စက်တင်ဘာ ၈၊ မြစ်ကြီးနား
လာမည့် ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲတွင် မသန်စွမ်းများ အဆင်ပြေချောမွေ့စွာ မဲပေးနိုင်ရေးအတွက် တိတိကျကျစာရင်းကောက်ခံရန် လိုအပ်ကြောင်း ကချင်ပြည်နယ် ကိုယ်အင်္ဂါ မသန်စွမ်းသူများဥက္ကဋ္ဌ ဦးဂျီဇုန်းဆောင်က ပြောသည်။
မသန်စွမ်းများအတွက် နည်းဥပဒေများလည်း ထွက်ရှိပြီဖြစ်သည့် အတွက်ကြောင့် ရွေးကောက်ပွဲ ကော်မရှင်အနေဖြင့် မသန်စွမ်းအမျိုးအစားခွဲကာ တိတိကျကျ လိုက်လံစာရင်းကောက်ခံစေလိုပြီး မသန်စွမ်းများ မဲပေးသည့်အချိန် အဆင်ပြေစေရန် မဲရုံမှူးများနှင့် ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်နေကြောင်းလည်း သိရသည်။
“စာရင်းကောက်တဲ့အချိန် မသန်စွမ်းအမျိုးအစားသေချာကောက်မှ ကျွန်တော် တို့ မသန်စွမ်းတွေ အတွက် မဲရုံမှူးတွေက ဆောင်ရွက်ပေးနိုင်မှာ ဖြစ်ပါတယ်။ အဲဒီလို စာရင်းကောက်တဲ့အချိန်မှာ သေချာမကောက်ခဲ့ရင် ကျွန်တော်တို့အတွက် အများကြီး အခက်အခဲကြုံရတယ်”ဟု ဦးဂျီဇုန်းဆောင်က ဆိုသည်။
မဲစာရင်း ကောက်ခံသည့်အချိန်တွင် လေဖြတ်သူများ၊ အိပ်ရာထဲ လဲနေရသူများ၊ အကြားအာရုံ မသန်စွမ်း စသဖြင့် မသန်စွမ်းများကို အမျိုးအစားအလိုက်ခွဲကာ ကောက်ခံပေးမှသာလျှင် မသန်စွမ်းများ အနေဖြင့် မဲပေးသည့်အချိန် အဆင်ပြေချောမွေ့စွာ မဲပေးနိုင်မည်ဖြစ်ပြီး၊ ယခင်ရွေးကောက်ပွဲအချိန်က နိုင်ငံတော်ပြဌာန်းချက် ရှိသော်လည်း မသန်စွမ်းမဲစာရင်းမှာ အခေါ်အဝေါ်မပြောင်းဘဲ ရိုင်းစိုင်းစွာ ရေးသားထားခြင်းမျိုးကို တွေ့ခဲ့ရကြောင်းနှင့် ယင်းသို့ရေးသားခြင်းကို ပြုပြင်ပြောင်းလဲရန် လိုအပ်ကြောင်း ဦးဂျီဇုန်းဆောင်က တောင်းဆိုသည်။
အမြင်အာရုံမသန်စွမ်းသူများအနေဖြင့်လည်း လွန်ခဲ့သည့် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် အခက်အခဲမရှိခဲ့သော်လည်း ယခုနှစ်သည် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်ပွားနေသည့် အချိန်ဖြစ်သည့် အတွက် ကျန်းမာရေးဝန်ကြီးဌာန၏ လူများနှင့် ခပ်ခွာခွာနေရမည် ဆိုသည့် ညွှန်ကြားမှုပေါ် မြစ်ကြီးနားမြို့ မျက်မမြင်ကျောင်းမှ ကျောင်းအုပ်ဦးဂမ်ဖန်က ယခုကဲ့သို့ ပြောသည်။
“သူတို့ ချမှတ်ထားတဲ့ Social Distancing နဲ့ မကိုက်ဘူးဖြစ်နေတယ်။ (၆)ပေအကွာလို့ ထုတ်ပြန်ထားတာလေ။ အမြင်အာရုံမသန်စွမ်းသူများက လက်တွဲပြီး လာရတဲ့သဘောရှိတော့ တံဆိပ်တွေ နှိပ်ရမယ့်အချိန်ဆို တွဲသွား ရတယ်လေ။ အဲ့ဒါလေးကိုတော့ နားလည်ပေးဖို့ တောင်းဆိုထားပါတယ်”ဟု ဦးဂမ်ဖန်က ဆိုသည်။
လွန်ခဲ့သည့် ၂၀၁၅ ရွေးကောက်ပွဲ၌ ကချင်ပြည်နယ်မှ မသန်စွမ်းသူများ ရွေးကောက်ပွဲနေ့တွင် မဲပေးရာတွင် အဆင်မပြေမှုများ ရှိခဲ့ကြောင်းလည်း သိရသည်။
