ခေါင်လန်ဖူးမြို့နယ်တွင် (၉)နှစ်အတွင်း တက္ကသိုလ်ဝင်တန်း အောင်မြင်သူ (၃)ဦးသာရှိ

926

မြစ်ကြီးနား၊သြဂုတ်၁၁

ပူတာအိုခရိုင်၊ ခေါင်လန်ဖူးမြို့နယ်တွင် (၉)နှစ်တာ ကာလအတွင်း တက္ကသိုလ်ဝင်တန်း စာမေးပွဲ အောင်မြင်သူ(၃)ဦးသာ ရှိသေးကြောင်း ခေါင်လန်ဖူး မဲဆန္ဒနယ်အမှတ် (၁)က ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးရွှေလေးက ပြောသည်။
၂၀၁၉- ၂၀၂၀ ပညာသင်နှစ်က ခေါင်လန်ဖူးမြို့နယ်တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုသူ ဦးရေ(၄၉)ဦးထဲတွင် အောင်မြင်သူ(၂)ဦးရှိခဲ့ပြီး ၂၀၁၇-၁၈ ပညာသင်နှစ်က အောင်မြင်သူ (၁)ဦး ရှိခဲ့သည်။

“မအောင်တာ (၈)နှစ်လောက် ရှိပြီ။ တစ်ယောက်မှ မအောင်တာ။ ဒီနှစ်မှအောင်တာ ဟိုးအရင်နှစ်တော့ တစ်ယောက်အောင်တယ်။ ဒါပေမယ့် ဒီနှစ်တော့ ထူးထူးခြားခြား နှစ်ယောက် အောင်တာပေါ့။ အဲဒီတော့ သုံးယောက် ဖြစ်သွားတယ်။ ကိုးနှစ်လောက်ဖြေမှ သုံးယောက်လောက် အောင်တာပေါ့”ဟု ဦးရွှေလေးကဆိုသည်။

ယခင်နှစ်များတွင် ခေါင်လန်ဖူးဒေသမှ တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုမည့်သူများသည် နောင်မွန်းမြို့နယ်ရှိ စာစစ်ဌာနသို့ သွားရောက်ဖြေဆိုကြရပြီး ၂၀၁၉-၂၀၂၀ ပညာသင်နှစ်မှ စတင်ကာ ပူတာအိုမြို့နယ်တွင် အစိုးရထောက်ပံ့မှုဖြင့် ကလေးများအတွက် နေထိုင်စားသောက်စရိတ် ကျခံကာ (၂)လခန့် စခန်းသွင်းပြီးမှ ဖြေဆိုစေခဲ့ကြောင်း ဦးရွှေလေး ဆက်လက်ပြောပြသည်။

“ကျွန်တော်တို့က ခေါင်လန်ဖူးမှာ စာစစ်ဌာနမရှိဘူးလေ။ အဲ့ဒီတော့ နောင်မွန်းကို လာဖြေရတာ။ ခေါင်လန်ဖူးကနေဆို (၈)ရက်လောက်ပေါ့။ ဒီနှစ်တော့ ပူတာအိုမှာ အစိုးရရဲ့ ကူညီပံ့ပိုးမှုနဲ့ ကလေးတွေကို (၂)လလောက် Camp သွင်းပြီးမှ ကလေးတွေ နေရာထိုင်ခင်း အဆင်ပြေအောင် လုပ်ပေးတယ်။ (၂)လ လောက် Camp သွင်းတော့၊ ကလေးတွေကလည်း ကြိုးစားတော့ ဘဲဥတော့ ကွဲသွားတာပေါ့”ဟု ၎င်းက ဆိုသည်။

ရှေးယခင်နှစ်များတွင် ခေါင်လန်ဖူး မြို့နယ်မှ နောင်မွန်းမြို့နယ်ရှိ စာစစ်ဌာနအထိ သွားရောက် ဖြေဆိုရာတွင်(၈)ရက်ကြာ သွားရောက်ကြရသောကြောင့် ခရီးကြန့်ကြာမှု၊ နယ်မြေမကျွမ်းကျင်မှုများ ရှိကြောင်း၊ ခရီးစရိတ် နေထိုင်စားသောက် စရိတ်များကို ကျောင်းသားများမှ ကျခံရသည့်အပြင် ကိုယ်တိုင်ချက်ပြုတ် စားသောက်ရကြောင်း၊ စာစစ်ဌာနရှိသည့် ဒေသတွင် နေထိုင်တည်းခိုမည့် ဆွေမျိုးသားချင်း မရှိသောကြောင့် နေထိုင်ရေးခက်ခဲခြင်းများ ကြုံတွေ့ခဲ့ရခြင်းကြောင့် ကျောင်းသားများ အနေဖြင့် ပညာရေးဘက်တွင် အာရုံစိုက်မှု အားနည်းခြင်းများရှိခဲ့ကြောင်း သိရသည်။

