မြစ်ကြီးနား၊ မေ ၂၁
ဖားကန့်ရှိ ကျောက်မျက်တူးဖော်ရေးကုမ္ပဏီအချို့တွင် ၀န်ထမ်းနှင့် တာဝန်ခံတို့ကြား မကြာခဏဖြစ်ပွားခဲ့သော လုပ်ခလစာအငြင်းပွားမှုပြသနာများကို လျှော့ချနိုင်ရန် ကြပ်မတ်လုပ်ကိုင်သွားမည်ဟု ဖားကန့်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်စွာအောင်က ပြောသည်။
ကျောက်မျက်တူးဖော်ရေးကာလအကုန်တွင် လုပ်ခလစာအပြည့်အ၀မရရှိမှု၊ အချိန်ပိုကြေးများ မရရှိမှုတို့ကြောင့် ကုမ္ပဏီဝန်ထမ်းများ ဆန္ဒပြတောင်းဆိုခဲ့ပြီးနောက် ထပ်မံမဖြစ်ပွားရန် ကုမဏီနှင့် ၀န်ထမ်းများကြားက သဘောတူညီချက်များကို ပြင်ဆင်ဖြည့်သွင်းသွားမည်ဖြစ်ကြောင်း သိရသည်။
“လာမယ့်နှစ်တွေမှာတော့ စာရွက်ထဲမှာ တိတိကျကျဖော်ပြတော့မယ်။ တစ်ရက်ကို အလုပ်ချိန်က ၈ နာရီအဖြစ် သတ် မှတ်တယ်။ ၁၀ နာရီခိုင်းလို့ နှစ်နာရီပိုလုပ်ရရင် တစ်လကိုဘယ်လောက်ရမလဲ ဆိုတာကိုတိတိကျကျစာချုပ်ချုပ်မယ်။ အခုပြဿနာက စာချုပ်သေသေချာချာမချုပ်တဲ့ ပြဿနာဖြစ်တယ်”ဟု ဦးကျော်စွာအောင်က မြစ်ကြီးနားသတင်းဂျာနယ်သို့ ရှင်းပြသည်။
ဖြစ်ပွားခဲ့သော ပြသနာများကို ပြန်လည်ဆန်းစစ်ကြည့်မည်ဆိုလျှင် ကုမ္ပဏီနှင့်ဝန်ထမ်းများ နှစ်ဖက်စလုံးတွင် အားနည်းမှုရှိကြောင်း ဖားကန့်မြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးတင့်စိုးက သုံးသပ်ပြောဆိုသည်။
“အလုပ်သမားတွေဘက်ကလည်း ဘာအားနည်းချက်ရှိသလဲဆိုတော့ အခုကကုမ္ပဏီ တော်တော်များများက သက်တမ်းကုန်တာတွေ များများလာတော့ အလုပ်အကိုင်အခွင့်အလမ်းက နည်းပါးလာတာပေါ့။ အဲဒီတော့ အလုပ်ရရင်ပြီးရောလုပ်ကြရတယ်။ ကုမ္ပဏီတွေဘက်ကလည်း စာချုပ်စာတမ်းတွေ၊ အချိန်ပိုကြေးတွေကို တိတိကျကျချုပ်ဆိုထားမရှိဘူး”ဟု ဦးတင့်စိုးက မှတ်ချက်ပြုသည်။
ရာဇဋ္ဌာနီ ကျောက်မျက်တူးဖော်ရေးကုမ္ပဏီမှ ယာဉ်မောင်းတစ်ဦးဖြစ်သူ ကိုပြည့်ဖြိုးအောင်က မိမိရရှိမည့်ငွေကြေးပမာဏသည် ကျပ်သိန်း၄၀ ခန့်ရှိသော်လည်း ၁၆ သိန်းသာ ပြန်လည်ရရှိခဲ့သည်ဟု မြစ်ကြီးနားသတင်းဂျာနယ်သို့ပြောသည်။
ကုမ္ပဏီဘက်မှ ယာဉ်မောင်းခ တစ်လလျှင် ကျပ်ငါးသိန်းအပြင် အချိန်ပိုကြေးကိုလည်း ထုတ်ပေးမည်ဟု ကုမ္ပဏီက စာချုပ်ချုပ်ဆိုခဲ့ပြီး ရာသီကုန်ငွေရှင်းသည့်အခါ အချိန်ပိုကြေး ပေးအပ်ခြင်းမရှိခဲ့ကြောင်း ကိုပြည့်ဖြိုးအောင်က ပြောသည်။
“ကျွန်တော်တို့ကို ငါးသိန်းနဲ့စာချုပ်ချုပ်တယ်။ တစ်လကို သုံးသိန်းအရင်ပေးတယ်။ ကျန်တာက ရာသီကုန်မှပေးမယ်ပြောတယ်။ ရာသီလည်းကုန်ရော အချိန်ပိုကြေးမပေးလို့ ပြောတယ်။ အချိန်ပိုကြေးရချင်ရင် ကျန်တဲ့လစာကို မပေးတော့ဘူးလို့ ပြောတယ်။ ကျွန်တော်တို့လည်း ဘာမှမတတ်နိုင်တော့ ဒီအတိုင်းပဲ လှည့်ပြန်ခဲ့ရတယ်။ မီးရှို့တဲ့ကုမ္ပဏီတောင်ပေးသေးတယ်၊ ကျွန်တော်တို့က မရဘူး”ဟု ကိုပြည့်ဖြိုးအောင်က ရှင်းပြသည်။
မေလ ၉ ရက်မှ စတင်၍ ရတနာအဓိပတိကျောက်မျက်တူးဖော်ရေးကုမ္ပဏီနှင့် ၀န်ထမ်း ၂၀၀ ကျော်တို့ လုပ်ခလစာအငြင်းပွားမှု ဖြစ်ပွားခဲ့ပြီး တာဝန်ရှိသူများက ကြားဝင်ညှိနှိုင်းပေးခဲ့ခြင်းကြောင့် လုပ်ခလစာအပြည့်အ၀ရရှိခဲ့သော်လည်း ရာဇဋ္ဌာနီကုမ္ပဏီဝန်ထမ်းများမှာ အပြည့်အ၀မရှိခဲ့ကြောင်း ကိုပြည့်ဖြိုးအောင်ကပြောသည်။
စည်သူ(မြစ်ကြီးနား)







