၂၀၂၀ ရွေးကောက်ပွဲတွင် အမျိုးသမီးများ ပိုမိုပါဝင်လာစေရန်ဆွေးနွေးပွဲ ပြုလုပ်

1090
အမျိုးသမီးများ

အောက်တိုဘာ ၁

အမျိုးသမီးများ ခေါင်းဆောင်မှုပိုင်းတွင် အဓိပ္ပာယ်ရှိစွာ ပါဝင်လာနိုင်စေရန် တရားဝင် သတ်မှတ်ပေးရမည့် အကြောင်းအရာများစွာရှိနေသေးကြောင်း ထွယ်ဂျန်တာမှ ဒါရိုက်တာ ဒေါ်နန်ပူက ပြောသည်။

ဆုံးဖြတ်ချက်ချရသည့် ခေါင်းဆောင်မှုပိုင်းတွင် အမျိုးသမီးများ ပါဝင်နိုင်မှုအတွက် အဟန့်အတားများစွာရှိနေပြီး အမျိုးသမီးများ၏ ဆုံးဖြတ်ချက် အတွေးအမြင်များကို အသိအမှတ် ပြုပေးနိုင်မှုများ အားနည်းနေခြင်းဖြစ်ကြောင်း အမျိုးသမီးများ အဓိပ္ပါယ်ရှိစွာ ပါဝင်မှုအားကောင်းလာစေရန် ပြုလုပ်သည့် ဆွေးနွေးပွဲတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

“တချို့နေရာတွေမှာ အမျိုးသမီးတွေက ပါတယ်။ အဓိပ္ပါယ်ရှိစွာပါတယ်။ ဒါပေမဲ့ သူ့ဖြစ်တည်မှုကို အသိအမှတ်ပြုဖို့၊ သူ့ရဲ့အခွင့်အရေး၊ စွမ်းရည်ကို လက်ခံပြီးတော့ ပေးလာဖို့ဆိုတဲ့ အပိုင်းမှာ အများကြီးပဲ ဒါတွေလည်း အခက်အခဲတွေပေါ့”ဟု ဒေါ်နန်ပူက ပြောသည်။

အမျိုးသမီးများ အနေဖြင့် မိမိတို့ပါဝင်ပတ်သက်နေသော နိုင်ငံရေးပါတီ၊ အဖွဲ့အစည်းများတွင် နေရာမရရှိခြင်း၊ အမျိုးသမီးများ၏ ကြိုးစားမှုကို အသိအမှတ်ပြုမှုများ မရှိခြင်း၊ ရိုးရာအစွဲအရ ဖိနှိပ်ခံရမှု၊ ခွဲခြားဆက်ဆံခံရမှုများ ရှိနေကြောင်း ဒေါ်နန်ပူက ပြောသည်။

“ဆုံးဖြတ်ချက်ရတဲ့ အပိုင်းမှာပါဝင်ဖို့ ဆိုတာက တရားဝင်ဖြစ်ဖို့ရန် အတွက် အများကြီး လိုအပ်တယ်။ တရားမဝင်တဲ့ နေရာမှာတော့ လိုအပ်လို့ရှိရင် ခေါ်ယူအသုံးချပြီးတော့ အကျိုးခံစားခွင့်ရှိတဲ့ နေရာမှာ အမျိုးသမီးတွေ ရှိမနေဘူးဆိုတဲ့ အပိုင်းတွေ ရှိတာပေါ့”ဟု ၎င်းက ပြောသည်။

သက်ဆိုင်ရာ အစိုးရအဖွဲ့အနေဖြင့်လည်း အမျိုးသမီးများ တန်းတူနေရာရရှိမှုအပိုင်းနှင့် ပတ်သက်ပြီး မူဝါဒချမှတ်မှုများ၊ ဥပဒေချမှတ်မှုများပြုလုပ်ဖို့ များစွာလိုအပ်ကြောင်း၊ မြန်မာနိုင်ငံအမျိုးသမီး ကော်မတီတွင်လည်း တိုင်းရင်းသူအမျိုးသမီးများ ဆုံးဖြတ်ချက်ချနိုင်မှုအပိုင်းနှင့် ပတ်သက်ပြီး ရှင်းရှင်းလင်းလင်း ဖော်ပြထားမှုမရှိကြောင်း ဒေါ်နန်ပူက ပြောသည်။

ထို့အပြင် အမျိုးသားအဆင့် အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ မဟာဗျူဟာ အနှစ်(၂၀)စီမံချက် ရေးဆွဲထားသော်လည်း ကချင်ပြည်နယ်တွင် အကောင်အထည်ဖော်ဆောင်ရွက်မှု မရှိသေးကြောင်း၊ အမျိုးသမီး အရေးကိစ္စများအတွက် အစိုးရအနေဖြင့် ဘတ်ဂျက်ချပေးမှုများလည်း လိုအပ်ကြောင်း ၎င်းကပြောသည်။

အမျိုးသမီးများ ခေါင်းဆောင်မှုပိုင်းတွင် အဓိပ္ပါယ်ရှိစွာ ပါဝင်လာနိုင်စေရန်နှင့် လာမည့် ၂၀၂၀ ရွေးကောက်ပွဲတွင် အမျိုးသမီးပါဝင်မှု ပိုမို တိုးတက်များပြားလာစေရန် ရည်ရွယ်၍ ဆွေးနွေးပွဲတစ်ရပ်ကို ထွယ်ဂျန်တာမှ ဦးဆောင်ကာ ပြုလုပ်ခဲ့သည်။

ယင်း ဆွေးနွေးပွဲတွင် ကချင်ပြည်နယ် ဒေသအသီးသီးတွင် ကြုံတွေ့နေရသော အခက်အခဲများ၊ လွှတ်တော်အတွင်းရှိ အမျိုးသမီးများ ကြုံတွေ့ရသော အခက်အခဲများကို မည်သို့ကျော်လွှားခဲ့ပုံ၊ ရွေးကောက်ပွဲများတွင် အမျိုးသမီးများ ကြုံတွေ့နိုင်မည့် အခက်အခဲများကို ဆွေးနွေးခဲ့ကြသည်။

Ann

LEAVE A REPLY

Please enter your comment!
Please enter your name here