သယံဇာတထုတ်လုပ်သည့် လုပ်ငန်းများ၊ အထူးသဖြင့် ထိုကဏ္ဍမှ နိုင်ငံပိုင်စီးပွားရေး လုပ်ငန်းများသည် ရှင်းလင်းသော လုပ်ထုံးလုပ်နည်း မရှိခြင်း၊ ပြည်သူများနှင့် လွှတ်တော်၊ သတင်းမီဒီယာများထံသို့ ထုတ်ပြန်ပေးမှု မရှိခြင်းများကြောင့် ကြီးမားသော ပဋိပက္ခအန္တရာယ်ရှိနေသည်ဟု မြန်မာနိုင်ငံပွင့်လင်းမြင်သာမှုနှင့် တာဝန်ယူမှု၊ တာဝန်ခံမှုဆိုင်ရာ အရပ်ဘက်မဟာမိတ်အဖွဲ့မှ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဒေါ်မိုးမိုးထွန်းက ပြောသည်။
နိုဝင်ဘာ ၁၉ ရက်နေ့က ရန်ကုန်မြို့တွင် ကျင်းပခဲ့သည့် ၂၀၁၄-၂၀၁၅ နှင့် ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ် မြန်မာနိုင်ငံ၏ သဘာဝသယံဇာတ အရင်းအမြစ် တူးဖော်ရေးလုပ်ငန်းများ ပွင့်လင်းမြင်သာမှု ဖော်ဆောင်ရေး (EITI) အစီရင်ခံစာထုတ်ပြန်ပွဲတွင် ၎င်းက အထက်ပါအတိုင်း ပြောလိုက်ခြင်းဖြစ်သည်။
“သူတို့ (နိုင်ငံပိုင်သယံဇာတ တူးဖော်ရေးလုပ်ငန်းတွေ)က နည်းဥပဒေ၊ ဥပဒေတွေ ရေးဆွဲပိုင်ခွင့် ရှိတယ်။ ကြီးကြပ်စစ်ဆေးတဲ့အလုပ်လည်း လုပ်ပါတယ်။ စောင့်ကြည့်တဲ့လုပ်ငန်းလည်း လုပ်တယ်။ ဥပဒေပြင်ပလုပ်တဲ့ ဟာတွေကိုလည်း အရေးယူဆောင်ရွက်တယ်။ လိုင်စင်ချပေးတာလည်း လုပ်တယ်။ ကျောက်မျက်မှာ ပိုရှင်းပါတယ်။ အကျိုးတူလုပ်တာမျိုးပါ”
“အခွန်တွေကို ကောက်တယ်။ သူ့ဘာသာသူ ပြန်ခွဲတယ်။ အဲ့ဒီတော့ ဒီထက်ကောင်းအောင် ဘယ်လိုလုပ်မလဲ။ ရှင်းလင်းတဲ့ လုပ်ထုံးလုပ်နည်းမရှိသေးဘူး။ ဘယ်သူကနေ တာဝန်ပေးထားလို့ ဘယ်လိုပုံစံမျိုးနဲ့ လုပ်သလဲဆိုတာ ကျွန်မတို့မသိဘူး”ဟု သူကဆိုသည်။
တချို့သော နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများတွင် ရှိနေသည့် ဘုတ်အဖွဲ့များက မည်သူတွေဖြစ်သည်၊ မည်သည့်အရာများကို ဦးတည်လုပ်ကိုင်နေသည်ကို လုပ်ငန်းတစ်ခုချင်းစီအလိုက် စီမံကိန်းများကို ပြည်သူများသိအောင် ထုတ်ပြန်ပေးရမှာဖြစ်ကြောင်း၊ နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများတွင် မည်သည့်ကဏ္ဍက လုပ်ပိုင်ခွင့်ရှိသည်၊ မည်သည့်ကဏ္ဍက လုပ်ပိုင်ခွင့်မရှိ ဆိုသည်ကိုလည်း ထုတ်ပြန်ရမှာဖြစ်ကြောင်း ဒေါ်မိုးမိုးထွန်းက ဆက်ပြောသည်။
မန်မာနိုင်ငံ EITI အစီရင်ခံစာ၏ အကြံပြုတိုက်တွန်းချက်များကို ကြည့်လိုက်ခြင်းအားဖြင့် မြန်မာနိုင်ငံတွင် မှားယွင်းနေသော သယံဇာတ စီမံအုပ်ချုပ်မှုကို တွေ့ရှိရသည်ဟု ၎င်းက ဆိုသည်။
နိုင်ငံပိုင် စီးပွားရေးလုပ်ငန်းများနှင့် ပတ်သက်ပြီး နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများတွင် စီမံခန့်ခွဲမှု အမှားများနှင့် နိုင်ငံတော်၏ မူဝါဒတို့ ဆီလျော်မှုမရှိခြင်းများ အကြောင်း သုတေသနပြုလုပ်ခဲ့သည့် အမေရိကန်အခြေစိုက် အကျိုးအမြတ်မယူသော အဖွဲ့အစည်း Natural Resource Governance Institute (NRGI) အဖွဲ့က ဇူလိုင်လ ၁၀ ရက်နေ့က အစီရင်ခံစာ ထုတ်ပြန်ထားသည်။
