မြန်မာအစိုးရ၊ တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်အစုအဖွဲ့တို့အကြား ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ၊ ထပ်မံကျင်းပရန် ပြင်ဆင်နေချိန်တွင် မြန်မာနိုင်ငံ၏ ပြည်တွင်းစစ်သည် စစ်မျက်နှာတိုင်း နီးပါးတွင် အားကောင်းပြင်းထန်လာလျှက်ရှိသည်။

မြန်မာ့တပ်မတော်သည်နိုင်ငံမြောက်ပိုင်း၌ ကချင်လွတ်မြောက်ရေးတပ်မတော် (ကေအိုင်အေ) အပေါ် ပြင်းထန်သောထိုးစစ်တစ်ရပ်ကို မကြာသေးမီကပင် စတင်ဆင်နွှဲလာခဲ့ပြီး တစ်ပြိုင်တည်းမှာပင် တိုင်းရင်းသားတရုတ်လူမျိုးတို့ နေထိုင်သည့် ကိုးကန့်ဒေသအပါအဝင် ရှမ်းပြည်နယ်မြောက်ပိုင်း ဒေသများတွင်လည်း တိုက်ပွဲအရှိန်အဟုန်ကို မြှင့်တင်လာခဲ့သည်။
မြန်မာနိုင်ငံရှိ တိုင်းရင်းသားလက်နက်ကိုင် အစုအဖွဲ့များအပေါ် သြဇာလွှမ်းမိုးသက်ရောက်မှုရှိသည့် တစ်ခုတည်းသော ပြည်ပအင်အားဟုဆိုရမည့် တရုတ်နိုင်ငံသည်တစ်စထက်တစ်စ အရှိန်မြင့်တက်လာနေသော ပြဿနာအကြပ်အတည်းကို ကူညီဖြေရှင်းနိုင်ရေးအတွက် ဝင်ရောက်လာနိုင်ချေရှိပေသည်။ တရုတ်နိုင်ငံက ယင်း၏ ပိုင်နက်အတွင်းသို့ စစ်ဘေးရှောင်ပြည်သူများ ပြေးဝင်ခိုလှုံလာစေသည့် နယ်စပ်ဒေသအနီးမှ တိုက်ပွဲများကိုရှုတ်ချလိုက်ကြောင်း တနင်္ဂနွေနေ့(မေလ ၂၀ ရက်နေ့)ထုတ် သတင်းများအရ သိရသည်။
မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံရုံးက (မေလ ၁၃ ရက်နေ့စွဲဖြင့် ထုတ်ပြန်သော) ကြေညာချက်၌ စစ်မက်ဖြစ်ပွားနေသော အဖွဲ့အစည်းအားလုံးကိုစိတ်လိုက်မာန်ပါမပြုဘဲ ချုပ်တည်းထိန်းကွပ်ကြရန် အပစ်အခတ်ရပ်စဲကြပါရန်နှင့် တိုက်ပွဲအရှိန်မြင့်မားလာစေမည့်အခြေအနေများကို တားဆီးကြရန် တိုက်တွန်းအပ်ကြောင်းဖော်ပြပါရှိသည်ဟု အဆိုပါသတင်းများက ဆိုသည်။ ထို့အပြင် မြန်မာအစိုးရကိုလည်း တွေ့ဆုံညှိနှိုင်းမှုများပြုလုပ်ရန် အလေးအနက် တောင်းဆိုထားကြောင်း သိရသည်။
သို့ရာတွင် မြန်မာနိုင်ငံ၏တိုင်းရင်းသားပဋိပက္ခများအတွင်း ငြိမ်းချမ်းရေးဖော်ဆောင်သူနှင့် ပါဝင်ဆွေးနွေးသူအဖြစ်ဆောင်ရွက်လျှက်ရှိသော တရုတ်နိုင်ငံ၏ အခန်းကဏ္ဍမှာရိုးစင်းခြင်းမရှိသည့်အပြင် စစ်မှန်လေးနက်ခြင်းလည်း ရှိသည်မဟုတ်ပေ။ ဘေဂျင်းအစိုးရသည် ရခိုင်ပြည်နယ်အနောက်ပိုင်း အိန္ဒိယသမုဒ္ဒရာတွင်ဖွင့်လှစ်ထားသော အချက်အချာကျသည့် ကျောက်ဖြူဆိပ်ကမ်းအား အသုံးချခွင့်ရရှိရေးအပါအဝင် ပိုမိုကျယ်ပြန့်သော ယင်း၏မဟာဗျူဟာမျှော်မှန်းချက်များကို ဆောင်ကြဉ်းနိုင်ရန်အတွက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို လက်ကိုင်ပြု၍ ရှုပ်ထွေးနက်နဲသော သံတမန်ကစားပွဲတစ်ရပ် ကစားနေခြင်းဖြစ်ကြောင်း ယုံကြည်စိတ်ချရသည့် သတင်းအရင်းအမြစ်များက ထုတ်ဖော်ပြောကြားသည်။
