ကချင်ပြည်နယ်တွင်ရာသီတုပ်ကွေးH1N1ရောဂါဖြစ်ပွားသူ၁၆ဦးရှိနေ

3972

ဇူလိုင်၁၇

ကချင်ပြည်နယ်တွင်ရာသီတုပ်ကွေးH1N1 ရောဂါဖြစ်ပွားသူ၁၆ဦးရှိနေပြီဖြစ်ပြီးသေဆုံးသူမရှိကြောင်းကချင်ပြည်နယ်ကျန်းမာရေးဦးစီးဌာနမှသိရသည်။

ကချင်ပြည်နယ်အတွင်းရှိဖျားနာသူ၅၄ဦးကိုဓာတ်ခွဲစစ်ဆေးခဲ့ခြင်းဖြစ်ပြီးဓာတ်ခွဲအတည်ပြုချက်အရမြစ်ကြီးနားမြို့နယ်မှ၁၅ဦး၊ဖားကန့်မြို့နယ်မှ၁ဦးစုစုပေါင်း၁၆ဦးဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

“H1N1 ရောဂါကတော့ရာသီတုပ်ကွေးဆိုတဲ့အတိုင်းနှစ်စဉ်နှစ်တိုင်းရှိတယ်။လူတွေသတိမထားမိကြတာဒါကဓာတ်ခွဲခန်းကအတည်ပြုမှပဲပိုးတွေ့တယ်ဆိုရင်အတည်ပြုတာပေါ့” ဟု  ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနပြည်နယ်ကျန်းမာရေးမှူးဒေါက်တာအေးသိန်းကပြောသည်။

ရာသီတုပ်ကွေးရောဂါ(ခေါ်) H1N1 ရောဂါသည်နှစ်စဉ်နှစ်တိုင်းရာသီချိန်တွင်ဖြစ်နေပြီးရောဂါလက္ခဏာပြင်း ပြင်းထန်ထန်ပြလေ့မရှိသော်လည်းခုခံအားကျသူများတွင်ရောဂါအခြေအနေပြင်းထန်နိုင်သောကြောင့်စိုးရိမ်ရကြောင်းဒေါက်တာအေးသိန်းကပြောသည်။

ရောဂါဖြစ်သူများတွင်အသက်အရွယ်ငယ်လွန်း၊ကြီးလွန်းသူများ၊ဆီးချို၊အဆုတ်စသောနာတာရှည်ရောဂါရှိသူများတွင်အသက်ဆုံးရှုံးရသည့်အထိဖြစ်နိုင်ပြီးလက်ရှိကူးစက်ခံရ၍အသက်ဆုံးရှုံးရသူများတွင်လည်းယင်းကဲ့သို့နာတာရှည်ရောဂါရှိသူများပိုများကြောင်းသိရသည်။

ရောဂါပိုးရှိသူ၏ချောင်းဆိုး၊နှာချေရာမှအရည်များကိုအခြားတစ်ယောက်မှထိတွေ့မိပြီးပါးစပ်နှာခေါင်းအတွင်းသို့ဝင်သွားရာမှကူးစက်နိုင်သောကြောင့်လူထူထပ်သောနေရာများသို့သွားရောက်ခြင်းကိုရှောင်ကြဉ်ခြင်း၊ရောဂါရှိသူနှင့်တိုက်ရိုက်ထိတွေ့မှုကိုရှောင်ကြဉ်ခြင်း၊ပြင်ပအရာဝတ္ထုများနှင့်ထိတွေ့ပြီးပါကလက်ဆေးခြင်း၊ကိုယ်ခံအားကောင်းမွန်အောင်စားသောက်နေထိုင်ခြင်း၊အိပ်ရေးဝ၀အိပ်ခြင်းတို့ကိုပြုလုပ်ရန်နှင့်ရောဂါဖြစ်ကြောင်းသံသယ ရှိပါကနီးစပ်ရာကျန်းမာရေးဌာနသို့သွားရောက်စစ်ဆေးကုသမှုခံယူရန်ဒေါက်တာအေးသိန်းကတိုက်တွန်းပြောဆိုသည်။

မြစ်ကြီးနားအထွေထွေရောဂါကုဆေးရုံကြီးမှသံသယရှိသူများကိုပုံမှန်စစ်ပေးမှုများပြုလုပ်နေပြီးကျန်းမာ ရေးဦးစီးဌာနမှလည်းပြည်သူများကိုအသိပညာပေးခြင်းများ၊ကျန်းမာရေးဝန်ထမ်းများကိုH1N1 ကာကွယ်ဆေးထိုးပေးခြင်းများကိုလည်းဆောင်ရွက်နေကြောင်းသိရသည်။

 

Ann

LEAVE A REPLY

Please enter your comment!
Please enter your name here