မြစ်ကြီးနား၊ ဒီဇင်ဘာ ၄
၂၀၁၇ ခုနှစ်စာရင်းများအရ ကချင်ပြည်နယ်တွင် HIV ပိုး ကူးစက်ခံရသူဦးရေ နှစ်ထောင် နီးပါးခန့်ရှိကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် ၂၀၁၇ ခုနှစ်အတွင်း HIV ပိုး ကူးစက်ခံရသူဦးရေ ၁၁၀၀၀ ကျော်ရှိပြီး ကချင်ပြည်နယ်တွင် တစ်နိုင်ငံလုံး၏ ၁၈ ရာခိုင်နှုန်း(၁၉၈၀ ဦး) ရှိနေကြောင်း ခုခံအားကျ/ ကာလသား ရောဂါတိုက်ဖျက်ရေး စီမံချက်(နေပြည်တော်)မှ စီမံချက် မန်နေဂျာ ဒေါက်တာ ထွန်းညွန့်ဦးက ပြောသည်။
ဒီဇင်ဘာလ ၄ ရက်နေ့က မြစ်ကြီးနား မြို့တော်ခန်းမတွင် ကျင်းပခဲ့သော ကမ္ဘာ့ခုခံအားကျဆင်းမှု ကူးစက်ရောဂါ တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားတွင် ပြောကြားခဲ့ခြင်းဖြစ်ပြီး ယင်းအခမ်းအနားတွင် အမေရိကန်သံအမတ်နှင့် ဗြိတိန်သံအမတ်တို့ တက်ရောက်ခဲ့ကြသည်။
ထိုအခမ်းအနားတွင် ကုလသမဂ္ဂ UNAIDS မှ Country Director, Mr Oussama Tawil က UNAIDS သဝဏ်လွှာကို ဖတ်ကြားခဲ့ပြီး အမေရိကန်သံအမတ်နှင့် ဗြိတိန်သံအမတ်တို့ကလည်း ကချင်ပြည်နယ်အတွင်း ကျန်းမာရေးဌာနနှင့်ပူးပေါင်းဆောင်ရွက်လျက်ရှိသော HIV ကာကွယ်ရေး လုပ်ငန်းများနှင့် မူးယစ်ဆေးဝါးသုံးစွဲမှု အန္တရာယ်လျှော့ချရေးလုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းလင်း တင်ပြသွားသည်။
အမေရိကန်သံအမတ်၏ ပြောကြားချက်တွင် အသစ်တွေ့ရှိထားသည့် ဆန်းစစ်ချက်များအရ ကမ္ဘာတစ်ဝန်းတွင် နှစ်စဉ် HIV/AIDs ပိုး ကူးစက်မှုအသစ် ၉၀ ရာခိုင်နှုန်းအထိရှိသော နိုင်ငံ ၃၅ နိုင်ငံရှိရာ ထိုနိုင်ငံများထဲတွင် မြန်မာနိုင်ငံ ပါဝင်နေကြောင်း၊ ၂၀၁၆ ခုနှစ် စာရင်းဇယားများအရ မြန်မာနိုင်ငံတွင် ှုံဠ။ ဗှီုှ ပိုးကူးစက်ခံထားရသူ ၂၂၅,၀၀၀ ဝန်းကျင် ရှိနေကြောင်းနှင့် HIV/AIDs ပိုး ကူးစက်ခံရမှုသည် မူးယစ်ဆေးဝါးအကြောထဲထိုးသွင်းမှုနှင့် ဆက်စပ်နေကြောင်း စသည်တို့ ပါဝင်သည်။
အဆိုပါ အခမ်းအနားတွင် ကချင်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာခက်အောင်က အဖွင့်အမှာစကား ပြောကြားကာ ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ခုခံအားကျ/ ကာလသားရောဂါ တိုက်ဖျက်ရေး စီမံချက်(နေပြည်တော်)မှ စီမံချက်မန်နေဂျာ ဒေါက်တာထွန်းညွန့်ဦးမှ ခုခံအားကျ/ ကာလသား ရောဂါတိုက်ဖျက်ရေးစီမံချက် လုပ်ငန်းများနှင့်ပတ်သက်ပြီး ရှင်းလင်း တင်ပြသွားသည်။
အခမ်းအနားတွင် ၂၀၁၈ ခုနှစ်၊ ကမ္ဘာ့ခုခံအားကျဆင်းမှု ကူးစက်ရောဂါတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် စာစီစာကုံးနှင့် ကာတွန်းပြိုင်ပွဲတွင် ဆုရရှိခဲ့သော ကျောင်းသူ၊ ကျောင်းသားများကို ဆုများ ချီးမြှင့်ခဲ့ပြီး၊ ယင်း အခမ်းအနားတွင် ကချင်ပြည်နယ် ဝန်ကြီးချုပ်၊ အမေရိကန်သံအမတ်၊ ဗြိတိန်သံအမတ်၊ UNAIDs မှ Country Director တို့အပြင် အရပ်ဘက်အဖွဲ့အစည်းများနှင့် ဌာနဆိုင်ရာမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
Ann







