မြန်မာ-တရုတ်နယ်စပ် ကူယုံးမြို့တွင် မြန်မာနိုင်ငံသားများကို တရုတ်ရဲက ဖမ်းဆီး

1338
မြန်မာ-တရုတ်နယ်စပ် ကူယုံးမြို့

မြစ်ကြီးနား၊ ဇူလိုင် ၃၁

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၊ ကန်ပိုက်တည် နယ်စပ်ကုန်သွယ်ရေးစခန်းအလွန်ရှိ တရုတ်ပြည်နယ်စပ် ကူယုံးမြို့တွင် ရောက်ရှိနေသည့် မြန်မာနိုင်ငံသားများကို တရုတ်ရဲများက ဖမ်းဆီးနေကြောင်း သိရသည်။

ဇူလိုင်လ ၂၄ ရက်နေ့မှ စတင်ဖမ်းဆီးနေခြင်းဖြစ်ပြီး ယနေ့အချိန်အထိ လူဦးရေ တစ်ရာခန့်ကို ဖမ်းဆီးကာ တရုတ်ပြည် ထိန်ချုံးခရိုင်မြို့သို့ ပို့ဆောင်ချုပ်နှောင်ထားကြောင်း မြစ်ကြီးနားမှ ကူယုံးမြို့သို့ ကုန်တင်ယာဉ် မောင်းနှင်သူ ဦးကျော်ဝင်းက မြစ်ကြီးနားသတင်းဂျာနယ်သို့ ပြောသည်။

“အခုလိုဖမ်းနေတဲ့အတွက်ကြောင့် ကားသမားတွေ ဘယ်သူမှမသွားရဲကြဘူး၊ ကားတွေတောင် ဒီအတိုင်းရပ် ထားရတယ်။ အဲဒီတော့ ကားသမားတွေရဲ့ မိသားစု စားဝတ်နေရေးအခက်အခဲ ဖြစ်နေရတယ်”ဟု ဦးကျော်ဝင်း ကပြောသည်။

ထိုသို့ဖမ်းဆီးသည့်အပြင် ကုန်သွယ်ရန်ရောက်ရှိလာသည့် ယာဉ်မောင်းနှင့် အလုပ်သမားများကို မူးယစ်ဆေးဝါး သုံးစွဲခြင်း ရှိ/မရှိ ဆီးစစ်ခြင်း၊ ဆီးထဲတွင် မူးယစ်ဆေးဝါးသုံးစွဲထားကြောင်းတွေ့ရှိပါက ချက်ချင်းဖမ်းဆီး အရေး ယူခြင်းများ ဆောင်ရွက်နေ၍ လူတစ်ရာလျင် ၉၅ ဦးခန့် ဖမ်းဆီးခံနေရသည်ဟု ထိုလမ်းကြောင်းတွင် သွားလာနေသည့် ယာဉ်မောင်း ကိုအောင်နိုင်ဦးက လက်ရှိအခြေအနေကို ပြောသည်။

” အခုဖြစ်နေတဲ့ အခြေအနေက အကြောင်းပြချက်မရှိဘဲနဲ့ ဆီးစစ်ပြီး ဆီးမအောင်တဲ့သူ အကုန်လုံးကို ဖမ်းဆီးသွားတယ်။ မူးယစ်ဆေးဝါး မသုံးစွဲရင်တောင်မှ ဆီးမအောင်ရင် ဖမ်းခံရတယ်။ မူးယစ်ဆေးဝါး လက်ဝယ်တွေ့ရှိသူလည်း တစ်ယောက်မှ မပါဘူး။ သူတို့လုပ်သလို ခံနေရတယ်။”ဟု ကိုအောင်နိုင်ဦးက ဆက်လက်ရှင်းပြသည်။

တရုတ်အစိုးရက မြန်မာနိုင်ငံသား အများအပြားအား ယခုကဲ့သို့ ဆီးစစ် ဖမ်းဆီးခြင်းသည် ပထမဦးဆုံးအကြိမ် ဖြစ်ကြောင်းသိရပြီး ယင်းအရေးနှင့်ပတ်သက်၍ ပြည်ထောင်စုအစိုးရနှင့် ပြည်နယ်အစိုးရတို့က အမြန်ဆုံး ကူညီဖြေရှင်းရန်နှင့် ဖမ်းဆီးခံထားရသူများ လွတ်မြောက်ရေး ကူညီဆောင်ရွက်ပေးရန် တောင်းဆိုလိုကြောင်းလည်း ယာဉ်မောင်းများက ပြောသည်။

ကန်ပိုင်တည်ဂိတ်မှ တရုတ်နိုင်ငံသို့သွားသည့် မြန်မာနိုင်ငံသားဖြစ်စေ၊ မြန်မာနိုင်ငံသို့လာသည့် တရုတ်နိုင်ငံသားဖြစ်စေ ၁၃ ညအိပ် ၁၄ ရက် ကြာနေ ထိုင်ခွင့်ပြုထားကြောင်းသိရသည်။

Ah Je/ မျိုးမြတ်မြတ်ပန်
ဓာတ်ပုံ – စည်သူ (မြစ်ကြီးနား)

LEAVE A REPLY

Please enter your comment!
Please enter your name here