ဇူလိုင် ၆
ဘူးလက်သတင်းဂျာနယ်ထုတ်ဝေသူ ဦးလှဆွေကို ချီဖွေဆော့်လော်ဒေသက ဒေသခံပုဂ္ဂိုလ် ငါးဦးက တရားစွဲဆိုထားတဲ့ အမှုနဲ့ပတ်သက်လို့ ဦးလှဆွေဟာ ကချင်ပြည်နယ်တရားရုံးမှာ အမှုလာရောက် ရင်ဆိုင်ခဲ့ ပါတယ်။
၂၀၁၆ ခုနှစ်၊ သြဂုတ်လ ၂၄ ရက်က ထုတ်ဝေခဲ့တဲ့ ဘူးလက်သတင်းဂျာနယ်အတွဲ (၁)၊ အမှတ် (၈) ကြော်ငြာကဏ္ဍမှာ မဟုတ်မမှန်ရေးသားဖော်ပြ ပုံနှိပ်ထုတ်ဝေခဲ့တဲ့အတွက် အသရေဖျက်မှု၊ တရားမနစ်နာမှု လျော်ကြေးငွေ ကျပ်သိန်း နှစ်သောင်းရလိုမှုတွေနဲ့ စွဲဆိုထားတာဖြစ်တယ်လို့ Eleven Lawyer ကုမ္ပဏီလီမိ တက်က အမှုဆောင်အရာရှိချုပ်၊ တရားလိုအကျိုးဆောင်ရှေ့နေ ဦးတင်ထွန်းသိန်းက ပြောပါတယ်။
အသရေဖျက်မှုကတော့ ဦးစံဝေခေါင်လွမ်းက ဦးလှဆွေကို တရားစွဲဆိုထားတယ်လို့သိရပြီး တရားမနစ် နာမှု လျော်ကြေးငွေ ကျပ်သိန်း နှစ်သောင်းရလိုမှုကိုတော့ ဦးလယောက်ဇလွမ်း၊ ဦးမုတ်ရင်ဒေါင်ဟောင်း၊ ဦးန ဘုတ်ထောခေါင်၊ ဦးလကုတ်ဇုန်းယိန်း(ခေါ်) ဇော်လှိုင်နှင့် ဦးစံဝေခေါင်လွမ်းတို့ ငါးဦးက စွဲဆိုထားတာဖြစ်တယ် လို့လည်း ဦးတင်ထွန်းသိန်းထံမှသိရပါတယ်။ အသရေဖျက်မှုကို ၂၀၁၇ ခုနှစ် ဇူလိုင်လ ၁၁ ရက်နေ့မှာ စတင် အမှုဖွင့်လှစ်ခဲ့တာဖြစ်ပြီး ဘူးလက်သတင်းဂျာနယ် တာဝန်ခံ အယ်ဒီတာနဲ့ ကြော်ငြာထည့်သူတို့ နှစ်ယောက်ကို တရားမမှုနဲ့စွဲဖို့ လျှောက်ထားခဲ့တာကတော့ ၂၀၁၆ ခုနှစ် အောက်တိုဘာ ၁၉ ရက်မှာ ဖြစ်ပါတယ်။
အသရေဖျက်မှုကိုတော့ မြစ်ကြီးနား တွဲဘက်မြို့နယ်တရားသူကြီး ဒေါ်သန့်သန့်သင်းက ကိုင်တွယ် စစ်ဆေးနေပြီး တရားမနစ်နာမှုလျော်ကြေးငွေ ကျပ်သိန်း နှစ်သောင်းရလိုမှုကိုတော့ ပြည်နယ်တရားလွှတ်တော် တရားသူကြီး ဒေါ်ပြုံးပြုံးအေးက စစ်ဆေးနေတာပါ။
အဲဒီဖြစ်စဉ်ရဲ့အစကတော့ ၂၀၁၅ ခုနှစ်ရွေးကောက်ပွဲနောက်ပိုင်းကာလမှာ အခြေပြုခဲ့တာပါ။ အခုမှစ တင်စစ်ဆေးရတဲ့အကြောင်းကတော့ ဦးလှဆွေကို အမှုသည်စာရင်းမှာ ထပ်တိုးအဖြစ် ထည့််သွင်းရေး၊ မထည့် သွင်းရေး အငြင်းပွားနေတာနဲ့ ကြန့်ကြာသွားခဲ့တာလို့ သိရပါတယ်။
