မြစ်ကြီးနား၊ မေ၂၅
Quarantine Centre အဖြစ် အသုံးပြုနေသည့် ကချင်ပြည်နယ်အတွင်းရှိ အခြေခံပညာ ကျောင်းများကို ဇွန်လ (၁၅)ရက်နေ့အပြီး ပညာရေးဌာနသို့ ပြန်လည် လွှဲပြောင်းပေးရမည် ဖြစ်ကြောင်း မြစ်ကြီးနား မြို့နယ်အုပ်ချုပ်ရေးမှူးထံမှ သိရသည်။
လက်ရှိချိန်တွင် အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်ရန်အတွက် တရားဝင် ညွှန်ကြားထားခြင်း မရှိသေးသော်လည်း ဇွန်လ(၁၅)ရက်နေ့ နောက်ဆုံးထားပြီး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်နှင့်အညီ ပိုးသတ်ဆေးဖြန်းကာ ပညာရေးဝန်ကြီးဌာနသို့ အပြီးပြန်လည်အပ်နှံသွားမည် ဖြစ်ကြောင်း မြစ်ကြီးနား မြို့နယ်အထွေထွေ အုပ်ချုပ်ရေးမှူး ဦးသန်းဝင်းက ပြောသည်။
“မြစ်ကြီးနားအနေနဲ့ ယခင်ထဲက ဦးစားပေးအနေနဲ့ အဆင့်မြင့်ပညာ အောက်မှာရှိတဲ့ အဆောက်အုံတွေမှာပဲ ထားရှိတာဖြစ်တယ်။ ညွှန်ကြားချက်အရ ပြန်အပ်ရမှာ ဖြစ်တဲ့အတွက် Quarantine (၂၁)ရက်နဲ့ ချိင့်ချိန်ပြီးမှ မြို့နယ်အနေနဲ့ ဆက်လက် ဆောင်ရွက်သွားမယ်”ဟု ဦးသန်းဝင်းက ပြောသည်။
မြစ်ကြီးနားမြို့နယ်အနေဖြင့် အခြေခံပညာကျောင်းများကို ပညာရေးဝန်ကြီးဌာနဆီ လွှဲပြောင်းပြီးပါက ပြည်တွင်း၊ ပြည်ပမှ ပြန်လာသူများကို Quarantine Centre အဖြစ် အဆင့်မြင့် ပညာဦးစီးဌာနအောက်ရှိ တက္ကသိုလ်ကျောင်းများရှိ အဆောင်များတွင် ဆက်လက်ထားသွားရန် စီစဉ်သွားမည် ဖြစ်ကြောင်းလည်း ဦးသန်းဝင်းက မြစ်ကြီးနားသတင်းဂျာနယ်သို့ ပြောသည်။
“မြစ်ကြီးနား တက္ကသိုလ်၊ သူနာပြုကျောင်း၊ သားဖွားကျောင်း၊ ကွန်ပျူတာ၊ နည်းပညာတက္ကသိုလ် ရှိတယ်။ သွားလာရေး အဆင်ပြေတဲ့ နေရာတွေမှာပဲ ဆောင်ရွက်သွားမယ်။ တက္ကသိုလ်တွေ ပြန်ဖွင့်မယ် ဆိုရင်လည်း ဘယ်လိုလုပ်မယ်ဆိုတာ အစီအမံတွေ ပါလာပါလိမ့်မယ်။ ဗဟိုအဆင့် ညွှန်ကြားလာမှာ ဖြစ်တယ်။ ဒါလည်း သိပ်အခက်အခဲ မရှိပါဘူး”ဟု ၎င်းက ပြောသည်။
မြစ်ကြီးနားမြို့ပေါ်တွင် Quarantine Centre စုစုပေါင်း (၂၄)ခုရှိပြီး မေလ (၂၂)ရက်နေ့အထိ ကချင်ပြည်နယ် တစ်ပြည်နယ်လုံးတွင် Quarantine ဝင်ရောက်နေသူ ၆၆၁၀ ဦး ရှိကြောင်းလည်း သိရသည်။
Benadeth