တရုတ်နိုင်ငံသည် ယင်း၏အနောက်တောင်ဘက်ဒေသမှ အိန္ဒိယသမုဒ္ဒရာအထိ ဖြန့်ကျက်ထားသော မြန်မာစြင်္ကန်လမ်းဟု ခေါ်ဆိုနိုင်သည့် လမ်းကြောင်းကို လုံခြုံစိတ်ချမှုရရှိစေရန် ကြိုးပမ်းရှာဖွေလာခဲ့သည်မှာ ကြာမြင့်လှပြီဖြစ်သည်။ မြန်မာစြင်္ကန်လမ်းသည်တရုတ်သမ္မတရှီကျင်းဖျင်၏ Belt and Road Initiative ခေါ် စီမံကိန်းအတွက် အထူးတလည်အရေးပါလှသည်။ အဆိုပါစီမံကိန်းသည် အမေရိကန်ဒေါ်လာဘီလျံပေါင်း ထောင်နှင့်ချီ၍ တန်ဖိုးရှိသောစီမံကိန်းဖြစ်ပြီး အနောက်တောင်ဘက်ဒေသ ၏ အခြေခံအဆောက်အအုံကို မြှင့်တင်တည်ဆောက်ကာ တရုတ်နိုင်ငံအတွက် အားသာချက်တစ်ရပ် ဖြစ်လာစေမည် ဖြစ်သည်။
အကယ်၍ တရုတ်နိုင်ငံကမြန်မာနိုင်ငံရှိ တိုင်းရင်းသားလက်နက်ကိုင်များအပေါ် ယင်း၏သြဇာလွှမ်းမိုးမှုအားဖြင့် မြန်မာနိုင်ငံ ငြိမ်းချမ်းရေးရရှိရန်ကူညီနိုင်မည်ဆိုပါက တရုတ်နိုင်ငံ၏ အထက်အဆိုပါရေရှည်စီမံကိန်းများ လုံခြုံစိတ်ချရရေးကို အပြန်အလှန်အားဖြင့် ရယူလိုမည်မှာ အသေအချာပင်ဖြစ်ကြောင်း အထက်ပါသတင်းရင်းမြစ်များက ဆိုကြသည်။
ဤသည်မှာ ဆုပေး၊ဒဏ်ပေးပုံစံမျိုးဖြင့် ချဉ်းကပ်လာသော စည်းရုံးသိမ်းသွင်းမှုတစ်ရပ်ပင်ဖြစ်သည်။ ကေအိုင်အေအပါအဝင် မဟာမိတ်အဖွဲ့အစည်းခုနှစ်ဖွဲ့ပါဝငသော ဖက်ဒရယ်နိုင်ငံရေးညှိနှိုင်းဆွေးနွေးမှုနှင့် အကြံပြုကော်မတီ ((Federal Political Negotiation and Consultative Committee – FPNU) တွင် မူးယစ်ဆေးဝါးကူးသန်းရောင်းဝယ်မှုဖြင့် ထင်ရှားကျော်ကြားသော အင်အားတောင့်တင်းဆုံးဖြစ်သည့် ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (United Wa State Army – UWSA) သည် တရုတ်နိုင်ငံထုတ်လက်နက်များကို ရရှိလျက်ရှိသည်။
ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းလားဒေသအခြေစိုက်ရှမ်းနှင့် အခါတောင်ပေါ်လူမျိုးစုတို့ ပေါင်းစပ်ဖွဲ့ထားသောသတ္တမမြောက် မဟာမိတ်အဖွဲ့အစည်းမှာမူ တရုတ်နိုင်ငံထုတ်လက်နက်များကို ယင်းတို့၏ကိုယ်ပိုင်အရင်းအမြစ်လမ်းကြောင်းများမှတစ်ဆင့် ရရှိနေဟန်ရှိပေသည်။ UWSA က ယင်း၏မိတ်ဖက်လက်နက်ကိုင်အဖွဲ့အစည်းများထံ တရုတ်နိုင်ငံထုတ်လက်နက်များ လွှဲပြောင်းပေးအပ်နေခြင်းအပေါ် တရုတ်နိုင်ငံက မည်မျှသောအတိုင်းအတာအထိ လက်ခံထားရှိသည်ဆိုသည်မှာ မှန်းဆချက်တစ်ရပ်မျှသာဖြစ်သည်။
သတင်းရင်းမြစ်များက ထပ်မံပြောကြားကြသည့် တရုတ်နိုင်ငံ၏ အခြားသောမဟာဗျူဟာ အစိတ်အပိုင်းတစ်ရပ်မှာ UWSA အဖွဲ့အစည်းအတွင်း ယင်း၏သြဇာအာဏာကို ပိုမိုလွှမ်းမိုးဖြန့်ကျက်နိုင်ရန် ရည်ရွယ်ချက်ဖြင့် UWSA အဖွဲ့ဝင်ချင်း အဖွဲ့ကွဲစေရန် ဆောင်ရွက်ရေးပင်ဖြစ်သည်။
အဆိုပါ ပြောကြားချက်မှာမကြာသေးမီကဖြစ်ပွားခဲ့သောUWSA ၏ အကြီးအကဲ ပေါက်ယူချမ်းနှင့် UWSA ၏ ငွေကြေးကဏ္ဍကို ထိန်းချုပ်ထားသည့်တရုတ်စီးပွားရေးလုပ်ငန်းရှင်ဝေဆူကျန်းတို့အကြားမှ ဆက်ဆံရေးအက်သံ ထွက်ပေါ်လာမှုကို အခြေပြုပြောကြားလာခြင်းဖြစ်နိုင်ပေသည်။ ပေါက်ယူချမ်းနှင့် ညီအစ်ကိုများမှာ’ဝ’တိုင်းရင်းသားများ ဖြစ်ကြပြီးဝေဆူကျန်းနှင့် ညီအစ်ကိုများမှာ တရုတ်လူမျိုးများဖြစ်ကြသည်။
စိန်ဝင်းဟူသော မြန်မာအမည်ခံယူထားသည့် ဝေဆူကျန်းသည် ကချင်ပြည်နယ်အတွင်းရှိ ကျောက်စိမ်းတူးဖော်ရေးလုပ်ငန်းများတွင် အရင်းအနှီးကြီးမားစွာထည့်ဝင်ထားပြီး အခြားသော စီးပွားရေးလုပ်ငန်းအများအပြားကိုလည်း နိုင်ငံတစ်ဝှမ်း လုပ်ကိုင်လျက်ရှိသူဖြစ်သည်။ ဝေဆူကျန်း၏ စီးပွားရေးလုပ်ကိုင်နိုင်စွမ်း အနေအထားအရ မြန်မာ့တပ်မတော် ထိပ်တန်းအရာရှိကြီးများနှင့် ရင်းနှီးသော ဆက်ဆံရေးလည်း ရှိသည်။
ဝေဆူကျန်းသည် တရုတ်အစိုးရအရာရှိကြီးများနှင့်လည်း အဆက်အသွယ်ကောင်းစွာ ရရှိထားသည့်အပြင် သူကိုယ်တိုင်မှာလည်း ‘ဝ’တိုင်းရင်းသားမဟုတ်သည့်အတွက်သူ၏ရေရှည်လုပ်ငန်း အကျိုးစီးပွားများသည် တရုတ်နိုင်ငံ၏အကျိုးစီးပွားဘက်သို့ ပို၍တိမ်းလွယ် ယိမ်းလွယ် ရှိပေသည်။
၂၀၀၅ ခုနှစ် ဇန်နဝါရီလတွင် အမေရိကန်ပြည်ထောင်စုတရားရုံးက ပေါက်ယူချမ်း၊ဝေဆူကျန်းနှင့် ယင်းတို့၏ ညီအစ်ကိုအပေါင်းအပါတို့အား မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားမှုဖြင့် မျက်ကွယ်တွင် တရားစွဲဆိုခဲ့သည်။ ပေါက်ယူချမ်းသည် မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားမှုဖြင့် ချမ်းသာကြွယ်ဝလာခဲ့သော်လည်း ‘ဝ’တပ်မတော်ကို ဦးစီးသည့် ‘ဝ’အမျိုးသားရေးဝါဒီတစ်ဦးလည်း ဖြစ်သည်။ သို့ရာတွင် ပေါက်ယူချမ်းသည် ဝေဆူကျန်းကဲ့သို့ စီးပွားရေးလုပ်ငန်းကျွမ်းကျင်မှုမရှိကြောင်း သတင်းအရင်းအမြစ်များက ဖော်ပြကြသည်။