ပထမအ ကြိမ်အမျိုးသားလွှတ်တော် ကိုယ်စားလှယ်ဟောင်း ဦးစခုန်တိန့်ယိန်း ၂၀၁၅ မှာ ဒုတိယအ ကြိမ် ထပ်မံအောင်နိုင်တဲ့ နောက်ပိုင်း စခဲ့တဲ့ဇာတ်လမ်းပါ။ အဲဒီရွေးကောက်ပွဲမှာ ဦးစခုန်တိန့်ယိန်း အနိုင်ရရှိခြင်း ဟာ ရွေးကောက်ပွဲ ကော်မရှင်ဥပဒေတွေကို ချိုးဖောက်ခဲ့လို့ အနိုင်ရခြင်းသာဖြစ်တယ်လို့ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးစံဝေခေါင်လွမ်းတို့အဖွဲ့တွေ တင်ပြကန့်ကွက်ခဲ့ပါတယ်။ အဲဒီကန့်ကွက်ချက်ကြောင့် ဦးစခုန်တိန့်ယိန်းဟာ အခုအစိုးရလက်ထက်အတွက် ပြန်လည်အနိုင်ရခဲ့တဲ့ အမျိုးသားလွှတ်တော်ကိုယ်စား လှယ် နေရာကနေ ရုတ်သိမ်းခံခဲ့ရပါတယ်။ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်နေရာကိုတော့ ဦးစခုန်တိန့် ယိန်းပြီးရင် ဒုတိယမဲအများဆုံးရတဲ့ ဦးယောန(တစ်သီးပုဂ္ဂလ) ကို အစားထိုးတင်မြှောက်ခဲ့ပါတယ်။
ဒီလို ရုတ်သိမ်းခံရတာနဲ့ ပတ်သက်ပြီး မကျေနပ်တဲ့ ကချင်အထူးဒေသ(၁)က ဦးလညွဲခေါင်ဇောင်းက ဘူးလက်ဂျာနယ်မှာ ကြော်ငြာထည့်ခဲ့တာပါ။ ကြော်ငြာထဲမှာတော့ ဦးစခုန်တိန့်ယိန်းကို ကန့်ကွက်ခဲ့တဲ့ ဦးစံေ၀ ခေါင်လွမ်းနဲ့ ဦးဇော်လှိုင်တို့အပါအဝင် ကချင်အထူးဒေသ(၁)မှာ ထိပ်ပိုင်းရာထူးတွေကနေ အနားယူထားတဲ့ ပု ဂ္ဂိုလ်ကြီးတွေရဲ့ ဂုဏ်သိက္ခာကို ထိခိုက်တဲ့ စာသားတွေပါဝင်ခဲ့တယ်လို့လည်း ဦးတင်ထွန်းသိန်းကပြောပါတယ်။
“ဦးစခုန်တိန့်ယိန်း ပြုတ်ကျသွားတာကို မကျေနပ်လို့ အထူးဒေသ(၁)မှာ ဖြစ်ပျက်ခဲ့တဲ့ဟာတွေကို ဂျာ နယ်မှာ တိုင်းသိ၊ ပြည်သိထည့်တာပါ။ ဒါ့အပြင် တိုင်းရင်းသားတွေအချင်းချင်း အထင်အမြင်လွဲစေမယ့်ဟာတွေ၊ စိတ်ဝမ်းကွဲစေမယ့်ဟာတွေ၊ တပ်မတော်က အထင်အမြင်လွဲစေမယ့်ဟာမျိုးတွေ၊ တခြားလက်နက်ကိုင်အဖွဲ့ အ စည်းက အထင်အမြင်လွဲစေမယ့်ဟာမျိုးတွေကို ရေးခဲ့တယ်၊ ဒါကြောင့် ကြော်ငြာထည့်တဲ့ ဦးလညွဲခေါင်ဇောင်း ကိုရော၊ ဘူးလက်ဂျာနယ်အယ်ဒီတာကိုရော အမှုထဲမှာထည့်ထားတယ်။”လို့ တရားလိုအကျိုးဆောင်ကပြော ပါတယ်။
