Covid Shield ကာကွယ်ဆေးက ဘယ်လို ကာကွယ်ဆေးအမျိုးအစားလဲ
Covid Shield ကာကွယ်ဆေးက အကူဗိုင်းရပ်စ် အသုံးပြု ကာကွယ်ဆေးအမျိုးအစားပါ။ ကိုဗစ် ပိုးရဲ့ အကာဓါတ် ( spike protein) ကိုယူပြီး မျောက်ဝံတုပ်တွေးဗိုင်းရပ်စ် (Adeno virus ) ရဲ့ ကိုယ်ထဲ ညှပ်ထည့်ပေးလိုက်တာ ။ မျောက်ဝံတုပ်ကွေးဗိုင်းရပ်စ်ပိုးကိုတော့ အန္တရာယ်မပေးနိုင်အောင် ပြုပြင်ထားပြီးသားပါ။ ကာကွယ်ဆေးဆိုတာ အဲ့ဒီလိုစီရင်ထားတဲ့ ဗိုင်းရပ်ပိုးတွေကို ခန္ဓာကိုယ်ထဲ ထိုးထည့်ပေးလိုက်တာပါပဲ။ခန္ဓာကိုယ်ထဲရောက်တော့မှ ထိုးလိုက်တဲ့ ဗိုင်းရပ်စ်က ပွားမယ် ။ ပွားလာမှ ကိုဗစ်ရဲ့ အကာဓါတ် တွေက ထွက်လာမယ်။ ထွက်လာတဲ့ ကိုဗစ် အကာဓါတ်တွေကို ခုခံဖို့ ကျနော်တို့ခန္ဓာကိုယ်က ပဋိပစ္စည်းခုခံဓါတ် ( antibodies) တွေ ၊ သွေးဖြူဥ (T- cell) စောင့်ကြည့်ဆဲလ်တွေ ပေါ်လာမယ်။ အဲ့လိုပေါ်လာပြီဆိုရင် ကာကွယ်ဆေးရဲ့ ရည်မှန်းချက် အောင်မြင်ပါပြီ။ တကယ့်ကိုဗစ်ပိုးတွေဝင်လာရင်တောင်မှ အပြင်းအထန် မဖြစ်နိုင်တော့ဘူး။
ကာကွယ်ဆေးကို ဘယ်လိုလူတွေထိုးသင့်လဲ။
ကာကွယ်ဆေးကို ထိုးသင့်တဲ့သူတွေက ရောဂါအခံရှိတဲ့သူတွေ၊ အသက်အရွယ်ကြီးသူတွေ၊လူနာတွေနဲ့ အထိအတွေ့များတဲ့သူတွေ။ နောက်ပြီးတော့ နိုင်ငံ နဲ့ ဒေသရဲ့ လိုအပ်ချက်အရ ဦးစားပေးရမဲ့ သူတွေ။
ဘယ်လို လူတွေမထိုးသင့်ဘူးလဲ။
မထိုးသင့်တဲ့သူတွေက အသက်-၁၈ နှစ်အောက် လူငယ်တွေ။ကိုယ်ဝန်ဆောင်မိခင်တွေ။နို့တိုက်မိခင်တွေ ( ကျန်းမာရေးဝန်ကြီးဌာန ထုတ်ပြန်ချက်အရ )ပေါ့ ။ ကာကွယ်ဆေးထဲမှာပါတဲ့ ပစ္စည်းတွေနဲ့ ဓါတ်မတည့်သူတွေ။ နောက်ပြီး ပထမအကြိမ် ကာကွယ်ဆေးထိုးတဲ့အခါ မှာ အပြင်းအထန်ဓါတ်မတည့်ဖြစ်ခဲ့တဲ့သူတွေမထိုးသင့်ပါဘူး။
ဆီချို၊ သွေးတိုး ၊ နှလုံး ၊ကျောက်ကပ် ၊ ကင်ဆာ ၊ စတဲ့နာတာရှည်ရောဂါအခံရှိသူတွေနဲ့ ရောဂါအတွက် ဆေးဝါးတွေ သောက်သုံး နေရတဲ့သူတွေအနေနဲ့ ကာကွယ်ဆေးထိုးလို့ရပါသလား။
