တိုက်ပွဲကြောင့် ပိတ်မိနေသော ပြည်သူများအား ကယ်ထုတ်ရေး ပြည်သူ ၅ ထောင်ကျော် ဆန္ဒထုတ်ဖော်

2080

ဖေဖော်ဝါရီ ၆

တိုက်ပွဲများကြောင့် ပိတ်မိနေသည့် စစ်ဘေးသင့်ပြည်သူများအား ကယ်ထုတ်နိုင်ရေးအတွက် ဖေဖော်ဝါရီလ ၅ ရက်နေ့တွင် ကချင်ဒေသခံ ၅၀၀၀ကျော် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

အဆိုပါ ဆန္ဒဖော်ထုတ်ကြသည့် ပြည်သူများသည် မြစ်ကြီးနားစီတာပူရှိ မနောင်ကွင်းတွင် နံနက် ၉ နာရီအချိန်၌ စတင်စုဝေးပြီး ဗီနိုင်း၊ ဆိုင်းဘုတ်များကိုင်ဆောင်ကာ မြစ်ကြီးနားမြို့အတွင်းသို့ လှည့်လည်ဟစ်ကြွေး၍ ဆန္ဒထုတ်ဖော်ခဲ့ကြခြင်း ဖြစ်သည်။

စီတာပူမနောကွင်း

ထိုပြည်သူ ၅၀၀၀ ကျော်သည် မြစ်ကြီးနားမြို့နယ်နှင့် ၀ိုင်းမော်မြို့နယ်မှ ဒေသခံများဖြစ်ပြီး ၎င်းတို့ထဲတွင် စစ်ရှောင်စခန်းမှ ပြည်သူများလည်းပါဝင်ကြောင်း သိရသည်။

တိုက်ပွဲများကြောင့် ပိတ်မိနေသည့် ပြည်သူလူထုများ အမြန်ဆုံးလွတ်မြောက်လာရေးနှင့် ပိတ်မိနေသည့် ပြည်သူများအား စားနပ်ရိက္ခာ အမြန်ဆုံး ထောက်ပံ့ပေးနိုင်ရန်အတွက် ယခုကဲ့သို့ ဆန္ဒထုတ်ဖော်ရခြင်းဖြစ်ကြောင်း စစ်ဘေးသင့်ပြည်သူများအား အရေးပေါ် ကယ်ဆယ်ကူညီရေး ကော်မတီမှ ဥက္ကဋ္ဌဦးဇော်ဂျတ်က မြစ်ကြီးနားသတင်းဂျာနယ်သို့ ပြောသည်။

၎င်းတို့အနေဖြင့် ကချင်ပြည်နယ် ၀န်ကြီးချုပ်နှင့် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးတို့နှင့် တွေ့ဆုံရန်အကြိမ်ကြိမ် ကြိုးစားခဲ့သော်လည်း တွေ့ခွင့်မရရှိခဲ့သည့်အတွက် ယခုကဲ့သို့ ဆန္ဒထုတ်ဖော်ခြင်းဖြစ်ကြောင်းလည်း ၎င်းကဆက်လက်ပြောသည်။

“တိုင်းမှူးရယ်၊ ၀န်ကြီးချုပ်ရယ်နဲ့ တွေ့ဖို့ချိန်းတယ်။ ဒါပေမယ့် တွေ့ခွင့်မရခဲ့သလို ဘာမှအကြောင်းပြန်တာလည်း မရှိဘူး။ စာတင်ရင်လည်း ဘာမှ အကြောင်းမထူးတော့ လူထုနဲ့အတူ အခုလို ဆန္ဒထုတ်ဖော်ရခြင်းဖြစ်တယ်”ဟု ဦးဇော်ဂျတ်က ဆန္ဒပြပွဲပြုလုပ်ခြင်းနှင့် ပတ်သက်၍ ရှင်းပြသည်။

ယခုကဲ့သို့ ဆန္ဒထုတ်ဖော်ပြီးသည့် နောက်တွင်လည်း မည်သည့်ထူးခြားမှုမျှ မရရှိပါက မိမိတို့ ကော်မတီအနေဖြင့်အစည်းအဝေး ပြန်လည်ပြုလုပ်၍ ဆက်လက်ဆောင် ရွက်သွားမည်ဖြစ်ကြောင်း  စစ်ဘေးသင့်ပြည်သူများအား အရေးပေါ် ကယ်ဆယ်ကူညီရေး ကော်မတီမှ ဒုတိယအတွင်းရေးမှူးဒေါ်နန်ပူက ပြောသည်။

“တိုင်းမှူးနဲ့တွေ့ဖို့ လုပ်တယ်။ လုံးဝအတွေ့မခံဘူး။ နည်းအမျိုးမျိုးနဲ့ ကြိုးစားတယ်။ မအားဘူးပဲ ပြောတယ်။ သုံးရက်တိတိ စောင့်တယ်။ နောက်ဆုံး အတွေ့မခံတဲ့အတွက် အခုလို ဆန္ဒထုတ်ဖော်ရတာဖြစ်တယ်။ ဆန္ဒထုတ်ဖော်ပေမယ့်လည်း ထူးခြားမှု ထပ်မရှိဘူးဆိုရင်တော့ တိုက်ပွဲဆက်ဝင်ရမှာပဲ”ဟု ဒေါ်နန်ပူကပြောသည်။

