မြစ်ကြီးနား၊ သြဂုတ် ၁၅
မြစ်ကြီးနားမြို့နယ်၊ ဟူကပ်ကျေးရွာ အလယ်တန်းကျောင်းခွဲတွင် ရီဖောင်ဒေးရှင်းနှင့် ဟူကပ်ကျေးရွာတို့ ပူးပေါင်းပြီး ဆောက်လုပ်လှူဒါန်းခဲ့သော နှစ်ထပ်ကျောင်းဆောင်သစ်ကို ပညာရေးဝန်ကြီးဌာနက သြဂုတ်လ ၁၄ ရက်နေ့တွင် ဖွင့်လှစ်လိုက်သည်။
အဆိုပါ နှစ်ထပ်ကျောင်းဆောင်မှာ စာသင်ခန်းနှစ်ခန်းပါဝင်သည့် RC အမျိုးအစား နှစ်ထပ်ဆောင်ဖြစ်ကာ စာရေးထိုင်ခုံပရိဘောဂများ မပါဘဲ ကျပ်သိန်းပေါင်း သုံးရာကျော်ခန့် ကုန်ကျခဲ့ကြောင်း သိရသည်။
ထိုသို့ ပညာရေးဌာနသို့ နှစ်ထပ်ကျောင်းဆောင်သစ် ဆောက်လုပ်လှုဒါန်းသည့်အတွက် ပညာရေးဌာနတစ်ခုလုံးက ကျေးဇူးတင်ဝမ်းသာပျော်ရွှင်ကြောင်း ပြည်နယ်ပညာရေးမှူးဒေါ်ခင်သန်းနွဲ့က မီဒီယာများအား ပြောကြားခဲ့သည်။
“ကျွန်မတို့ ပညာရေးဌာနအနေနဲ့ နှစ်စဉ်နှစ်တိုင်း ဌာနကနေပြီးမှ အဆောက်အဦရန်ပုံငွေတွေကတော့ ချပေးလျက်ရှိနေပါတယ်။ ဘဏ္ဍာငွေရရှိမှုအပေါ်မူတည်ပြီးမှ အဆောက်အဦတွေ ခွဲဝေပေးနေပေမယ့်လည်း၊ ကျွန်မတို့ ကချင်ပြည်နယ်တစ်ခုလုံးရဲ့ လိုအပ်ချက်နဲ့ဆိုရင် လိုအပ်တဲ့ကျောင်းတိုင်းကို မပေးနိုင်ခဲ့ပါဘူး”ဟု ဒေါ်ခင်သန်းနွဲ့က ပြောသည်။
အဆိုပါ ကျောင်းဆောင်သစ်ကို ဇွန်လ ၈ ရက်နေ့တွင် စတင်ဆောက်လုပ်ပြီး ပညာရေးဌာနသို့ လွဲပြောင်းပေးအပ်နိုင်သည့်အတွက် ရွာတွင် ပညာတတ်များ တိုးပွားလာရန် မျှော်လင့်ပြီး ဆက်လက်၍လည်း ကချင်ပြည်နယ်အတွင်း လှူဒါန်းမှုများ ဆောင်ရွက်သွားမည်ဟု ရီဖောင်ဒေးရှင်းအဖွဲ့ဝင် ဦးခက်ထိန်နန်က မီဒီယာများကို ပြောကြားသည်။
“ကချင်ပြည်နယ်ရဲ့ ဘယ်ဒေသ၊ ဘယ်မြို့နယ်မှာပဲဖြစ်ဖြစ် လိုအပ်တဲ့နေရာတွေမှာတော့ လိုက်လှူသွားမှာပါ”ဟု ဦးခက်ထိန်နန်က ပြောသည်။
ထိုကျောင်းဆောင်သစ် လွှဲပြောင်းခြင်းအခမ်းအနားသို့ မြစ်ကြီးနားခရိုင် အုပ်ချုပ်ရေးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးတင်ဇော်အောင်၊ ပြည်နယ်ပညာရေးမှူးနှင့် ခရိုင်ပညာရေးမှူးတို့နှင့် ရီဖောင်ဒေးရှင်းတို့မှ အဖွဲ့ဝင်များ တက်ရောက်ကြသည်။
ဟူကပ် အလယ်တန်းကျောင်းခွဲတွင် ဆရာဆရာမ ၁၄ ဦးနှင့် ကျောင်းသူကျောင်းသား ၃၀၄ ဦး ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။
ဆိုင်း(ကချင်မြေ)







