ကချင်ပြည်နယ်တွင် ယခုနှစ်အတွင်း ဘေးအန္တရာယ်မျိုးစုံ ၈၅ ကြိမ်ခန့်ဖြစ်ပွားပြီး လူ ၇၀ ကျော် သေဆုံးခဲ့

1435

မြစ်ကြီးနား၊ နိုဝင်ဘာ ၂၁

ကချင်ပြည်နယ်တွင် ယခုနှစ် ဧပြီလမှ စက်တင်ဘာလအထိ ဘေးအန္တရာယ်ပေါင်းစုံ ၈၅ ကြိမ်ခန့်ဖြစ်ပွားရာ၊ ထိုဘေးအန္တရာယ်များကြောင့် လူဦးရေစုစုပေါင်း ၇၂ ဦးခန့် သေဆုံးခဲ့ရကြောင်း ကချင်ပြည်နယ် သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေးဦးစီးဌာနမှ စာရင်းဇယားများအရ သိရသည်။

အိမ်ထောင်စု ၃၈၄၆ စုရှိ လူဦးရေ ၁၈၈၀၆ ဦးမှာ မီးဘေး၊ လေဘေး၊ ရေဘေး၊ ကမ်းပြို၊ မြေပြို/မြေစာပြို၊ မိုင်းကွဲ၊ မိုးကြိုး၊ တိုက်ပွဲရှောင် ဘေးအန္တရာယ်များနှင့် အခြားသောဘေးအန္တရာယ်များကို ၈၅ ကြိမ် ခန့် ကြုံတွေ့ခဲ့ရပြီး၊ ထိုဘေးအန္တရာယ်ဖြစ်စဉ်များကြောင့် စုစုပေါင်းလူဦးရေ ၆၇ ဦးမှာလည်း ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။

သေဆုံးသူများမှာ မြေပြို/မြေစာပြိုခြင်းကြောင့် ၆၇ ဦး၊ မိုင်းကွဲခြင်းကြောင့်  ၁ ဦး၊ မိုးကြိုးပစ်ခြင်း ကြောင့် ၄ ဦး အသီးသီး သေဆုံးခဲ့ရသော်လည်း  ကျန်ဘေးအန္တရာယ်များဖြစ်ပွားမှုကြောင့် ထိခိုက်ဒဏ်ရာ များသာ ရရှိခဲ့ကြောင်း စာရင်းဇယားများအရ သိရသည်။

ဧပြီလမှစက်တင်ဘာလအထိဖြစ်ပွားခဲ့သည့် ထိုခြောက်လချုပ်စာရင်းတွင် မီးဘေး ၁၈ ကြိမ်၊ ရေဘေး ၃ ကြိမ်၊ ကမ်းပြို ၆ ကြိမ်၊ လေဘေး ၁၁ ကြိမ်၊ မြေပြို/မြေစာပြို ၉ ကြိမ်၊ မိုင်းကွဲ ၈ ကြိမ်၊ မိုးကြိုး ၃ ကြိမ်၊ တိုက်ပွဲရှောင် ၂၅ ကြိမ်နှင့် အခြားဘေးအန္တရာယ်က ၂ ကြိမ်ခန့် ဖြစ်ပွားခဲ့သည်ဟုလည်း သိရသည်။

“တိုက်ပွဲ ဆိုတာကလည်း ပဋိပက္ခဘေးတွေထဲမှာပါနေတော့ ကျွန်မတို့က တရားဝင် ထောက်ပံ့ကူညီမှုတွေ လုပ်နေတာပါ။ နောက်ပြီးတော့ ကျွန်မတို့ဆီကို ရောက်လာတဲ့ တိုက်ပွဲရှောင် ကိန်းဂဏန်းအချက်အလက်တွေကလည်း  ထွေ/အုပ်ကနေ သေသေချာချာစိစစ်ပြီးမှ ရောက်လာတဲ့ စာရင်းတွေပဲ ဖြစ်တယ်”ဟု ဘေးအန္တရာယ်စီမံခန့်ခွဲရေး ရုံးမှ တာဝန်ရှိသူတစ်ဦးက မြစ်ကြီးနားသတင်း ဂျာနယ်သို့ ပြောသည်။

၎င်းတို့ဌာနအနေဖြင့် သဘာဝဘေးအန္တရာယ်များကြောင့် ဒုက္ခကြုံတွေ့နေရသည့် ပြည်သူများကို အထောက်အပံ့ပေးရေးနှင့် ဘေးအန္တရာယ်ကြောင့် ဆုံးရှုံးမှုလျော့နည်းအောင် ကြိုတင်စီမံဆောင်ရွက် ပေးရေးတို့ကို အဓိကထား လုပ်ဆောင်နေသည်ဟုလည်း ထပ်မံပြောပြသည်။

ထို့အပြင် သဘာဝဘေးလျော့ပါးရေး စေတနာ့ဝန်ထမ်း ဆင့်ပွားသင်တန်းများကို မိုးညှင်းနှင့် ရွှေကူမြို့များတွင် နှစ်ကြိမ်၊ သဘာဝဘေးအန္တရာယ် အသိပညာပေး ဟောပြောပွဲများကို မိုးညှင်း၊ မြစ်ကြီးနား၊ ဝိုင်းမော်၊ ဗန်းမော်၊ ပူတာအိုနှင့် မိုးကောင်းမြို့များတွင် ၁၂ ကြိမ်၊ ရွှေကူမြို့တွင် ဘေးအန္တရာယ် သဏ္ဌာန်တူ ဇာတ်တိုက်လေ့ကျင့်ခန်း တစ်ကြိမ်၊ ယခုနှစ်တွင် စုစုပေါင်းပညာပေး ၁၅ ကြိမ်ခန့် ပြုလုပ်ခဲ့ပြီး လူဦးရေ ၅၇၅၅ ဦးခန့် တက်ရောက်ပြီးဖြစ်ကြောင်း ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၏ စာရင်းဇယားအရ သိရသည်။

“သဘာဝဘေးအန္တရာယ်ဆိုတာက ဖြစ်ပြီးသား၊ ရရှိလာတဲ့ ကိန်းဂဏန်းအချက်အလက်တွေအရပဲ ဘယ်လောက် ဖြစ်တယ်။ ဒီနှစ်တော့ ဆိုးဝါးလာတယ်။ ဒီနှစ်တော့ သိပ်မဖြစ်ဆိုပြီး ပြောနိုင်တာဆိုတော့ သေချာတာ တစ်ခုကတော့ အခုချိန်အထိ ကျွန်မတို့ ရရှိထားတဲ့ အချက်အလက်တွေအရတော့ ဒီနှစ်က ဘေးအန္တရာယ် သိပ်မဖြစ်ဘူးလို့ပြောရမှာပဲ”ဟု ပြည်နယ်ဦးစီးမှူး ဒေါ်လှကေသီမာက မြစ်ကြီးနားသတင်း ဂျာနယ်သို့ ပြောသည်။

အဆိုပါ ခြောက်လပတ်ချုပ် စာရင်းအရ ဦးစီးဌာနအနေဖြင့် ဘေးအန္တရာယ်ကြုံတွေ့ခဲ့ရသည့် အိမ်ထောင်စုပေါင်း ၆၀၆ စုကို ငွေကျပ်သိန်းပေါင်း နှစ်ထောင်ကျော်ခန့် (၂၂၈၈၂၈၉၇၅ ခန့်) ထောက်ပံ့ကူညီမှုများ ပြုလုပ်ခဲ့ကြောင်းသိရသည်။

ဆိုင်း(ကချင်မြေ)

LEAVE A REPLY

Please enter your comment!
Please enter your name here