လာမည့် ပညာသင်နှစ်မှ စတင်၍ ကျောင်းအပ်နှံရာ၌ KBZpay ဖြင့် ငွေပေးချေမည့် စနစ်သို့ ပြောင်းလဲကျင့်သုံးသွားမည်ဖြစ်

2151
Myitkyina-University

မြစ်ကြီးနားတက္ကသိုလ်တွင် လာမည့် ပညာသင်နှစ်မှ စတင်၍ ကျောင်းအပ်နှံရာ၌ ကျသင့်ငွေစရိတ်ကို KBZpayဖြင့် ငွေပေးချေမည့် စနစ်သို့ ပြောင်းလဲကျင့်သုံးသွားမည်ဖြစ်ကြောင်း မြစ်ကြီးနားတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာအောင်ဝင်းထံမှ သိရသည်။

ယင်းအစီအစဉ်ကို ယခုလာမည့် စာသင်နှစ် နေ့သင်တန်းကျောင်း အပ်နှံရာတွင် စတင် ပြုလုပ်သွားမည်ဖြစ်ပြီး ကျောင်းလာရောက်အပ်နှံမည့် ကျောင်းသားများအနေဖြင့် ကိုယ်ရေး အချက်အလက်များ ဖြည့်သွင်းရုံလောက်သာ လိုအပ်မည်ဖြစ်ကာ ကျသင့်ငွေကို KBZ Pay နှင့် ချိတ်ဆက် ထည့်သွင်းသွားနိုင်တော့မည် ဖြစ်သည်။

“အခုလာမယ့် ကျောင်းအပ်ချိန်ကနေ ကျသင့်ငွေတွေကို KBZ မှာ တစ်ခါတည်း သွင်းဖို့ ဆောင်ရွက်သွားမယ်။ ကျောင်းအပ်တဲ့အချိန် အခက်အခဲတွေ ရှိမှာ မဟုတ်တော့ဘူး။ ဒီမှာ ဖောင်ဖြည့်ပြီးတင်ရုံပဲ။ အဝေးသင်ကိုလည်း လုပ်သွားဖို့ရှိတယ်”ဟု ပါမောက္ခချုပ် ဒေါက်တာ အောင်ဝင်းက ပြောသည်။

ကျောင်းစရိတ်ကို လူကိုယ်တိုင်သွားရောက် အပ်နှံရသောစနစ်က အချိန်နှောင့်နှေးကြန့်ကြာမှုကို ဖြစ်စေရုံသာမက ငွေလက်ခံရသော ဝန်ထမ်းများမှလည်း စာရင်းထိန်းသိမ်းဆောင်ရွက်ရာတွင် အခက်အခဲ များစွာရှိသောကြောင့် ယခုကဲ့သို့စနစ်ကို ပြောင်းလဲသွားရခြင်းဖြစ်ကြောင်း ဒေါက်တာအောင်ဝင်းက ပြောသည်။

“ကျောင်းသားတွေကိုလည်း ငွေသွင်းတဲ့ အခါမှာ ကြန့်ကြာမှုတွေ မဖြစ်စေချင်ဘူး။ တို့ကလည်း ငွေလက်ခံတဲ့အခါမှာ ပြန်သွားသွားအပ်ရတာပေါ့။ တစ်နေ့ဟာ တစ်နေ့ ပြန်စစ်ရတယ်။ အဲဒီကျတော့ ဝန်ထမ်းအင်အားလောက်ရင်တောင် မနက်ကိုးခွဲစရင် နေ့လည်နှစ်နာရီကျရင် ပိတ်လိုက်ရတယ်။ လေးနာရီခွဲလောက်ပဲ အချိန်ရတဲ့ အထဲမှာ ဒီကျောင်းသားတွေ အများကြီးကို တစ်ခါတည်းပြီးသွားအောင် လုပ်လို့မရဘူး”ဟု ပြောသည်။

ကျောင်းအပ်နှံမည့်နေ့တွင် ငွေသွင်းရာ၌ အခက်အခဲမရှိ သွင်းနိုင်ရန် ကေဘီဇက်ဘဏ် ဝန်ထမ်းများလာရောက် ဝန်ဆောင်မှုပေးမည်ဖြစ်ပြီးနယ်မှ ကျောင်းလာရောက်အပ်နှံသူများအတွက်လည်း မြန်မြန်ဆန်ဆန် ကျောင်းအပ်နှံနိုင်တော့မည်ဖြစ်ကြောင်း သိရသည်။

ကျောင်းစရိတ်ကို KBZ Pay နှင့် ငွေပေးချေမည့် စနစ်သည် ကျသင့်ငွေကို ပိုမိုတိတိကျကျ ရှင်းနိုင်မည်ဖြစ်ပြီး အချိန်ကုန် သက်သာစေနိုင်သော်လည်း နယ်မှ လာသော ကျောင်းသားများအတွက် အခက်အခဲ ရှိနိုင်သောကြောင့် ယခင်က ကျင့်သုံးခဲ့သည့် လူကိုယ်တိုင်ငွေရှင်းသည့်စနစ်နှင့် KBZ Pay စနစ်နှစ်မျိုးလုံးကို အသုံးပြုစေချင်ကြောင်း မြစ်ကြီးနား ကျောင်းသားသမဂ္ဂ ဥက္ကဋ္ဌကိုအာကာကျော်က ပြောသည်။

“အရင်က ပုံစံအတိုင်းကောKBZ Pay ကော နှစ်မျိုးလုံးလုပ်လို့ရမယ် ဆိုရင်တော့ ကောင်းမှာပေါ့။ ဘာလို့ဆို တချို့ကျတော့လည်း ရွာကလူတွေကတော့ အခက်အခဲရှိမှာပေါ့။ လူတိုးရမယ့်ဟာတွေတော့ သက်သာသွားမယ်။ ဒါပေမဲ့ တဖြည်းဖြည်းတော့ ပြောင်းလာရင်တော့ ပိုတော့ ကောင်းတာပေါ့”ဟု ကိုအာကာကျော်က ပြောသည်။

ကျောင်းနှင့် ဆိုင်သော စနစ်များ ပိုမိုအဆင်ပြေလျင်မြန်မှုရှိစေရန် နောက်နှစ်များတွင် ကျောင်းဝက်ဆိုက် ထောင်သွားရန်ရှိကြောင်း၊ ကျောင်းအပ်နှံရာတွင်လည်း ကျောင်းဝက်ဘ်ဆိုက် အတွင်းမှသာ အမည်စာရင်းသွင်းနိုင်မည် ဖြစ်ကြောင်းလည်း သိရသည်။

Ann

LEAVE A REPLY

Please enter your comment!
Please enter your name here