မသန်စွမ်းများ အခက်အခဲမရှိပဲ ဆန္ဒမဲပေးနိုင်ခဲ့ဟု ကချင်ပြည်နယ် ကိုယ်အင်္ဂါမသန်စွမ်းသူများအသင်း ဥက္ကဌဆို

1077

ကချင်ပြည်နယ်တွင် ကိုယ်အင်္ဂါမသန်စွမ်းသူများ အခက်အခဲမရှိ ဆန္ဒမဲပေးနိုင်ခဲ့ကြောင်း ကချင်ပြည်နယ် ကိုယ်အင်္ဂါမသန်စွမ်းသူများအသင်းဥက္ကဌ ဦးဂျီးဇုန်းဆောင်ကပြောသည်။

အဆိုပါ မသန်စွမ်းများ အခက်အခဲမရှိ ဆန္ဒပြုနိုင်ရေးအတွက် မသန်စွမ်းအဖွဲ့အစည်းတို့က သက်ဆိုင်ရာ မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာမဲကော်မရှင်ဥက္ကဌ၊ သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးများတို့နှင့် ကြိုတင်ညှိနှိုင်းဆောင်ရွက်ထားခြင်းနှင့် မဲရုံဆောင်ရွက်ထားရှိမှုအခြေအနေများကို လိုက်လံကြည့်ရှုခြင်းများ ပြုလုပ်ခဲ့ရကြောင်း အခက်အခဲမရဆန္ဒမဲပေးနိုင်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းကပြောသည်။

“မသန်စွမ်းမဲထည့်တဲ့အခါ အဆင်ပြေချောမွေ့အောင်နဲ့ အကြို၊အပို့ကအစ အဆင်ပြေဖို့ လုပ်ထားတော့ ဘာပြဿနာမှ မထွက်လာဘူး။ မသန်စွမ်းကို ဦးစားပေးစနစ်ကို အားလုံးနားလည်းအောင်ပြောထားတော့ အဆင်ပြေပါတယ်” ဟု ဦးဂျီးဇုန်းဆောင်ကပြောသည်။

ထို့ပြင် တန်းစီ၍မဲပေးရန် အဆင်မပြေသည့် မသန်စွမ်းအချို့က ကြိုတင်မဲပေးခဲ့ပြီး ၄င်းတို့ကို ရွေးကောက်ပွဲမတိုင်မီ နှစ်ရက်အလို နိုဝင်ဘာ ၆ ရက်တွင် ကြိုတင်မဲများ လိုက်လံကောက်ယူခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ရွေးကောက်ပွဲထွက်ပေါ်လာမည့် အစိုးရအနေဖြင့် မသန်စွမ်းသူများ၏ဥပဒေအား အသက်ဝင်အောင် လုပ်ဆောင်ပေးရန်နှင့် ပြည်နယ်အသီးသီးရှိ ဌာနဆိုင်ရာများကလည်း မသန်စွမ်းအမျိုးသားရေး၊ မသန်စွမ်းသူများကို အဓိက ဦးစားပေးဆောင်ရွက်ပေးရန်လိုအပ်ကြောင်း ဦးဂျီးဇုန်းဆောင်က တောင်းဆိုခဲ့သည်။

“တက်လာမယ့်အစိုးရကို ပြောချင်တာက ဒုက္ခိတများအရေး၊ နိုင်ငံတော်မသန်စွမ်းရဲ့ခေါင်းစဉ်ကို အသက်ဝင်လှုပ်ရှားအောင် လုပ်ဆောင်ပေးဖို့၊ အဓိကမသန်စွမ်းတွေအတွက် အဓိက ဦးစားပေးဆောင်ရွက်လာဖို့ မျှော်လင့်ပြီး မဲထည့်ခဲ့တာဖြစ်ပါတယ်” ဟု ကချင်ပြည်နယ် ကိုယ်အင်္ဂါမသန်စွမ်းသူများအသင်းဥက္ကဌ ဦးဂျီးဇုန်းဆောင်ကပြောသည်။

ရွေးကောက်ပွဲတွင် အမြင်အာရုံမသန်စွမ်းသူများကလည်း ကိုယ်စားပြုတစ်ဦးနှင့်အတူ မဲရုံသို့သွားရောက်ကာ မိမိထည့်လိုသည့်ပါတီကို မဲများထည့်ခဲ့ပြီး နိုင်ငံသားတာဝန်ကျေပွန်အောင် လုပ်ဆောင်ခဲ့ကြောင်းသိရသည်။

“ကျွန်တော်က မမြင်ဘူးဆိုတော့ လက်မှတ်ထိုးခိုင်းရင် ထိုးလိုက်တယ်။ ပြီးတော့ ကိုယ်ထည့်ချင်တဲ့ပါတီကို ပြောပြီး ထည့်ခိုင်းလိုက်တယ်။ ဘယ်လိုလုပ်ပေးသလဲဆိုတာတော့ ကျွန်တော်ကမမြင်တော့ မပြောတတ်ဘူး။ ကျွန်တော်မဲထည့်လိုက်ရတဲ့ပါတီကို ပြောချင်တာက ကျွန်တော်လို အင်္ဂါမပြည့်မစုံ မသန်မစွမ်းတွေ၊ မျက်မမြင်တွေကို ဒီနေ့ကစပြီး ပျော်ရွှင်စွာနေထိုင်နိုင်ရေး ဆောင်ရွက်ပေးဖို့ မျှော်လင့်ထားပါတယ်” ဟု အမြင်အာရုံမသန်စွမ်းသူ ဦးလဂျွန်ဂမ်ကပြောသည်။

၂၀၂၀ ရွေးကောက်ပွဲတွင် ကချင်ပြည်နယ်အတွင်း မသန်စွမ်း မဲပေးခွင့်ရှိသူ ၂၀၀၀ နီးပါးရှိကြောင်း ကချင်ပြည်နယ် ကိုယ်အင်္ဂါမသန်စွမ်းသူများအသင်း၏စာရင်းများအရ သိရသည်။

မွန်းမွန်းပန်

LEAVE A REPLY

Please enter your comment!
Please enter your name here