ဦးလှဆွေကို အမှုမှာထည့်သွင်းရတာကတော့ သတင်းမီဒီယာဥပဒေအရ လူမျိုးရေးအသွင်ဆောင်မယ့် သတင်းတွေနဲ့ အငြင်းပွါးစေမယ့်သတင်းတွေကို ထုတ်ဝေခဲ့လို့ဖြစ်တယ်လို့ဆိုပါတယ်။
“ကျပ်သိန်းပေါင်း နှစ်သောင်းရလိုမှုဆိုတာကတော့ ကျွန်တော်တို့ကိုယ်တိုင် သတ်မှတ်ပြီး စွဲတာပါ၊ တရားမနစ်နာမှုလျော်ကြေးငွေကျတော့ တန်ဖိုးက ကိုယ့်ဟာကိုယ် သတ်မှတ်တယ်၊ ခန္ဓာကိုယ်ကို ထိခိုက် အောင်လုပ်တာက မြင်ရတယ်လေ၊ စိတ်ကိုထိခိုက်အောင်လုပ်တာက မမြင်ရဘူး။ ဒါ့ကြောင့် လူတစ်ယောက်ကို သိန်း လေးထောင်နှုန်းနဲ့ ငါးယောက်အတွက် လျော်ကြေးတောင်းတာပါ။ စွဲတဲ့ပုဂ္ဂိုလ်တွေကလည်း အကုန်လုံး ဂုဏ်သရေရှိလူကြီးတွေပါ”လို့လည်း ဦးတင်ထွန်းသိန်းက ဖြည့်စွက်ပြောဆိုခဲ့ပါတယ်။
Bullet (ကျည်ဆံ) သတင်းဂျာနယ်ကို ထုတ်ဝေခဲ့တဲ့ ဦးလှဆွေကလည်း ဦးစခုန်တိန့်ယိန်းတက်ရောက် ခဲ့တဲ့ ပထမအကြိမ် အမျိုးသားလွှတ်တော်မှာ မကွေးတိုင်းဒေသကြီးမဲဆန္ဒနယ် အမှတ် (၁၂)၊ ဂန့်ဂေါမြို့နယ်က လွှတ်တော်အမတ်တစ်ဦးပါ။ အလုပ်သင်ဗိုလ်လောင်းအမှတ်စဉ် (၈)မှာတက်ရောက်ခဲ့ပြီး တပ်မတော်မှာ နှစ်ပေါ င်း ၂၀ ကျော်တာဝန်ထမ်းဆောင်ခဲ့တဲ့ အငြိမ်းစား ဒုဗိုလ်မှူးကြီး တစ်ဦးလည်းဖြစ်ပါတယ်။
၂၀၁၃ ဇန်နဝါရီလ ၂၄ ရက်ကကျင်းပတဲ့ ပထမအကြိမ်အမျိုးသားလွှတ်တော်မှာ ပြည်တွင်းငြိမ်းချမ်း ရေးနဲ့ ပတ်သက်ပြီး ထာဝရငြိမ်းချမ်းရေး ဖော်ဆောင်ဖို့ နှစ်ဦးနှစ်ဘက် ယုံကြည်မှုရရှိမယ့် ခိုင်မာတဲ့ အခြေခံမူ များချမှတ်ပေးရေးအဆိုကို ကိုယ်စားလှယ် ၁၆ ဦးနဲ့အတူ ဝိုင်းဝန်းဆွေးနွေးခဲ့ကြရာမှာ ” ရွှေလက်နဲ့ ခေါ်လို့မလာ တဲ့ KIA ကို Bullet ပဲ ပေးလိုက်ရင်ကောင်းမယ်”လို့ ထည့် သွင်းပြောကြားခဲ့လို့ ဘူးလက်လှဆွေရယ်လို့ နာမည် ကျော်ကြားခဲ့တဲ့သူပါ။
