မိုးသီးဒဏ်ကြောင့် ပျက်စီးသွားတဲ့ ပိန္နက်ကျေးရွာက ကျောင်းဆရာ/မတွေ နေထိုင်တဲ့အဆောင် ပြုပြင်ဖို့ ငွေကြေးအခက်အခဲရှိနေ

162
တနိုင်းမြို့က မိုးသီးကြောင့်ပျက်စီးသည့်နေအိမ်များ

 

ဇွန်၊၂၅

ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်၊ ပိန္နက်ကျေးရွာက ကျောင်းဆရာ/မတွေ နေထိုင်တဲ့ အဆောင်ဟာ မိုးသီးဒဏ်ကြောင့် ပျက်စီးသွားတဲ့အတွက် ပြန်လည်ပြုပြင်ဖို့ ငွေကြေးအခက်အခဲတွေ ရှိနေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

ပြီးခဲ့တဲ့ ဧပြီလအတွင်းက ပိန္နက်ကျေးရွာအတွင်း မိုးသက်လေပြင်းနဲ့အတူ ကြက်ဥအရွယ် လောက်ရှိတဲ့ မိုးသီးတွေကျ ရောက်ခဲ့တဲ့အတွက် အခြေခံပညာမူလတန်းကျောင်းက ဆရာ/မတွေ နေထိုင်တဲ့ အဆောင်နှစ်ခုနဲ့ ရွာအတွင်းက နေအိမ်တော်တော်များများ ထိခိုက်ပျက်စီးခဲ့တာပါ။

ပျက်စီးသွားတဲ့ အဆောင်နှစ်ခုထဲက တစ်ခုကိုတော့ ယာယီမိုးကာ မိုးထားပြီး ကျန်တဲ့အဆောင် အမိုးအတွက်ကိုတော့ ရွာက ရပ်မိ/ဖတွေ၊ ကျောင်းသားမိဘတွေနဲ့ ကျောင်းကော်မတီဝင်တွေ အစည်းအဝေးပြုလုပ်ပြီး မိမိတတ်နိုင်တဲ့ အင်အားနဲ့ အလှူငွေ ထည့်ဝင်ကြဖို့ ပြောဆိုထားတယ်လို့ ပိန္နက်ဒေသခံပြည်သူတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို အခုလို ပြောပါတယ်။

“မိုးသီး နှစ်ခေါက်ကျတော့ ခေါင်မိုးတွေ ပေါက်သွားတာပေါ့။ ရွာကလူတွေလည်း ခက်တော့လေ။ သွပ်မရရင်တောင် မိုးကာဖြစ်ဖြစ်မိုးဖို့ပေါ့။”လို့ ပြောပါတယ်။

နောက်ထပ် ပိန္နက်ဒေသခံပြည်သူတစ်ဦးရဲ့ ပြေပြချက်အရ ကျောင်းသားမိဘတွေကို မိမိတတ်နိုင်တဲ့ အင်အားနဲ့ အလှူငွေ ကူညီပေးဖို့ အစည်းအဝေးမှာ ပြောဆိုလိုက်တယ်လို့ သိရပါတယ်။

ကျောင်းသားမိဘတွေဆီ အလှူငွေတွေကောက်ပြီး မိုးကာမိုးပြီး နေဖို့ အစည်းအဝေးတော့ လုပ်ထားတယ်။ ဆရာ/မတွေ နေတဲ့အဆောင်ပေါ့။ ဟိုတစ်ခေါက် မုန်တိုင်းမှာ ပျက်သွားတာလို့ ဒေသခံက ဆိုပါတယ်။

ဇွန်လ ၃ ရက်နေ့ကနေ စတင် သင်ကြားနေပြီဖြစ်တဲ့ အထက်ပါကျောင်းမှာ ကျောင်းသူ/သား ၂၅ ယောက်ရှိပြီး ဆရာ/မ လေးဦးနဲ့ သင်ကြားနေတာလည်း ဖြစ်ပါတယ်။

လက်ရှိအချိန် ဆရာမတစ်ဦးကတော့ ယာယီ မိုးကာနဲ့ မိုးထားတဲ့ အဆောင်မှာ နေရပြီး ကျန်တဲ့ ဆရာမတွေကတော့ တနိုင်းမြို့ဘက်ကနေ ဆိုင်ကယ်နဲ့ လာရောက် သင်ကြားကြတယ်လို့ သိရပါတယ်။

ဒါ့အပြင် အဲဒီပျက်စီးသွားတဲ့ အဆောင်တွေရဲ့ ခေါင်မိုးကို ပြန်လည်ပြုပြင်ဖို့ လက်ရှိ သွပ်ဈေးနဲ့ဆိုရင် ခန့်မှန်းခြေ စုစုပေါင်း သိန်း ၂၀လောက် ကုန်ကျနိုင်တယ်လို့ ဆိုပါတယ်။

အိမ်ခြေ ၂၀ ကျော်လောက်ရှိတဲ့ ပိန္နက်ကျေးရွာက အိမ်ခြေအများစုဟာ လယ်ယာ၊ တောင်ယာနဲ့ မွေးမြူရေးကိုသာ အဓိကထား လုပ်ကိုင်ကြတာလည်း ဖြစ်ပါတယ်။

 

LEAVE A REPLY

Please enter your comment!
Please enter your name here