ဇွန်၊၂၄
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ရှဒူးဇွပ်ကျေးရွာအနီး ဂျာဝန်(Ja Wang)ရွှေမှော် တစ်ဝိုက် စစ်ကောင်စီတပ်ကနေ ဒီကနေ့ညနေ ၅ နာရီလောက်မှာ ဂျက်လေယာဉ် နှစ်စင်းနဲ့ ၇ ကြိမ်ထက်မနည်း လာရောက်ပစ်ခတ်မှု ရှိခဲ့တယ်လို့ သိရပါတယ်။
အဲဒီ ရွှေမှော် တစ်ဝိုက် လေယာဉ်နဲ့ လာရောက် ပစ်ခတ်မှုအပြီး ရှဒူးဇွပ် ကျေးရွာအတွင်းက ပြည်သူ့စစ်စခန်းနဲ့ ရှဒူးဇွပ်စံပြ ပြည်သူ့စစ် အစရှိတဲ့စခန်းတွေကနေ လက်ရှိအချိန်အထိ လက်နက်ကြီး/ငယ် ပစ်သံတွေ ဆက်တိုက် ကြားနေရတယ်လို့ ဒေသခံပြည်သူ တစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို အခုလို ပြောပါတယ်။
“လေယာဉ် ၂စင်းနဲ့ ဆိုပစ်တယ်ဆိုတော့ အချက်က များတယ်။မိုးချုပ်လာတော့ သူတို့ စခန်းတွေဘက်ကနေ ပြန်ပစ်နေကြတယ်။ ခုလည်း အသံတွေ အရမ်းကြားနေရတယ်”လို့ သူက ပြောပါတယ်။
အခုရက်ပိုင်းကပဲ KIA အမှတ် ( ၁၄ ) တပ်ရင်း၊ ဟူးကောင်းခရိုင်ကနေ စံပြ၊ အောင်ရာ၊ ဘန်ကောက်ကျေးရွာနဲ့ ယုဇန စက်ရုံဟောင်းရဲ့ နောက်ဘက်ခြမ်း နယ်မြေ၊ ရှဒူးဇွပ်ကျေးရွာနဲ့ ကိုင်းတော၊ ခေါင်းလော်ချောင်းရဲ့ နောက်ဘက်ခြမ်းနယ်မြေတွေကို ကန့်သတ်နယ်မြေအဖြစ် သတ်မှတ်ထားပြီး ကန့်သတ်နယ်မြေအတွင်း တရားမဝင် ငါးဖမ်းတာ၊ တောင်ယာစိုက်ခင်း လယ်ယာမြေတွေ လုပ်ကိုင်တာ၊ အများပိုင်မြေတွေကို စက်ယန္တရားကြီးတွေနဲ့ ရွှေတူးဖော်တာ၊ တစ်ပိုင်တစ်နိုင် ရွှေတူးဖော်တာ၊ အလုပ်အကိုင်အမရှိ အကြောင်းမဲ့ လာရောက်နေထိုင်တာ လာရောက်နေထိုင်သူတွေကို ဇွန်လ ၂၅ ရက်နေ့ နောက်ဆုံးထွက်ခွာသွားဖို့ အသိပေးထုတ်ပြန်မှု ရှိခဲ့ပါတယ်။
KIA ရဲ့ ထုတ်ပြန်ချက်မှာတော့ ဦးမင်းဇင်သန့်ဦးဆောင်တဲ့ ပြည်သူ့စစ်အဖွဲ့က ပြည်သူလူထုသွားလာလုပ်ကိုင်နေတဲ့ နေရာတွေမှာ မိုင်းထောင်တာ၊ ဒရုန်းနဲ့ဗုံးကြဲချတာနဲ့ လက်နက်ကြီးပစ်ခတ်တာတွေကြောင့် ပြည်သူလူထု အသက်အိုးအိမ်စည်းစိမ် ထိခိုက်မှာကို စိုးရိမ်ပြီး ကန့်သတ်နယ်မြေတွေကို မလွှဲမရှောင်သာ သတ်မှတ်ရတာလို့ ဖော်ပြထားပါတယ်။
အဲဒီလို စာထုတ်ပြန်မှု နောက်ပိုင်း အခုလို လေယာဉ်နဲ့လာရောက်ပစ်ခတ်တာ ဖြစ်ပြီး လက်ရှိအချိန် အဲဒီရွှေမှော်တစ်ဝိုက် ပြည်သူတွေ ရှိ/မရှိကိုတော့ အတည်မပြုနိုင်ဘူးလို့ အထက်ပါ ဒေသခံက ဆက်လက်ပြောပါတယ်။
“KIAကနေ စာထုတ်ပြန်ပြီးနောက် ဖြစ်တာဆိုတော့ လူတွေတော့ မရှိလောက်ဘူး ထင်တယ်”လို့ သူက ဆိုပါတယ်။
ဂျာဝန်(Ja Wang)ရွှေမှော်ဟာ ရှဒူးဇွပ်ပြည်သူ့စစ်စခန်းနဲ့ KIA ထိန်းချုပ်ဧရိယာကြားမှာရှိတဲ့ ရွှေမှော်ဖြစ်တယ်လို့လည်း သိရပါတယ်။