နောက်ထပ်ပြောစမှတ်တွေကတော့ ရွေးကောက်ပွဲအပြီးသူပြောခဲ့တဲ့ “အခုချိန်မှ ကြံ့ဖွံ့ဘက်က အိုဘားမားလာပြိုင်ရင်လည်း နိုင်မှာမဟုတ်ဘူး၊ ဗိုလ်ချုပ်အောင်ဆန်းဝင်ပြိုင်လည်းနိုင်မှာမဟုတ်ဘူး”ဆိုတဲ့ စကားတွေ၊ တပ်မတော်သားများအတွက် နစ်နာကြေး နည်းပါးသည့် ုကိစ္စကို အမေရိကန် ပြည်ထောင်စု၊ နယူးယောက်မြို့မှ မင်းသမီး၊ အဆိုတော် ဂျနီဖာလိုပက်ဇ် (Jennifer Lopez) အာမခံထားသည့် တင်ပါးတန်ကြေးဖြင့် ခိုင်းနှိုင်းပြောဆိုခဲ့တာကြောင့် ဖင်တစ်ခြမ်းလှဆွေရယ်လို့လည်း လူသိများတဲ့ ပုဂ္ဂိုလ်ပါ။
သူတို့ကို တိုင်တန်းတဲ့ ပုဂ္ဂိုလ်တွေက ကချင်အထူးဒေသ(၁)ကနေထုတ်လိုက်လို့ NLD ထဲကိုရောက် သွားတယ်၊ ဒါကြောင့် အခုဖြစ်စဉ်နဲ့ပတ်သက်ပြီး NLD က ကြံ့ခိုင်ရေးကို စွဲတယ်လို့မြင်ကြောင်း ပြောပါတယ်။
“ကျွန်တော်တို့ထုတ်ဝေသူဆိုတာ ဒီနေ့ဂျာနယ်ဘယ်လောက်ရောင်းရလဲ၊ မြတ်လား၊ ရှုံး လား၊ ကြော်ငြာရလား။ ပိုက်ဆံပဲသိမ်းတာလေ .. နော၊ လိုအပ်ရင်စိုက်တာပေါ့။ အဲဒီအလုပ်ပဲလေ .. ခင်ဗျား လည်း ဂျာနယ်သမားပဲ၊ အယ်ဒီတာချုပ်ဆိုတာရှိတယ်၊ တာဝန်ခံအယ်ဒီတာတွေပေါ့၊ အယ်ဒီတာနဲ့ ကြော်ငြာလာ သွင်းတဲ့သူ နှစ်ယောက်မှာ တာဝန်ရှိတယ်။ တာဝန်ခံအယ်ဒီတာကလည်း ကြော်ငြာလာထည့်တဲ့သူက ဒီဟာမှန် ပါတယ်ဆိုတာကို ဗီဒီယိုနဲ့ပြလို့ တာဝန်ခံအယ်ဒီတာက ကြော်ငြာအနေနဲ့ ထည့်လိုက်တာပါ။ သူက သူ့လိပ်စာ ပေးတယ်၊ မှတ်ပုံတင်ပေးတယ်၊ ကြော်ငြာထည့်တယ်၊ အဲဒီလူတွေနှစ်ယောက်ကျတော့ ရှာလို့မတွေ့ဘူးဆိုပြီး ခွင့်လွှတ်တယ်တဲ့ ။ ကျွန်တော်တို့ဆီမှာ ပိုက်ဆံပေးပြီး ကြော်ငြာထည့်ပြီးတော့ လစ်သွားတာလေ၊ ပထမက ကျွန်တော့်ကို တရားမစွဲဘူး။ ကြော်ငြာလာထည့်တဲ့သူနဲ့ တာဝန်ခံအယ်ဒီတာကို စွဲတာ၊ ဟိုကောင် နှစ်ကောင်ကို ခေါ်လို့လည်းမရရော ထုတ်ဝေသူ ဦးလှဆွေကို စွဲတယ်ဆိုပြီးမှ စွဲခဲ့တာ၊ ကျွန်တော်က အိမ်မှာနေတာ၊ ဂျာနယ် ထွက်ပြီး သုံးရက်ကြာမှသိတာ”လို့ ပြောဆိုပါတယ်။
