ကချင်ပြည်နယ် အစိုးရ၏ ၂၀၁၈-၁၉ ဘဏ္ဍာနှစ် အသုံးစရိတ်လျာထားချက် ကျပ်သန်းပေါင်း တစ်သိန်းခုနှစ်သောင်းကျော်ရှိ

1352

မြစ်ကြီးနား၊ ဒီဇင်ဘာ ၁၃

အစိုးရသစ်လက်ထက် အသစ်ပြင်ဆင်လိုက်သည့် ၂၀၁၈ ခုနှစ် အောက်တိုဘာမှ ၂၀၁၉ ခုနှစ် စက်တင်ဘာအထိ ဘဏ္ဍာရေးနှစ်သစ်အတွက် ကချင်ပြည်နယ် အစိုးရ၏အသုံးစရိတ် လျာထားချက်မှာ သာမန်အသုံးစရိတ် ကျပ်သန်းပေါင်း လေးသောင်းကျော်ဖြစ်ပြီး ငွေလုံးငွေရင်း အသုံးစရိတ်မှာ ကျပ်သန်းပေါင်း တစ်သိန်းသုံးသောင်းကျော်ဖြစ်ကြောင်း ပြည်နယ် ရသုံး/မှန်းခြေ ငွေစာရင်းဦးစီးဋ္ဌာနမှ ထုတ်ပြန်ခဲ့သည်။

သာမန်အသုံးစရိတ် လျာထားငွေမှာ ၄၀၈၉၃ ဒဿမ ၆၅၂ သန်းဖြစ်ကာ ငွေလုံးငွေရင်းအသုံးစရိတ်မှာ ကျပ် ၁၃၆၉၁၂ ဒသမ ၄၈၂ သန်းဖြစ်ကြောင်း သိရသည်။

ယင်း အသုံးစရိတ်များသည် ဝန်ထမ်းလစာ၊ ပင်စင်လစာနှင့် ကုန်စည်နှင့် ဝန်ဆောင်မှုများအတွက် သာမန်အသုံးစရိတ်ကို အသုံးပြုပြီး လမ်းတံတား၊ လျှပ်စစ်နှင့်ရေရရှိရေး၊ ဒေသဖွံဖြိုးရေးလုပ်ငန်းများ၊ ဝန်ထမ်းအိမ်ယာဆောက်လုပ်ခြင်း၊ စက်ယန္တရား ဝယ်ယူခြင်းနှင့် ရင်းနှီးမြှုပ်နှံမှုများကို ငွေလုံးငွေရင်းအသုံးစရိတ်မှ အသုံးပြုကြောင်းသိရသည်။

“ရသုံးခန့်မှန်းခြေ ငွေစာရင်းဟာဆိုရင် ဘဏ္ဍာနှစ်တစ်နှစ်ရဲ့ သုံးစရိတ်ကို လျာထားပြီးတော့မှ စီမံဆောင်ရွက်တာဖြစ်ပါတယ်။ ဋ္ဌာနဆိုင်ရာအဖွဲ့အစည်းရဲ့ ဝင်ငွေတွေ အသုံးစရိတ်တွေနဲ့ ဘတ်ဂျက်ရေးဆွဲရေးနဲ့ ၎င်းနဲ့ဆက်စပ်တဲ့လုပ်ငန်းတွေမှာ ပြည်သူတွေ ပူးပေါင်းလာဖို့ မျှော်လင့်ပါတယ်” ဟု ပြည်နယ်ရသုံးမှန်းခြေငွေစာရင်း ဦးစီးဋ္ဌာနမှ ညွှန်ကြားရေးမှူး ဦးအောင်လင်းက ပြောသည်။

၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ်အတွက် ကချင်ပြည်နယ်ဘတ်ဂျက်ပါ ဌာနအလိုက် အခွန်ရရှိငွေ စုစုပေါင်းမှာ ၁၈၂၆ ဒဿမ ၁၀၅ သန်းရှိပြီး စည်ပင်သာရေးအဖွဲ့မှရရှိသည့် အခွန်ငွေမှာအများဆုံးဖြစ်ကာ ကျပ်သန်းပေါင်း ၇၀၀ ကျော် ရှိကြောင်းလည်း သိရသည်။

ပြည်ထောင်စုမှ ကချင်ပြည်နယ်အတွက် အထွေထွေလွှဲပြောင်း ထောက်ပံ့ငွေများမှာ ကျပ်သန်းပေါင်း ၁၅၈၂၈၂ ဒသမ ၅၆၀ ကို လွှဲပြောင်းထောက်ပံ့ပြီး ကချင်ပြည်နယ်အတွက် အခွန်ဝေစုရငွေမှာလည်း ကျပ်သန်းပေါင်း ၅၁၈၅ ဒဿမ ၉၃၈ သန်းခန့် လျာထားကြောင်းလည်း သိရသည်။

ကချင်ပြည်နယ်အတွက် ပထမဦးဆုံးအကြိမ်အဖြစ် ဒီဇင်ဘာလ ၁၂ ရက်နေ့က နိုင်ငံသား ဘတ်ဂျက်(Citizen Budget)နှင့် ကချင်ပြည်နယ် ရသုံး/မှန်းခြေ ငွေစာရင်းဆိုင်ရာ အချက်အလက်များ ပြုစုရေးဆွဲထားသည့် စာစောင်ထွက်ရှိခဲ့ပြီး အစိုးရ၏ ပြည်သူ့ဘဏ္ဍာရေးဆိုင်ရာ ပွင့်လင်းမြင်သာမှု ပထမဦးဆုံးခြေလှမ်းအဖြစ် ထုတ်ဝေခဲ့ခြင်းဖြစ်ကြောင်းလည်း သိရသည်။

စည်သူ(မြစ်ကြီးနား)

LEAVE A REPLY

Please enter your comment!
Please enter your name here