မန်မာနိုင်ငံတွင် မည်သို့သော အဖွဲ့အစည်းများအား နိုင်ငံပိုင်စီးပွားရေးလုပ်ငန်း ဟူ၍ သတ်သတ်မှတ်မှတ် ခွဲခြားထားခြင်းမရှိသလို ယေဘုယျအားဖြင့် သီးခြားလွတ်လပ်သော အဖွဲ့အစည်းမဟုတ်ဘဲ ဝန်ကြီးဌာနများ အောက်တွင် ရှိနေသည်ဟု ၎င်းတို့ အစီရင်ခံစာတွင် ဖော်ပြထားသည်။
လတ်တလော ပြုလုပ်ခဲ့သည့် နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများ ပြုပြင်ပြောင်းလဲရေး သုံးသပ်ရာတွင်လည်း ရှင်းလင်းသော မူဝါဒတစ်ခု ချမှတ်ရန် ကြိုးစားနေခြင်းအစား “ဒီကွေ့ရောက် ဒီတက်လှော်၊ ဟိုကွေ့ရောက် ဟိုတက်လှော်”ပုံစံမျိုးဖြစ်နေကြောင်း ပညာရှင်များက သုံးသပ်ထားပုံကိုလည်း ထည့်သွင်းဖော်ပြထားသည်။
နိုင်ငံပိုင် စီးပွားရေးလုပ်ငန်းများ ပြုပြင်ပြောင်းလဲရေးလုပ်ရာတွင် ပြီးပြည့်စုံသော နည်းလမ်းတစ်ခုနှင့် ဥပဒေလိုအပ်ကြောင်း၊ လက်ရှိကျင့်သုံးနေသည့် ၁၉၈၉ ခုနှစ် နိုင်ငံပိုင် စီးပွားရေးလုပ်ငန်းနှင့် သက်ဆိုင်သည့် ဥပဒေကလည်း တိကျသော တာဝန်၊ တိကျသော စီမံချက်များကို အကောင်အထည် ဖော်နိုင်မည့် ဥပဒေမဟုတ်ကြောင်း NRGI အဖွဲ့ မြန်မာနိုင်ငံတွဲဖက်တာဝန်ခံ ဒေါ်ခင်စောဌေးက ပြောသည်။
“စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးဌာန၊ စာရင်းစစ်ချုပ်ဌာန၊ လွှတ်တော် စတဲ့နေရာက လူတွေရဲ့ စွမ်းရည်မြှင့်တင်ပေးဖို့လည်း လိုတယ်။ မှန်ကန်တိကျတဲ့ သတင်းအချက်အလက် ရရှိရေးလည်းလိုတယ်။ နိုင်ငံတကာမှာရှိတဲ့ နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းတွေလိုမျိုး နောင် ငါးနှစ်မှာ ဘယ်လိုလုပ်မယ်၊ ဘယ်အထိ လုပ်မယ်ဆိုတာမျိုးကို နှစ်စဉ်ထုတ်ပြန်ပေးရမယ်။ ဒါမှလည်း လွှတ်တော်ပိုင်းအနေနဲ့ ဒီလုပ်ငန်းက အရှေ့ရောက်နေလား၊ အနောက်ကိုသွားနေပြီလားဆိုတာ သိမှာ။ အခုက အဲဒီလိုမသိရတော့ ဘတ်ဂျက် တောင်းတာမှာ ပေးသင့်သလား၊ မပေးသင့်ဘူးလား မစဉ်းစားနိုင်ဘူး။ ပြည်သူတွေကလည်း ဒီလုပ်ငန်းက ဘာတွေလုပ်နေလဲ မသိရတော့ဘူး”ဟု ၎င်းကပြောသည်။
မန်မာနိုင်ငံသည် EITI အဖွဲ့ဝင်ဖြစ်ရန်အတွက် ၂၀၁၄ ခုနှစ်တွင် စတင်လျှောက်ထားခဲ့ပြီး ယင်းနှစ်မှာပင် အဖွဲ့ဝင်လောင်းဖြစ်လာခဲ့သည်။ EITI အစီရင်ခံစာ သုံးကြိမ်တင်ပြခဲ့ပြီးဖြစ်သည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရဖြစ်လာသည့်အချိန်တွင် တွင်းထွက်သယံဇာတများ ပြည်ပ တင်ပို့ရောင်းချ ခြင်းအစား အခွန်ဘဏ္ဍာတိုးမြှင့်ကောက်ခံခြင်းနှင့် အလေအလွင့်နည်းအောင် ကြိုးပမ်းခြင်း၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ဖိတ်ခေါ်ခြင်း စသည့်နည်းလမ်းများကို ပြောင်းလဲအသုံးပြုလာသည့်အတွက် ၂၀၁၅-၁၆ ဘဏ္ဍာနှစ်တွင် တွင်းထွက်သယံဇာတကဏ္ဍမှ နိုင်ငံခြားတင်ပို့ရောင်းချမှုသည် တစ်နိုင်ငံလုံး စုစုပေါင်း တင်ပို့မှု၏ ၄၇ ဒသမ ၆ ရာခိုင်နှုန်းကျော်ရှိခဲ့ပြီး ၂၀၁၄-၁၅ ဘဏ္ဍာနှစ်တုန်းက ရှိခဲ့သည့် ၅၃ ဒသမ ၁ ရာခိုင်နှုန်းမှ ကျဆင်းလာခဲ့ခြင်းဖြစ်သည်။
ထက်ခေါင်လင်း (Myanmar Now)







