မေ ၁၅
လာမည့် ၂၀၂၀ ရွေးကောက်ပွဲတွင် ပြည်ထောင်စုကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီ အနိုင်ရရှိပါက တိုင်းဒေသနဲ့ပြည်နယ်များတွင် အများဆုံးအနိုင်ရသည့် တိုင်းရင်းသားပါတီကိုယ်စားလှယ်များကို ဝန်ကြီးချုပ်အဖြစ် ခန့်အပ်သွားမည်ဟု ကချင်ပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီ အတွင်းရေးမှူး ဦးစိုးသိန်းကပြောသည်။
ပြည်ထောင်စုကြံ့ခိုင်ရေး နှင့် ဖွံ့ရေးပါတီ ပြည်နယ်အဆင့်ပြောရေးဆိုခွင့်ရှိသူများ နှင့် သတင်းမီဒီယာများတွေ့ဆုံ မိတ်ဆက်ခြင်းကို ယနေ့ မေလ ၁၅ရက်နေ့ မွန်းလွဲ ၁ နာရီက မြစ်ကြီးနားမြို့ရှိ ပြည်နယ် ကြံ့ခိုင်ရေးရုံးတွင် ပြုလုပ်သည့် အခမ်းအနားတွင် ယခုကဲ့သို့ပြောဆိုခဲ့ခြင်းဖြစ်သည်။
“ ၂၀၂၀ မှာ ကျွန်တော်တို့ပါတီက အနိုင်ရရှိခဲ့လို့ရှိရင် ပုဒ်မ ၂၆၁ သည် ပြင်သည်ဖြစ်စေ မပြင်သည်ဖြစ်စေ တိုင်းဒေသပြည်နယ်တွေမှာ အများဆုံးအနိုင်ရတဲ့ တိုင်းရင်းသားပါတီတွေရဲ့ ကိုယ်စားလှယ်တွေရဲ့ ဆန္ဒရှိတဲ့သူကို ဝန်ကြီးချုပ်ခန့်သွားမယ် လို့ ကျွန်တော်ဒီနေရာကနေ ပြောချင်ပါတယ် “ ဟု ဦးစိုးသိန်းကပြောကြားခဲ့သည်။
ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၆၁ တွင် မည်ကဲ့သို့ပင် ပြဌာန်းထားသော်လည်း ဖက်ဒရယ်စနစ်ကို ဦးစားပေးမည်ဆိုပါက ပြည်နယ်တစ်ခုတွင် အများဆုံးအနိုင်ရရှိသည့် တိုင်းရင်းသားပါတီများ အလိုရှိ ၊ အဆိုပြုသည့် ပုဂ္ဂိုလ် အား ဝန်ကြီးချုပ်ပေးသင့်သည်ဟု ၎င်းကပြောဆိုခဲ့သည်။
ယခုကဲ့သို့ပြောဆိုမှုမှာ မိမိတို့ပါတီသည် တိုင်းရင်းသားအရေးကို ဦးစားပေးလုပ်ဆောင်နေသည့်အတွက် တစ်နိုင်ငံလုံးအား ကိုယ်စားပြုပြောဆိုခြင်းဖြစ်သည်ဟုလည်း မီဒီယာများ၏ မေးမြန်းမှုတွင် ပြန်လည်ပြောကြားခဲ့သည်။
Salai