နာတာရှည်ရောဂါအခံ ရှိသူတွေ နဲ့ စွဲစွဲမြဲမြဲဆေးသောက်နေရသူတွေအဖို့ ကာကွယ်ဆေးထိုးမဲ့အချိန်မှာ ကိုယ့်ရဲ့ ဆေးမှတ်တမ်းတွေ၊ သောက်နေတဲ့ဆေးတွေကို ယူလာပြနိုင်ရင်တော့ ပိုကောင်းမယ်။ ဒါမှမဟုတ် ကိုယ်ပြနေကျ ဆရာဝန်နဲ့ ဆေးမထိုးခင်မှာ ကြိုပြီး တိုင်ပင်ထားဖို့လိုအပ်မယ်။ သက်ဆိုင်ရာဆရာဝန်ရဲ့ သဘောတူခွင့်ပြုချက် နဲ့ ဆောင်ရန်-ရှောင်ရန်တွေကို ကြိုတင်ရယူထားသင့်တယ်။ ဒီလို ရောဂါအခံ ရှိသူတွေဟာ ကာကွယ်ဆေး ထို့ဖို့လိုအပ်တဲ့သူတွေထဲမှာ ထိပ်ဆုံးကပါတာပေါ့။
ဆေးထိုးပြီးရင် ဘယ်လို Side Effect တွေရှိမလဲ။
ဆေးထိုးပြီးရင်ခံစားရမဲ့ လက္ခဏာတွေက တစ်ယောက်နဲ့တစ်ယောက် မတူကြပါဘူး။တုန့်ပြန်မှုက အမျိုးမျိုးကိုး။ အခုထိုးပေးနေတဲ့ ကာကွယ်ဆေးရဲ့ side effects တွေကို ထုတ်ပြန်ပေးထားတာ ရှိတယ်။ ဆေးထိုးတဲ့ လက်မောင်းကိုက်တာ (၆၇%) ။ ချမ်းစိမ့်စိမ့်က (၅၁%) ။ ခေါင်းကိုက်တာ (၆၈%) ။ မအီမသာ နုံးတာ (၇၀%)။ ကိုယ်လက်ကိုက်ခဲ (၆၀%) ။ အဆစ်တွေကိုက်တာ (၃၁%) ။ ဖျားတာ (၁၈%) ။
လိုင်းပေါ်မှာတွေ့နေရတယ် ထိုးပြီးအခြေအနေက တစ်ညလုံးအန်တာ ၊ ကိုက်ခဲတာ ၊ ကိုယ်ပူတာ မလန်းဆန်းတာတွေဖြစ်တယ်လို့ ပြောကြတာ ဘယ်လိုရှိလဲ။
လိုင်းပေါ်မှာတော့ ကိုယ်ပိုင်အတွေ့အကြုံလေးတွေရေးတင်ကြတာဆိုတော့ ပိုပြီးစုံစုံလင်လင် တွေ့ရမှာပေါ့လေ။ လူတစ်ကိုယ် ခံစားချက်တစ်မျိုး ရှိတတ်ပါတယ်။ ကျနော်ဆိုရင် ဘာမှ သိသိသာသာ မခံစားလိုက်ဘူးဗျ။
ကာကွယ်ဆေးထိုးထားပြီးဆိုရင် ကိုဗစ်မဖြစ်တော့ဘူးလို့ ပြောလို့ရမလား။
ကာကွယ်ဆေးက ကိုဗစ်မဝင်အောင်ကာကွယ်တာမဟုတ်ဘူးလေ။ ကိုဗစ်ကတော့ mask မတပ်ရင် ဝင်လာမှာပဲ ။ ဒါပေမဲ့ ဝင်လာခဲ့ရင်တော့ “ပြင်းထန်ကိုဗစ်” ဖြစ်နိုင်ချေ နည်းသွားတာပေါ့။ ဒါကလည်း ကာကွယ်ဆေးက “အောင် ” ဦးမှနော်။ ဆေးမအောင်တဲ့သူတွေဆိုရင် ပြင်းထန်ကိုဗစ်ဖြစ် နိုင်သေးတာပဲဗျ။
ကာကွယ်ဆေးကို အကြိမ်ပြည့်ထိုးနှံပြီးပြီဆိုရင် ပါးစပ်နှင့် နာခေါင်းစည်း (mask) တပ်ခြင်း ၊ လက်ဆေးခြင်း တွေ ဆက်လက်လုပ်ဆောင်ဖို့ လိုအပ်ပါသလား။