ဦးလှဆွေက အစိုးရသစ်လက်ထက်မှ အစိုးရသစ်ကို ဝေဖန်ထောက်ပြမယ့် သတင်းမီဒီယာနည်းပါးနေ လို့ဆိုပြီး သူ့ရဲ့ ဘူးလက်သတင်းဂျာနယ်ကို ၂၀၁၆ ခုနှစ် ဇူလိုင်လ မှာစတင်ထုတ်ဝေခဲ့တာပါ။ အဲဒီတုန်းက တာဝန်ခံအယ်ဒီတာအဖြစ် ဇွဲဝဏ္ဏ(ကျုံပျော်)က တာဝန်ယူဆောင်ရွက်ခဲ့တာပါ။
“မြန်မာ့တရားရုံးသမိုင်းမှာ တစ်ခါမှမရှိဖူးတဲ့ ထုတ်ဝေသူကို တရားစွဲတာ၊ ဒါပထမဆုံးအကြိမ်ပဲ၊ ပထမ ဟိုလူ နှစ်ယောက်ကိုစွဲထားရာကနေ ကျွန်တော့်ကိုထပ်ထည့်တာ၊ အဲဒီတုန်းက တာဝန်ခံအယ်ဒီတာကလည်း အလုပ်ထွက်သွားပြီ။ ဒါကျွန်တော့်ကို တမင်သက်သက်လာစွဲတာ၊ NLD က ကြံ့ခိုင်ရေးကို စွဲတယ်လို့ပဲမှတ်တယ်၊ နိုင်ငံရေးပါတာပေါ့”လို့ ဦးလှဆွေက ရယ်ရယ်မောမောနဲ့ ပြောဆိုလိုက်ပါတယ်။
ဦးလှဆွေကို တရားမနစ်နာမှု လျော်ကြေးငွေအတောင်းခံရတာ အခုအကြိမ်က ပထမဆုံးတော့မဟုတ် ပါဘူး။ Eleven Media Group က ၂၀၁၅ ခုနှစ်ကုန်ပိုင်းမှာ တရားမနစ်နာမှုလျော်ကြေးငွေ ကျပ်သိန်းပေါင်း ၆၀၀၀ တောင်းခဲ့ဖူးပါတယ်။
“ကျနော်က ဂျာနယ်တွေထဲမှာ သူရိယနေဝင်းရယ် မြန်မာသံတော်ဆင့်ရယ် အလဲဗင်းရယ် ဘာမေးမေး မဖြေဘူးလို့ ဆုံးဖြတ်ထားတာပါ။ အလွန်စက်ဆုပ်ဖွယ်ကောင်းလို့ဗျ။”၊ “ကျနော်က ဂန့်ဂေါအမတ်ပဲ၊ သူတို့ဂျာ နယ် တည်ထောင်သူတွေ အရင်က ဂန့်ဂေါဘက်မှာ သစ်ကုမ္ပဏီထောင်ပြီး သစ်တွေထုတ်လို့ ကုန်ခါနီး လိုင်းပြောင်း၊ ပေါ်ပင် ဘောလုံး ဂျာနယ်ထုတ်၊ ဘောလုံးပွဲလောင်းသူတွေရဲ့ အားပေးမှုကြောင့် ပေါက်လာပြီး အခုမှ အင်ဗာရိုမင့်အကြောင်းတွေ လာပြောနေ စိတ်ကုန်စရာကြီး” ဟု ဖေ့စ်ဘုတ်မှာ ဖော်ပြခဲ့တာကြောင့် EMG က သူတို့ဂုဏ်သိက္ခာကို ထိခိုက်စေတယ်ဆိုပြီး ၇ ရက်အတွင်းလာရောက်ဖြေရှင်းပေးဖို့ ဦးလှဆွေနဲ့ အများသိ စေရန် စွဲဆိုအသိပေးကြေညာခဲ့ဖူးပါတယ်။
အခုအမှုနဲ့ပတ်သက်ပြီး ကချင်ပြည်နယ်တရားလွှတ်တော်က ဇူလိုင်လ ၂၃ ရက်နေ့မှာ ပြန်လည်စစ် ဆေးဖို့ ပြန်လည်ချိန်းဆိုခဲ့ပါတယ်။
ဇော်နိုင်ဦး







