ဇွန်၊၁၈
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့မှာ ရဲတွေကနေ လမ်းသွားလမ်းလာပြည်သူတွေရဲ့ ဖုန်းထဲမှာ Virtual Private Network (VPN) အသုံးပြုမပြု စစ်ဆေးတာတွေ ပြုလုပ်နေပြီး စစ်ဆေးတွေ့ရှိခဲ့ရင် ငွေကျပ်သိန်းချီ ပေးဆောင်ရတယ်လို့ မြို့ခံတွေက ပြောပါတယ်။
မြစ်ကြီးနားမြို့အတွင်းက စီတာပူရပ်ကွက် ဂျပန်လမ်းနဲ့ မနောကွင်း၊ အေးစေတီရပ်ကွက်ဘက်မှာ စစ်ကောင်စီလက်အောက်ခံ ရဲတွေကနေ လမ်းသွားလမ်းလာ ပြည်သူတွေရဲ့ ဖုန်းတွေကို စစ်ဆေးမှုတွေ ပြုလုပ်နေပြီးတော့ ပြီးခဲ့တဲ့ရက်ပိုင်းကလည်း အသိတစ်ဦးရဲ့ ဖုန်းအတွင်း VPN အသုံးပြုထားတဲ့အတွက် ငွေကျပ် နှစ်သိန်းပေးဆောင်ခဲ့ရတယ်လို့ မြစ်ကြီးနားမြို့ခံ အမျိုးသားတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို ပြောပါတယ်။
“အရင်တုန်းကတော့ ဆိုင်ကယ် Tool Box တွေ ဘာတွေပဲ စစ်တာဟုတ်တယ်။ အခုနောက်ပိုင်းက VPN တွေလည်း စစ်လာပြီးတော့ ပိုက်ဆံပေးရမယ်တဲ့။အသိတစ်ဦးကတော့ နှစ်သိန်းလောက်ပေးလိုက်ရတယ်လို့ပြောတယ်။ နောက်ပြန်တွေ့ရင် ထောင်ချမယ်လို့လည်း ပြောတဲ့အတွက် ပေးလိုက်တယ်တဲ့။”လို့ အထက်ပါအမျိုးသားက ပြောပါတယ်။
လမ်းသွားလမ်းလာပြည်သူတွေရဲ့ ဆိုင်ကယ်၊ကားတွေ စစ်ဆေးတာအပြင် အခုနောက်ပိုင်း ဖုန်းထဲမှာ VPN app တွေလည်း စစ်လာတဲ့အတွက် အပြင်ထွက်ရင် ဖုန်းတွေကို သေချာရှင်းလင်းရေးလုပ်ပြီးမှ အလုပ်သွားတယ်လို့ မြစ်ကြီးနားမြို့ခံတစ်ဦးကလည်း ဆိုပါတယ်။
ရန်ကုန်၊မန္တလေးဘက်တွေမှာလည်း VPN တွေ အစစ်ခံရပြီး ငွေကျပ်နှစ်သိန်း ပေးဆောင်ခဲ့ရတာတွေကို လိုင်းပေါ်တင်တဲ့အတွက် စစ်ကောင်စီက ပြန်လည် ဖမ်းဆီးတာတွေလည်း ပြုလုပ်တာလည်း တွေ့ရပါတယ်။
အွန်းလိုင်းပေါ်မှာ သတင်းအချက်အလက် စီးဆင်းမှုတွေကို ပိတ်ပင်ဖို့အတွက် စစ်ကောင်စီကနေ ပြီးခဲ့တဲ့မေလကုန်ပိုင်းလောက်ကတည်းက VPN အသုံးပြုမှုကို ပိတ်ပင်ထားဆီးနေတာဖြစ်ပြီး အသုံးပြုတဲ့သူတွေကို ထောင် ၃ နှစ်အထိချမှတ်နိုင်တဲ့ ဥပဒေကိုလည်း အတည်ပြုနိုင်ဖို့ ကြိုးစားနေတာပါ။