တိုက်ပွဲများကြားတွင် ပိတ်မိနေပြီး စားနပ်ရိက္ခာများ ပြတ်တောက်၍ ဒုက္ခရောက်နေသည့်  ထောင်ချီသော ပြည်သူများကို အစိုးရအနေဖြင့် အမြန်ဆုံး ကူညီပေးစေလိုကြောင်း ဦးဇော်ဂျတ်ကပြောသည်။

“အင်မတန်မှ အန္တရာယ်ကြီးတဲ့တိုက်ပွဲကြားမှာ ပိတ်ပိနေတဲ့အချိန်  အစိုးရကို အသံထွက်စေချင်တယ်။ နည်းလမ်းရှာပြီးတော့ ကူညီဖို့၊ လမ်းကြောင်းတွေဖွင့်ပေးဖို့ ပြီးတော့ ပိတ်မိနေသူတွေ အမြန်ဆုံး ထွက်လာနိုင်အောင်လုပ်ဖို့ တိုက်တွန်းချင်တယ်”ဟု ဦးဇော်ဂျတ်က ဆက်လက်ပြောသည်။

ဆန္ဒပြပွဲ ပြုလုပ်နေချိန်တွင် ပါဝင်ဆန္ဒပြသူများ ဟစ်ကြွေးသော ဆောင်ပုဒ်အချို့ကို ဆက်လက်ဟစ်ကြွေးခြင်းမပြုရန် ကချင်ပြည်နယ်ရဲမှူးကြီးက ဖုန်းဆက်၍ သတိပေးတားဆီးခဲ့ကြောင်း ဦးဇော်ဂျတ်ကပြောသည်။

“ဗုံးကျဲခြင်းကို ချက်ချင်းရပ်၊ ပြည်သူတွေကို ပစ်မှတ်ထားပြီး လေယာဉ်နဲ့ဗုံးကျဲတာ၊ ပြည်သူကို ဓားစားခံအဖြစ် လူသားဒိုင်းအဖြစ် အသုံးပြုတာကို ရှုတ်ချတယ်ဆိုတဲ့ဟာတွေလည်း မထည့်ခိုင်းဘူး။ အပြစ်မဲ့ပြည်သူတွေကို ရက်ရက်စက်စက်သတ်ဖြတ်တယ်ဆိုတာတွေ ပိတ်ပင်မှုတွေရှိပါတယ်။ ၈ ကြိမ်လောက် ရှိမယ်။ တောက်လျှောက်ဖုန်းဆက်တယ်”ဟု ဒေါ်နန်ပူကရှင်းပြသည်။

ဦးဇော်ဂျတ်ကလည်း  “ရဲစခန်းမှာတင်ထားတဲ့ စာသားတွေကိုတော့ ခွင့်ပြုတာပေါ့။ ပြည်သူတွေ ဒိုင်းလုပ်တာ၊ ဗုံးကျဲတာ၊ ဗုံးကျဲခြင်းကြောင့် အရပ်သားပြည်သူတွေ သေရတယ်ဆိုတာတွေကို မအော်ခိုင်းတာ”ဟု ပြောပြသည်။

ဆန္ဒထုတ်ဖော်သည့် ဖေဖော်ဝါရီ ၅ ရက်နေ့တွင် စစ်ဘေးသင့်ပြည်သူများအား အရေးပေါ် ကယ်ဆယ်ကူညီရေး ကော်မတီက ပိတ်မိနေသည့်ပြည်သူလူထုကို လိုအပ်သောကူညီထောက်ပံ့မှုများ ပြုလုပ်ရာတွင် ဟန့်တားခြင်းမပြုရန် နှင့် သက်ဆိုင်ရာက လွတ်လပ်စွာကူညီပံ့ပိုးခွင့်ပြုရန် သဘောထားထုတ်ပြန်ချက် ထုတ်ပြန်ခဲ့သည်။

ထို့အပြင် အဆိုပါကော်မတီက ဇန်န၀ါရီလ ၃၀ ရက်တွင်ပိတ်မိနေသော စစ်ဘေးသင့် ပြည်သူများအား ကယ်ထုတ်နိုင်ရေးအတွက် မြောက်ပိုင်းတိုင်းစစ်ဌာချုပ်တိုင်းမှူးထံ အကူအညီတောင်းခံစာ ပေးပို့ထားသည်ဟု သိရသည်။

တပ်မတော်နှင့် ကေအိုင်အေ တပ်ဖွဲ့အကြားဖြစ်ပွားနေသည့် တိုက်ပွဲကြောင့် ဒေသခံ ပြည်သူ ၃၅၀၀ ခန့်သည် တနိုင်းဒေသတွင် ပိတ်မိနေကြောင်း၊ ပိတ်မိနေသော ပြည်သူများအနက် အချို့မှာ ဇန်န၀ါရီလ ၃၁ ရက်တွင် ပြန်လည်လွတ်မြောက်လာပြီး တနိုင်းမြို့သို့ ရောက်ရှိနေပြီဖြစ်ကြောင်း သိရသည်။

Salai

LEAVE A REPLY

Please enter your comment!
Please enter your name here