တို့ပါတီက တရားဝင်ပါတီအနေနဲ့ ဆက်ရှိနေဦးမှာပဲ။ ပြည်သူအများ လက်ခံနိုင်တဲ့ ရွေးကောက်ပွဲလုပ်မယ်ဆိုရင် ကျွန်တော်တို့ ပါတီအနေနဲ့ ပါဝင်ယဉ်ပြိုင်သွားမယ်။” ဟု ဒေါက်တာတူးဂျာက ဆိုသည်။
အာဏာသိမ်းသည့်ဖေဖော်ဝါရီ (၁) ရက်နေ့က မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူးက (KSPP)ပါတီအပြင် ကချင်ပြည်နယ်အတွင်းရှိ တိုင်းရင်းသားပါတီများနှင့် တွေ့ဆုံကာ အာဏာသိမ်းရခြင်းအကြောင်းအရင်းများကို ရှင်းပြသွားခဲ့ကြောင်းလည်း သိရသည်။
 
            