အဲတော့ ကာကွယ်ဆေး ထိုးပြီးရင်လည်း အချိန်တစ်ခုအထိ ( herd immunity ရတဲ့အထိ) တော့ mask တပ်၊လက်ဆေး၊ ခပ်ခွာခွာနေ ။ ဆက်လုပ်နေကြရဦးမှာ။
ကမ္ဘာတစ်ဝန်းမှာ ကိုဗစ်ကာကွယ်ဆေးကို အပြိုင်အဆိုင် ထုတ်လုပ်နေကြတယ် ၊ အခုမြန်မာနိုင်ငံမှာ ထိုးနှံပေးမယ့် ကာကွယ်ဆေးက ဘေးကင်းစိတ်ချရတဲ့ ကာကွယ်ဆေး ဟုတ်ပါသလား ဆရာ။
ကျွန်နော်တို့ ကျန်းမာရေးဝန်ထမ်းတွေကိုယ်တိုင် ဦးဆုံး အစမ်းသပ်ခံ ထိုးခဲ့ကြတာပါ။ စိတ်ချယုံကြည်ကြစေချင်ပါတယ်။
ထိုးပြီးသူတွေအနေနဲ့ ဘယ်လိုနေထိုင်ရပါမလဲ ၊ ဆောင်ရန် ရှောင်ရန်တွေလဲ ပြောပြပေးပါအုံး။
ပထမ အကြိမ်ကာကွယ်ဆေးထိုးထားပြီးသူတစ်ယောက်အဖို့ ကိုဗစ်ကာကွယ်ရေးသတိ အထူးသတိရှိဖို့လိုအပ်ပါတယ်။ ကိုဗစ်ဝင်လာရင်အပြည့်အဝ ကာကွယ်မှု မရသေးလို့ပါ။ နောက်ပြီး ကိုယ်ခံအားစံနစ်ကောင်းအောင် အိပ်တာ၊စားတာ၊ နေတာထိုင်တာကအစ ခါတိုင်းထက် စည်းကမ်း ရှိဖို့ လိုအပ်မှာပါ။ ဒါမှ ကာကွယ်ဆေးက အာနိသင်ပိုထက်မှာပါ။
တစ်ချို့က မထိုးလို့ရော ရလား ဆိုတဲ့မေးခွန်းတွေ မေးနေကြတယ် လူတိုင်းမဖြစ်မနေ ထိုနှံရမယ့် ကာကွယ်ဆေးလားခင်ဗျ ဆရာအနေနဲ့ ဆွေးနွေးပေးပါအုံး။
ဒီကာကွယ်ဆေးက လူတိုင်းမထိုးမနေရတော့ မဟုတ်ပါဘူး။ မိမိဆန္ဒအတိုင်း မထိုးချင်လဲရပါတယ်။ ဒါပေမဲ့ အများစုက ဆေးထိုးထားမှ ကိုဗစ်ရောဂါကို ထိန်းချုပ်နိုင်မှာဆိုတော့ ဆေးထိုးကြဖို့တော့ တိုက်တွန်းချင်ပါတယ်။
နောက်ဆုံး ဆရာ့အနေနဲ့ ကာကွယ်ဆေးနှင့်ပတ်သက်ပြီး ဘယ်လိုအကြံပြုချင်ပါသလဲ။
ကာကွယ်ဆေးတိုင်းမှာ ဆေးထိုးပြီးတုန့်ပြန်မှု အမျိုးမျိုး ရှိတတ်တာသဘာဝပါ။ အခုအချိန်ထိအောင် မြန်မာနိုင်ငံမှာ ထိုးပြီးသမျှတော့ အသက်အန္တရာယ် ရှိလောက်တဲ့ ဘေးထွက်ဆိုးကျိုး မကြားမိသေးပါဘူး။
ဒါ့ကြောင့် ကိုဗစ်ကာကွယ်ဆေး ထိုးဖို့ အခွင့်ရှိသူတိုင်း ထိုးကြပါလို့ ပြောပါရစေ။
ဂျာဒွဲ