ယင်းအချိန် မြန်မာနိုင်ငံတွင် အစိုးရအဖွဲ့အစည်းနှင့် ရွေးကောက်ပွဲကော်မရှင်တို့က မသန်စွမ်းများ၏ အခက်အခဲများကို တစ်နိုင်ငံလုံး စာအုပ်ဖြန့်ခြင်း နည်းဥပဒေ မရှိသေးခြင်းကြောင့် မသန်စွမ်းများက ခဲခက်စွာ မဲပေးခဲ့ရကြောင်းလည်း သိရသည်။
“မသန်စွမ်းတွေ ခက်ခက်ခဲခဲ နေပူထဲမှာ တန်းစီနေရတာ သွားတွေ့တယ်။ ကျွန်တော်ကိုယ်တိုင်ပဲ တစ်နေကုန် သာမန်လူတွေနဲ့ ညောင်းကိုက်ပြီး မဲရုံထဲမှာ တန်းစီတဲ့အထဲ ပါနေတယ်။ မတိုးနိုင်ဘူး။ မတ်တပ်ရပ်ရတာ ညောင်းလာတယ်။ ချိုင်းထောက်နဲ့ဖြစ်တယ်ဆိုတော့။ လေဖြတ်တဲ့လူတွေ၊ နှစ်ဖက်မသန်တဲ့သူတွေ မဲတော့သွားထည့်ရမှာ မဲရုံအနေနဲ့ Wheel Chair တို့ အကြိုအပို့တို့ ချိုင်းထောက် ဘာမှ မရှိဘူးဆိုတော့ ကျွန်တော်တို့မသန်စွမ်းတွေ အတွက်တော့ အခက်ခဲအများကြီးကြုံတွေ့တာကို သွားတွေ့ရတယ်”ဟု ဦးဂျီဇုန်းဆောင်က အခက်အခဲကို ရှင်းပြသည်။
မသန်စွမ်း မဲဆန္ဒရှင်များ အနေနှင့် လာမည့်ရွေးကောက်ပွဲအတွက် ဆန္ဒမဲကို ကြိုတင်မဲပေးရန် မိမိကိုယ်တိုင် မသွားနိုင်ပါကသက်ဆိုင်ရာ ရပ်/ကျေးကော်မရှင်သို့ ဆက်သွယ်ကာ အိမ်တိုင်ရာရောက် လာရောက် ကောက်ခံပေးခြင်းအပြင် ရွေးကောက်ပွဲနေ့တွင်လည်း ကိုယ်တိုင်လာရောက်မဲပေးခွင့်ရှိကြောင်း ပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးက ရွေးကောက်ပွဲ အရာရှိ ဒုတိယညွှန်ကြားရေးမှူး ဦးထွန်းအောင်ခိုင်က ဆိုသည်။
“အဲ့လိုသွားပေးတဲ့ အချိန်မှာ သူ့ကို ကူညီပေးဖို့အတွက် ကူညီပေးဖို့ ညီအစ်ကိုမောင်နှမ၊ အဖေအမေတွေကို ရွေးချယ်ခွင့်ရှိတယ်။ သူနဲ့ အဆင်ပြေမယ့်နည်းလမ်းကို ရွေးလို့ရတယ်။ ဥပဒေအရ အကုန်လုံးရွေးချယ်ခွင့်ရှိတယ်”ဟု ဦးထွန်းအောင်ခိုင်က ရှင်းပြသည်။
အမြင်အာရုံ မသန်စွမ်းသူများအတွက် ၎င်းတို့ ပေးလိုသည့်အချိန်တွင် မဲပေးနိုင်ရန် အရင်ရွေးကောက်ပွဲတွင်လည်း စီစဉ်ဆောင်ရွက်ပေးခဲ့ပြီး သက်ကြီးရွယ်အိုများအတွက်လည်း တန်းစီပြီး မဲပေးရခြင်းမျိုး မဖြစ်စေရန်အတွက် ဦးစားပေးဆောင်ရွက်ခဲ့ကြောင်းလည်း ဦးထွန်းအောင်ခိုင်က ဆိုသည်။
“မဲရုံကို မဲသွားပေးတဲ့အချိန် အဆင်ပြေပြေသွားဖို့ မဲရုံအခင်းအကျင်း သူတို့အဆင်ပြေအောင် စီစဉ်ထားပေးလိမ့်မယ်။ သူတို့ပြီးမှ ကျန်တဲ့သူတွေကို။တန်းစီပြီးစောင့်နေရတာတွေ မဖြစ်ရလေအောင် မဲရုံအဖွဲ့တွေကို သူတို့ကို ပြောထားပြီးသား”ဟု ဦးထွန်းအောင်ခိုင်က ဆက်လက်ရှင်းပြသည်။
လာမည့် ၂၀၂၀ ခုနှစ်အထွေထွေရွေးကောက်ပွဲကို နိုဝင်ဘာလ (၈)ရက်နေ့တွင် ကျင်းပသွားမည် ဖြစ်ကြောင်းနှင့် ကချင်ပြည်နယ်အတွင်းမှာ မသန်စွမ်း မဲပေးနိုင်ခွင့်ရှိသူ(၂၀၀၀)နီးပါးရှိကြောင်း ကချင်ပြည်နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးမှ သိရသည်။
မျိုးမြတ်မြတ်ပန်