UWSA အတွင်း အက်ကြောင်းထပ်မှုသည် ရှမ်းတိုင်းရင်းသားမူးယစ်ရာဇာခွန်ဆာ၏ ၁၉၉၆ ခုနှစ်အတွင်း လက်နက်စွန့်လွှတ်ခဲ့ပုံနှင့် အကြောင်းရင်းခံချင်း အလားသဏ္ဍာန်တူညီနေသည်။ ခွန်ဆာ၏ မုန်တိုင်းတပ်ဖွဲ့(Mong Tai Army- MTA) သည်လည်း အပိုင်းနှစ်ပိုင်းဖြင့် ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။ ရှမ်းတိုင်းရင်းသားတို့က တိုက်ခိုက်ရေးအင်အားစုများတွင် အများဆုံးပါဝင်ခဲ့ကြပြီးအဖွ့၏ ဘိန်းဖြူ ရောင်းဝယ်ဖောက်ကားခြင်းလုပ်ငန်းကို တရုတ်တိုင်းရင်းသားများကလုပ်ကိုင်ကြသည်။
မြန်မာအစိုးရနှင့် လျို့ဝှက်ဆွေးနွေးမှုများကို စီးပွားရေးလုပ်ငန်း လုပ်ကိုင်သည့်အပိုင်းကသာ သိရှိခဲ့ကြကာ ထိုစဉ်ကစစ်အစိုးရနှင့် သဘောတူညီချက်ရရှိသည်အထိ ခရီးပေါက်ခဲ့ကြသည်။ MTA အဖွဲ့ဝင် ရှမ်းအမျိုးသားများမှာ သတင်းအမှောင်ချခံထားကြရပြီး ၁၉၉၆ခုနှစ် ဇန်နဝါရီလတွင် MTA ဌာနချုပ်ရုံးစိုက်ရာ ဟိုမုန်းဒေသသို့ မြန်မာစစ်တပ်ရဟတ်ယာဉ်ဆင်းသက်လာသည့် အခါမှသာ အဖြစ်မှန်ကို သိရှိခဲ့ကြရသည်။
ထို့နောက်တွင် ခွန်ဆာကသူ၏တပ်ဖွဲ့ကို ဖျက်သိမ်းကာရန်ကုန်မြို့တော်နှင့် အဆက်အသွယ် ပြန်လုပ်ခဲ့သည်။ ခွန်ဆာသည် ၂၀၀၇ ခုနှစ်တွင်ရန်ကုန်မြို့၌ပင် ကွယ်လွန်ခဲ့ရသည်။ ခွန်ဆာ၏ မူးယစ်ဆေးဝါးလုပ်ငန်း တွဲဘက်လုပ်ကိုင်သူများက ယခုအခါ မြန်မာနိုင်ငံအတွင်း ယင်းတို့၏ ကိုယ်ပိုင်လုပ်ငန်းများ ထူထောင်လုပ်ကိုင်လျက်ရှိကြသည်။ MTA အဖွဲ့ဝင် ရှမ်းတိုင်းရင်းသားတို့မှာ တပ်ဖွဲ့ဖျက်သိမ်းရခြင်းနှင့်အတူ ပြိုကွဲသွားခဲ့ကြရပြီးနောက်ပိုင်းတွင် ယင်းတို့အနက်မှ အချို့က ရှမ်းလူမျိုးအများစုပါဝင်သော ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (Restoration Council of Shan State – RCSS) ကို အဖွဲ့အစည်းအသစ်တစ်ရပ်အဖြစ် ပြန်လည်ထူထောင်လာခဲ့ကြသည်။
UWSA အဖွဲ့အတွင်း အလားတူဖြစ်ရပ်မျိုးဖြစ်ပေါ်လာလိမ့်မည်ဟု ပြောကြားရန် အချိန်မတိုင်သေးပါ။ အကယ်၍ပေါက်ယူချမ်းညီအစ်ကိုများက တရုတ်တို့၏ ကြားဝင်ဆောင်ရွက်မှုအားဖြင့် အစိုးရနှင့်သဘောတူညီချက်တစ်ရပ်ရရှိရေး စတင်ဆောင်ရွက်လာမည်ဆိုပါက အဆိုပါအက်သံမှာ အားပျော့ပျက်ပြယ်သွားဖွယ်ရာရှိနေပေသည်။
