ကျောင်းဆရာ/မ မလုံလောက်တာကြောင့် ကံပိုင်တည်မြို့မှာ မူလတန်းအဆင့်ထိသာ သင်ကြားနိုင်

178
ကံပိုင်တည်အထက်တန်းကျောင်း

 

ဧပြီ၊၃

ကချင်ပြည်နယ်၊ တရုတ်နယ်စပ်၊ ကံပိုင်တည်မြို့ အထက်တန်းကျောင်းမှာ ကျောင်းဆရာ/မ မလုံလောက်တဲ့အတွက် ပဉ္စမတန်း(၅)တန်း(မူလတန်းအဆင့်) အထိသာ သင်ပေးနိုင်သေးတယ်လို့ ကျောင်းသားမိဘတွေဆီက သိရပါတယ်။

ကံပိုင်တည်မြို့မှာ အထက်တန်းအဆင့်ထိ ကျောင်းအပ်လက်ခံထားပေမဲ့ စာသင်ပေးမယ့် ကျောင်းဆရာ/မ မလုံလောက်တာကြောင့် လက်တလောမှာတော့ ၅ တန်း အထိသာ သင်ပေးနိုင်ပြီး အလယ်တန်းနဲ့ အထက်တန်းအဆင့်တွေကို မသင်ပေးနိုင်သေးဘူးလို့ ကံပိုင်တည်ဒေသခံ အမျိုးသမီးတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို ပြောပါတယ်။

ဖွင့်တာတော့ဖွင့်တယ် ဆယ်တန်းအထိ။ ဒါပေမဲ့ ဆရာမ မလောက်လို့ မနက်ဖြန်ကနေတော့ စာသင်မယ်တဲ့။ ဆရာကြီးရောက်လာမှ ဆရာမအကူပေးရောက်လာမယ်တဲ့။ငါးတန်းအထိပဲ သင်ပေးနိုင်သေးတယ်တဲ့။လို့ အထက်ပါ အမျိုးသမီးက ပြောပါတယ်။

ဒီနှစ်က ကံပိုင်တည်ကျောင်းမှာ မူလတန်းကျောင်းအပ်တဲ့ ကျောင်းသူ/သားတွေ အရင်ကနှစ်ထက်များပြီး ဝိုင်းမော်ဘက်က ကျောင်းသူ/သားတွေလည်း လာတက်ကြတယ်လို့လည်း သိရပါတယ်။

ကံပိုင်တည်က ကျောင်းသူ/သားအချို့ကို ကျောင်းသားမိဘတွေက ဝိုင်းမော်ဘက် ကျောင်းအပ်ထားကြပေမဲ့ တိုက်ပွဲတွေကြောင့် ကျောင်းတွေ ပိတ်ထားရပြီး စောင့်ကြည့်နေကြရတယ်လို့လည်း သိရပါတယ်။

ကံပိုင်တည်မြို့ရဲ့ ရာသီဥတုအခြေအနေနဲ့ ကုန်စျေးနှုန်းအခြေအနေတွေကြောင့် ကျောင်းဆရာမတွေ ကျောင်းပြောင်းလျှောက်ကြတာ များတယ်လို့လည်း နောက်ထပ် ကံပိုင်တည်ဒေသခံ အမျိုးသမီးတစ်ဦးက မြစ်ကြီးနား သတင်းဂျာနယ်ကို ပြောပါတယ်။

ရတဲ့လစာက နည်း၊ အသုံးစရိတ်ကအရမ်းများတယ် ကုန်ဈေးနှုန်းအရမ်းတက်တော့ ဘယ်သူမှ မနေနိုင်ဘူး။ တချို့ကအပူပိုင်းဒေသဘက်က လာတဲ့သူတွေကလည်း အရမ်းအေးတော့ မနေနိုင်ကြလို့ ကျောင်းပြောင်းလျှောက်ကြတာများတယ်။လို့ အထက်ပါ အမျိုးသမီးက ပြောပါတယ်။

ကံပိုင်တည်မြို့မှာ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ကျောင်းဆရာ/ဆရာမအချို့ CDM လုပ်သွားကြတဲ့အပြင် ပညာရေးစနစ်ကလည်း မကောင်းလာတဲ့အတွက် တချို့က မြို့ပေါ်ကျောင်းတွေကို ပြောင်းရွှေ့သွားကြတယ်လို့လည်း သိရပါတယ်။

 

LEAVE A REPLY

Please enter your comment!
Please enter your name here