၁၀ ကြိမ်မြောက် ရန်ကုန်ဓာတ်ပုံပွဲတော်တွင် ကချင်ပြည်နယ်မှ အမျိုးသမီးဓါတ်ပုံပညာရှင်နှစ်ဦးက ဆုအသီးသီးရရှိ

1518

ဖေဖော်ဝါရီ ၂၇

ပြင်သစ်ယဉ်ကျေးမှုဌာနက ပြုလုပ်သည့် ၁၀ ကြိမ်မြောက် ရန်ကုန်ဓါတ်ပုံပွဲတော်တွင် ကချင်ပြည်နယ်မှ အမျိုးသမီးဓါတ်ပုံပညာရှင်နှစ်ဦးက ပထမဆုနှင့်စတုတ္ထဆုတို့ကို အသီးသီး ဆွတ်ခူးရရှိခဲ့ကြသည်။

ထိုရန်ကုန်ဓါတ်ပုံပွဲတော်တွင် ဓါတ်ပုံပညာရှင်အဆင့် (Professional Photographer Category 2018 for the best photo- story of the year) ပထမဆုကို ဇာတ်လမ်းအမည် (I Feel Safe)ဖြင့် မြစ်ကြီးနားသတင်းဂျာနယ်မှ အယ်ဒီတာချုပ်မဆိုင်းမိုင်ကရရှိခဲ့ပြီး တက်သစ်စ ဓာတ်ပုံပညာရှင်အဆင့်တွင် မြစ်ကြီးနားမြို့၊ ရွှေစက်စစ်ရှောင်စခန်းမှ ၉ နှစ်အရွယ် မသန်စွမ်းကလေးငယ် မဘောက်ဆိုင်းက “မြင့်သည်ထက်မြင့်” ဇာတ်လမ်းဖြင့်  စတုတ်္ထဆုကို ဆွတ်ခူးရရှိခဲ့ခြင်း ဖြစ်သည်။

  “ကချင်ပြည်နယ်မှာ ဖြစ်နေတဲ့ စစ်ပွဲတွေရဲ့ နောက်ကွယ်မှာ အမျိုးသမီးတွေ ဘယ်လိုကြိုးစားပါဝင်နေတယ်ဆိုတာ နိုင်ငံတကာက သိစေချင်လို့ ဒီစတိုရီကို ရိုက်ခဲ့တာပါ”ဟု မဆိုင်းမိုင်က ပြောသည်။

မဆိုင်းမိုင်သည် အဆိုပါ ဓာတ်ပုံဇာတ်လမ်းအတွက် မုန်းဆိုင်ယန်စစ်သင်တန်းကျောင်းသို့ သွားရောက်ရိုက်ကူးခဲ့ကြောင်း သိရသည်။

I Feel Safe ဓာတ်ပုံဇာတ်လမ်းတွင် ကေအိုင်အေတပ်ဖွဲ့မှ စစ်သမီးများ၏ ဘ၀အခြေအနေကို ရိုက်ကူးပုံဖော်ထားပြီး ထိုဇာတ်လမ်းကြောင့် ဓာတ်ပုံပညာရှင် ၁၀၀ ကျော်အနက်အကြီးတန်း ဓါတ်ပုံပညာရှင်အဆင့်ပထမဆုကို ရရှိခဲ့ခြင်းဖြစ်သည်။

ထိုကဲ့သို့ပင် မသန်စွမ်းကလေးငယ် မဘောက်ဆိုင်းကလည်း တက်သစ်စ ဓါတ်ပုံပညာရှင်အဆင့်တွင် သူမ၏ဘ၀ဇာတ်ကြောင်းကို ရိုက်ကူးပုံဖော်ကာပြိုင်ပွဲဝင်ခဲ့ရာ အထက်ပါအတိုင်း စတုတ္ထဆုကို ရရှိခဲ့ခြင်း ဖြစ်သည်။

ဓာတ်ပုံ – chan soe (ဧရာဝတီသတင်းဌာန)

ယင်းဓာတ်ပုံပွဲတော်အတွက် ဆုချီးမြှင့်ပွဲကို ယခုလ ၂၄ ရက်က ရန်ကုန်မြို့ရှိ ပြင်သစ်ယဉ်ကျေးမှုဋ္ဌာနတွင် ပြုလုပ်ခဲ့ကြောင်း၊ ထိုပွဲသို့ ၀င်ရောက်ယှဉ်ပြိုင်ခဲ့ကြသည့် ပြိုင်ပွဲဝင် ၁၀၀ ကျော်၏ ဓါတ်ပုံဇာတ်လမ်းများအနက် ဆန်ခါတင် ဓါတ်ပုံဇာတ်လမ်း ၁၆ ခုကို ရွေးချယ်ခဲ့ကြောင်း၊ ယင်းတို့အနက် ဆု ၉ ဆု ရွေးချယ်ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မဆိုင်းမိုင်သည် ယခင်နှစ်ကလည်း အဆိုပါ ရန်ကုန်ဓာတ်ပုံပွဲတော်တွင် The Trap ခေါင်းစဉ်ဖြင့် မူးယစ်ဆေးဝါးကြောင့် ဒုက်္ခပေါင်းစုံ ခံစားနေရသည့် ကချင်ပြည်နယ်မှ အမျိုးသမီးများအကြောင်းကို ရိုက်ကူးပုံဖော်ခဲ့ရာ အငယ်တန်းအဆင့်တွင် ပထမဆုရရှိခဲ့ဖူးသည်။

စည်သူ(မြစ်ကြီးနား)

LEAVE A REPLY

Please enter your comment!
Please enter your name here