ထိုသို့ ဆိုပါက ညီညွတ်သောတပ်ဦးအဖြစ် ဖွဲ့စည်းထားသည့် FPNCC ၏ လမ်းကြောင်းမှ သွေဖီသွားမည်ဖြစ်သည့်အပြင် အခြားသောလက်နက်ကိုင်မိတ်ဖက်အဖွဲ့အစည်းများအား လက်နက် ထောက်ပံ့ခြင်းသည်လည်း ရပ်တန့်သွားဖွယ်ရာရှိသည်။ အဆိုပါ အဆိုပြုချက်များ ထွက်ပေါ်လာပါက ပေါက်ယူချမ်းနှင့်ယင်း၏အပေါင်းပါများအနေဖြင့် ဝေဆူကျန်း၏ လိုအင်ဆန္ဒများအား ဆန့်ကျင်ရန် ခဲယဉ်းနေမည်ဆိုသည်ကို မြင်တွေ့လာမည်ဖြစ်သည့်အပြင် တရုတ်တို့၏ လုံခြုံရေးထူထောင်မှု အစီအစဉ်သို့လည်း ပူးပေါင်းဆောင်ရွက်သွားရမည် ဖြစ်သည်။

ပေါက်ယူချန်းနှင့် အခြားသော အုပ်စုခေါင်းဆောင်များသည် ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလ ၁၃ ရက်နေ့မှ ၁၅ ရက်နေ့အတွင်း ကူမင်းမြို့၌ လျှို့ဝှက်ဆွေးနွေးပွဲတစ်ရပ် ကျင်းပခဲ့ကြောင်း တရုတ်အစိုးရနှင့်နီးစပ်သော အတွင်းသတင်းရင်းမြစ်များက ဆိုသည်။ ထို့နောက်ဖေဖော်ဝါရီ ၃ ရက်နှင့် ၄ ရက်နေ့များတွင်လည်း ယူနန်ပြည်နယ် တောင်ပိုင်း ကျင်းဟုန်ဒေသ၌ ထပ်မံတွေ့ဆုံဆွေးနွေးခဲ့သေးသည် ဟုဆိုသည်။ ဒုတိယအကြိမ်တွေ့ဆုံဆွေးနွေးပွဲ၌ တရုတ်တို့က ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အပေါ်ထားရှိသည့် ယင်းတို့၏အမြင်များကို ဖော်ပြခဲ့သည်ဟုဆိုသည်။
အဆိုပါဆွေးနွေးပွဲများ၌ ဆွေးနွေးခဲ့သည့်အကြောင်းအရာများကို အတိအကျသိရှိရခြင်း မရှိသော်လည်း နိုင်ငံမြောက်ပိုင်း၌မကြာသေးမီက ဖြစ်ပွားခဲ့ပြီး တရုတ်နယ်စပ်ဒေသအထိ ပျံ့နှံ့လာခဲ့သော တိုက်ပွဲသစ်များအတွင်း UWSA တပ်ဖွဲ့အနေဖြင့် ပါဝင်ပတ်သက်မည်ကို မလိုလားကြောင်း တရုတ်တို့ဘက်မှ အသိပေးခဲ့ပုံရသည်မှာ ထင်ရှားလှပေသည်။
အချို့သော သတင်းရင်းမြစ်တို့ကမူ တရုတ်နိုင်ငံသည် FPNCC အဖွဲ့ကို အပိုင်းပိုင်းကွဲထွက်စေခြင်းဖြင့် ထိန်းချုပ်ကိုင်တွယ်ရ ပိုမိုလွယ်ကူစေမည့်အပြင် အပိုင်းပိုင်းကွဲနေသော တိုင်းရင်းသားလက်နက်ကိုင်အစုအဖွဲ့များကို ယင်း၏သြဇာအာဏာ ထီးရိပ်တစ်ခုတည်းအောက်တွင်ပင် စုစည်းညီညွတ်မှုမရှိသော တပ်ဖွဲ့များအဖြစ် ထားရှိကာ အလွယ်တကူ ကိုင်တွယ်ထိန်းချုပ်သွားနိုင်မည့် နည်းလမ်းကို ကြိုးပမ်းရှာဖွေနေခြင်းလည်း ဖြစ်နိုင်ကြောင်း ခန့်မှန်းပြောကြားသည်။
ရာပြည့် ဘာသာပြန်သည်
Reference: China is conflicted in Myanmar’s Wars
by Bertil Lintner, May 17, 2018, Asia Times







