ပူတာအိုမှာ ဆင်တစ်ကောင် အရိုင်းစိတ်ဝင်ပြီး တိုက်ခိုက်တာကြောင့် အရပ်သား ၄ ဦးသေဆုံး

64

 

ဧပြီ၊၁၈

ပူတာအိုမြို့၊ မူလာဒီကျေးရွာမှာ ဆင်တစ်ကောင် အရိုင်းစိတ်ဝင်ပြီး လိုက်လံတိုက်ခိုက် တာကြောင့် အရပ်သား ၄ ဦး သေဆုံးခဲ့ပြီး ဒေသခံတွေ ထွက်ပြေးနေရတယ်လို့ သိရပါတယ်။

မနေ့က ရွာအနီးစိုက်ခင်းကပြန်လာတဲ့ ဒေသခံအမျိုးသမီးနှစ်ဦး အရင်ဆုံး တိုက်ခိုက်ခံခဲ့ရတာဖြစ်ပြီး အဲဒီနေရာမှာ တစ်ဦးသေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။ ညဘက်မှာတော့ ကျေးရွာထဲ ဝင်ရောက်လာပြီး သောင်းကျန်းခဲ့တာကြောင့် လူသေဆုံးမှုတွေ ထပ်မံဖြစ်ပွားခဲ့တာလို့ ပူတာအို ဒေသခံတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို ပြောပါတယ်။

မနေ့ကပဲ စဖြစ်တာ။ မနေ့က အဒေါ်နှစ်ယောက် လမ်းမှာတွေ့လို့ တစ်ယောက်ကို သတ်လိုက်တာ။ တစ်ယောက်က ထွက်ပြေးလွတ်မြောက်လာတယ်။ ညရောက်တဲ့အချိန်ကျတော့ ရွာထဲထိဝင်လာတယ်။ အိမ်ခြေ သုံးလေးအိမ်ကိုဖျက်ဆီးတယ်။ လို့ ဆိုပါတယ်။

ကျေးရွာထဲ ဝင်ရောက်ပြီး လိုက်လံတိုက်ခိုက်နေတာကြောင့် မူလာဒီဒေသခံတွေဟာ မနေ့ည ကတည်းကနေ တစ်ဖက်ကမ်းမှာရှိတဲ့ မူလာရှီးဒီးဘက်ကို လာရောက် တိမ်းရှောင် နေကြရတယ်လို့လည်း ဆိုပါတယ်။

ဆင်တိုက်ခိုက်လို့ သေဆုံးသူ လေးဦးရှိခဲ့ပြီး ဒေသခံတွေလည်း ထွက်ပြေးနေရဆဲ အခြေအနေ ဖြစ်တာကြောင့် ထိခိုက်သေဆုံးမှု အတိအကျကိုမသိရသေးဘူးလို့ နောက်ထပ် ပူတာအိုဒေသခံ တစ်ဦးကလည်း ပြောပါတယ်။

အခုကြားရတာတော့ အမျိုးသမီးတွေများတယ်လို့ပြောတယ်။ လူကြီးပိုင်းပေါ့နော်။ အမျိုးသားလည်း တစ်ယောက်ပါသလိုကြားရတယ်။ တောထဲမှာဆိုတော့ သေချာ မသိရသေးဘူး။ လူတွေကလည်း ကြောက်ကြောက်လန့်လန့်နဲ့ ပြေးနေရတုန်းဆိုတော့ ဘယ်သူတွေ ဘယ်လောက်ပါသွားတယ်ဆိုတာကို သေချာ မသိရသေးဘူး။ လို့ ဆိုပါတယ်။

အဲဒီလို လိုက်လံ တိုက်ခိုက်တဲ့ဆင်ဟာ ပိုင်ရှင်ရှိ ဆင်ဖြစ်ပြီး လက်ရှိမှာတော့ အဲဒီဆင်ကို ပစ်ဖို့ ပြည်သူ့စစ်အဖွဲ့တွေ လိုက်လံ ရှာဖွေနေတယ်လို့လည်း သိရပါတယ်။ သောင်းကျန်းသွားတဲ့ ဆင်ဟာ သေဆုံးသွားတဲ့ အရပ်သားတချို့ကို တိုက်ခိုက်ရုံသာမက အသားတချို့ စားသွားတဲ့အတွက် ဒါနဲ့ပတ်သက်ပြီးတော့လည်း ဒေသခံတွေ အံ့ဩနေရတယ်လို့ဆိုပါတယ်။

အဲဒီဒေသဘက်မှာ ဆင်တွေကို အများကြီးမွေးထားကြတာ မဟုတ်ပေမဲ့ သစ်စက်လုပ်ကိုင်တဲ့ သူတွေနဲ့ ကုမ္ပဏီကလူတွေ အလှမွေးကြတာဖြစ်တယ်လို့လည်းသိရပါတယ်။

မူလာဒီကျေးရွာဟာ ပူတာအိုမြို့ မူလာချောင်းတစ်ဖက်ကမ်းမှာရှိတဲ့ ကျေးရွာဖြစ်ပြီး အိမ်ခြေ ၂၀၀ ဝန်းကျင်ရှိတယ်လို့ သိရပါတယ်။

 

LEAVE A REPLY

Please enter your comment!
Please enter your name here