မြစ်ကြီးနား၊ သြဂုတ် ၁၇
ကျောက်မျက်တူးဖော်ရေးရာသီတွင် ဖားကန့်၌ အသေးစားနှင့် အလတ်စားလုပ်ကွက်များ လုပ်ကိုင်ခွင့်ပြုရန် မလွယ်ကူနိုင်သေးကြောင်း သိရသည်။
လက်ရှိအချိန်တွင် ၂၀၂၀ ခုနှစ်အထိ တူးဖော်ခွင့် ကျန်ရှိသည့် လုပ်ကွက်များ ရှိနေသေးသည့်အတွက် အသေးစားနှင့် အလတ်စားလုပ်ကွက်များကို ၂၀၂၀ ခုနှစ်လွန်မှသာ တူးဖော်လုပ်ကိုင်ခွင့် ရရှိနိုင်မည်ဖြစ်ကြောင်း ဖားကန့်မြို့နယ်၊ ပြည်သူ့လွှတ် တော်ကိုယ်စားလှယ် ဦးတင့်စိုးက မြစ်ကြီးနားသတင်းဂျာနယ်သို့ ပြောသည်။
“ချပေးမယ်ဆိုရင် တစ်ပြိုင်တည်း ချပေးရမယ်။ ချပေးလို့ရတာက ရွှေလုပ်ကွက်ပဲရမယ်။ ကျောက်စိမ်းက ဥပဒေနဲ့ တားမြစ်ထားတာတွေလည်း ရှိတယ်။ တချို့ဆို ၂၀၂၁ အထိ သက်တမ်းရှိတာတွေလည်း ရှိတယ်။ အဲဒီနောက်ပိုင်းမှပဲ အားလုံးကို တပြေးညီချထားပေးလို့ရနိုင်မယ်။ အခုကတော့ မရသေးပါဘူး”ဟု ဦးတင့်စိုးက အတည်ပြုပြောကြားသည်။
ဖားကန့်ဒေသတွင် ကျောက်မျက်တူးဖော်ရေး ကုမ္ပဏီပေါင်း ၃၀၀ ကျော်၊ ပုဂ္ဂလိက လုပ်ကွက်ပေါင်း ၄၆၀၀ ကျော်နှင့် နိုင်ငံတော်နှင့် အကျိုးတူလုပ်ကွက်ပေါင်း ၂၀၀ ကျော်ကို မြေဧက ၇၉၀၀ ကျော်ပေါ်တွင် တူးဖော်လုပ်ကိုင်ခွင့်ပြုထားပြီး လအလိုက်နှစ်အလိုက် သက်တမ်းကုန်ဆုံးမည်ဖြစ်ကာ ၂၀၂၀ ပြည့်နှစ်အရောက်တွင် သက်တမ်းအားလုံးကုန်ဆုံးမည်ဖြစ်ကြောင်းလည်း သိရသည်။
“လအလိုက်တော့ ကုန်သွားတဲ့ သက်တမ်းကုန်လုပ်ကွက်တွေရှိမယ်။ ဒါကိုလည်း သေချာစိစစ်ဖို့တော့ လိုပါတယ်။ ဘာလို့လဲဆိုတော့ မသမာနည်းနဲ့ တူးတာတွေလည်းရှိတယ်။ သက်တမ်းကုန်လုပ်ကွက်မှာ တူးတာတွေလည်း ရှိပါတယ်”ဟုလည်း ဦးတင့် စိုးကထပ်မံပြောသည်။
ယင်းသို့ ၂၀၂၀ ပြည့်နှစ်နောက်ပိုင်းမှသာ ချပေးမည်ဆိုပါက ကျောက်စိမ်းများကုန်ဆုံးသွားမည့် အချိန်သို့ရောက်ရှိသွားမည်ဖြစ်ကြောင်း ယခုနှစ်များတွင် ချထားပေးမှသာ အဆင်ပြေနိုင်လိမ့်မည် ဖြစ်ကြောင်း လုံးခင်းကျေးရွာအုပ်စု မှော်စီစာကျေးရွာနေ ရေမဆေးခေါင်းဆောင်တစ်ဦးဖြစ်သည့် ကိုနေမင်းအောင်မှ ပြောသည်။
“အဲဒီအချိန်မှ ချပေးမယ်ဆိုရင်တော့ ပေးမနေနဲ့တော့။ ဘာမှလည်း ကျန်တော့မှာမဟုတ်တော့ဘူး။ အခုတောင် ကုန်သလောက်ဖြစ်နေပြီ”ဟု ကိုနေမင်းအောင်မှ ဆက်လက်ပြောပြသည်။
NLD အစိုးရတက်လာသည် နောက်ပိုင်းတွင် ၂၀၁၇ ကျောက်မျက်ဥပဒေမူကြမ်းကို ပြင်ဆင်ရေးဆွဲရာတွင်အသေးစားနှင့် လက်လုပ်လက်စားလုပ်ကွက်များကိုပြည်နယ်အစိုးရ၏ခွင့်ပြုချက်ဖြင့် လုပ်ကိုင်ခွင့်ပြုရန် ပြဋ္ဌာန်းခဲ့ပြီးကျန်လုပ်ကွက်မျာအား ပြည်ထောင်စုအစိုးရမှ တိုက်ရိုက်လုပ်ကိုင်ခွင့်ပြုရန် ရေးဆွဲခဲ့သည်။
စည်သူ(မြစ်ကြီးနား)







