ဇူလိုင်၊၁၈
ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ်အတွင်းက စစ်ရေးအခြေအနေကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ ကျေးရွာသုံးခုက ကလေးတွေ ပညာသင်ကြားနိုင်ဖို့ ကျောင်းသုံးကိရိယာတွေနဲ့ သင်ထောက်ကူပစ္စည်းတွေ လိုအပ်နေတယ်လို့ သိရပါတယ်။
အထက်ပါ ကလေးတွေဟာ ဆွမ်ပီယန်ကျေးရွာနဲ့ အနီးအနားက ဝဒတ်နဲ့ အင်ဆီယန်းကျေးရွာတွေက ဖြစ်ပါတယ်။
ပူတာအိုမြို့ဘက်ကနေ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်သား ၁၀၀ ကျော်ဟာ မေလ ၁၁ ရက်နေ့က ဆွမ်ပီယန်ကျေးရွာအတွင်း ရောက်ရှိလာပြီး ရွာအတွင်းက တပ်စခန်းမှာပဲ စခန်းချနေထိုင်ခဲ့ပါတယ်။
အဲဒီနောက်ပိုင်း ရွာအတွင်းမှာ ဒရုန်း၊ လက်နက်ကြီး/ငယ် ပစ်ခတ်သံတွေ ကြားလာရတဲ့အတွက် အဲဒီကျေးရွာသုံးခုက ဒေသခံပြည်သူတွေဟာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်သွားကြတာပါ။
တောတောင်တွေထဲ နှစ်လကျော်ကြာ ထွက်ပြေးခဲ့ရတဲ့အတွက် ကျေးရွာသုံးခုက ကလေး ၁၇၀ ကျော်ဟာ ပညာရေးနောက်ကျလာတာကြောင့် လက်ရှိ ထွက်ပြေးတိမ်းရှောင်နေတဲ့ စစ်ရှောင်စခန်းအတွင်းမှာပဲ ပညာသင်ကြားနိုင်ဖို့အရေး စီစဉ်လာကြတာလို့ သိရပါတယ်။
လက်ရှိအချိန်မှာတော့ ကချင်လွတ်လပ်ရေးအဖွဲ့အစည်း(KIO)ကနေ ချပေးတဲ့ ကျောင်းအုပ်တစ်ဦးနဲ့ စစ်ရှောင်စခန်းအတွင်းက စစ်ရှောင်စခန်းကော်မတီကနေ ခန့်အပ်တဲ့ ကျောင်းဆရာ/မတွေပါ ပေါင်းရင် စုစုပေါင်း ၁၄ ဦးနဲ့ သင်ကြားသွားဖို့ စီစဉ်ထားတယ်လို့ စစ်ရှောင်စခန်းနေ ပြည်သူတစ်ဦးက ပြောပါတယ်။
KG ကနေ ၈ တန်းအထိ ဖွင့်လှစ်သင်ကြားသွားဖို့ စီစဉ်ထားပြီး စုစုပေါင်း ကျောင်းသားဦးရေ ၁၇၀ ကျော်အတွက် ကျောင်းသုံး သင်ထောက်ကူပစ္စည်းတွေ လိုအပ်လျက်ရှိနေတယ်လို့ ဆိုပါတယ်။
“သင်ထောက်ကူပစ္စည်းတွေ မရသေးဘူး။ ကျောင်းဖွင့်ဖို့လည်း နောက်ကျလာတယ်။ ဖတ်စာအုပ်၊ ဗလာစာအုပ်၊ ခဲတံ၊ ဘောပင်ကအစ ကလေးတစ်ဦးမှာ ရှိသင့်တဲ့ဟာကို ကူညီပေးဖို့ကို အကူအညီတောင်းချင်တယ်“လို့ အထက်ပါစစ်ရှောင်က အခက်အခဲကို ရှင်းပြပါတယ်၊
ဆွမ်ပရာဘွမ်မြို့နဲ့ အနီးအနား ကျေးရွာအချို့ဆီက ဗလာစာအုပ် အနည်းငယ်တော့ ရရှိပေမဲ့ မလောက်ငှတာကြောင့် လက်ရှိမှာ ကျောင်းသူ/သား အကုန်လုံးနီးပါးအတွက် ကျောင်းသုံးကိရိယာတွေ လိုအပ်နေဆဲ ဖြစ်တယ်လို့လည်း သိရပါတယ်။
ကလေးတွေ ပညာသင်ကြားနိုင်ဖို့ ကျောင်းဆောင်တွေကိုတော့ ဝါးတွေအပြင် တတ်နိုင်တဲ့နည်းနဲ့ ဆောက်လုပ်ပြီးစီးထားပြီလို့ ဆိုပါတယ်။
ဒါ့အပြင် ကျောင်းဆရာ/မတွေကို အခကြေးငွေပေးနိုင်ဖို့ ဘယ်လောက်နှုန်းထားဆိုတာ မသတ်မှတ်နိုင်သေးသလို ဘယ်အဖွဲ့အစည်းကမှ တာဝန်ယူ ကူညီပေးတာမျိုး မရှိသေးတာကြောင့် ဝိုင်းဝန်းကူညီပေးကြဖို့ကိုလည်း ပြောလိုတယ်လို့ ပြောပါတယ်။
ကျောင်းကိုတော့ လာမယ့် ဇူလိုင်လ ၂၂ရက်နေ့ (တနင်္လာနေ့)ကနေ စတင်သင်ကြားသွားဖို့ စီစဉ်ထားပြီး အဲဒီကျောင်းမှာ တက်ရောက်ဖို့ ဆွမ်ပီယန်၊ အင်ဆီးယန်နဲ့ ဝဒတ်ကျေးရွာတွေအပြင် ဖုန်ကျန်းရွာဘက်က အလယ်တန်း ကျောင်းသား/သူ အချို့လည်း ရှိတယ်လို့ ဆိုပါတယ်။
ဆွမ်ပီယန်ကျေးရွာအတွင်း စစ်ကောင်စီတပ်သားတွေ လက်ရှိအချိန်အထိ နေရာယူထားဆဲ အခြေအနေတွေကြောင့် ရွာအတွင်း ပြန်လည်နေထိုင်ဖို့ မဖြစ်နိုင်သေးဘူးလို့လည်း သိရပါတယ်။
ပုံဟောင်းဖြစ်ပါသည်။