ခေါင်လန်ဖူးဒေသတွင် လမ်းပန်းဆက်သွယ်ရေး ခက်ခဲမှုနှင့် ရာသီဥတုဆိုးရွားမှုများကြောင့် ကလေးများ ပညာသင်ကြားရာတွင် အခက်အခဲများစွာ ရှိကြောင်း လက်ရှိ ခေါင်လန်ဖူး အ.ထ.က မှာ ကျောင်းဆရာ ကိုသန့်ဇင်ထွန်းက မြစ်ကြီးနားသတင်းဂျာနယ်ကို ပြောသည်။

ထို့အပြင် ဝေးလံခေါင်ဖျားသည့် ရွာများမှ ကျောင်းသားများသည် ခေါင်လန်ဖူးမြို့ပေါ်ရှိ နီးစပ်ရာဆွေမျိုးအိမ်များတွင် လာရောက်ခိုလှုံကာ ပညာသင်ယူကြရပြီး ယင်းဒေသ၏ အအေးဒဏ်လွန်ကဲမှု၊ မိုးတွင်းကာလ မိုးဆက်တိုက်ရွာသွန်းမှုများကြောင့် မြေပြိုမှုများ ရှိကြောင်း၊ ဆိုးရွားသည့် ရာသီဥတုနှင့် လမ်းပန်းဆက်သွယ်ရေး အခက်အခဲကြားထဲမှ မကြာခဏ ရွာပြန်ပြီး စားနပ်ရိက္ခာ သွားယူနေကြရသောကြောင့် ကလေးများအတွက် စောင်၊ အနွေးထည်နှင့်အခြေခံ စားသောက်ကုန်များ လိုအပ်ကြောင်း သိရသည်။

ခေါင်လန်ဖူးဒေသတွင် တက္ကသိုလ်ဝင်တန်း အောင်ချက် မြင့်မားလာရေးအတွက် ဒေသဖွံ့ဖြိုးရေးများ၊ ပညာရေး ထောက်ပံ့ကူညီမှုများ လိုအပ်ကြောင်းနှင့် စာစစ်ဌာန ထားရှိပေးရန်လည်း အလိုရှိကြောင်း ဦးရွှေလေးက ဆက်လက်ပြောသည်။

ခေါင်လန်ဖူးမြို့နယ်တွင် အ.ထ.က (ခေါင်လန်ဖူး)၊ အ.ထ.က (ဇန်ယော့)၊ အ.ထ.က ခွဲ (ရှိန်းခေါင်) စသည့် အထက်တန်းကျောင်း သုံးကျောင်းရှိပြီး ယခုနှစ် တက္ကသိုလ်ဝင်တန်းအောင်မြင်ခဲ့သူ နှစ်ဦးမှာ အ.ထ.က (ခေါင်လန်ဖူး) နှင့် အ.ထ.က (ဇန်ယော့)မှ ကျောင်းသားတစ်ဦးနှင့် ကျောင်းသူတစ်ဦး ဖြစ်ကြောင်းဖြစ်ကြောင်း သိရသည်။

၂၀၂၀ တက္ကသိုလ်ဝင်တန်း စာမေးပွဲတွင် ကချင်ပြည်နယ်အတွင်းရှိ ဝေးလံခေါင်ဖျားသည့် အင်ဂျန်းယန်မြို့နယ်၊ နောင်မွန်မြို့နယ်နှင့် ခေါင်လန်ဖူးမြို့နယ်များတွင် အောင်ချက် ရာခိုင်နှုန်း အနည်းဆုံးဖြစ်ကြောင်း ကချင်ပြည်နယ် ပညာရေးမှူးရုံး၏ ထုတ်ပြန်ချက်အရ သိရသည်။
Ann

LEAVE A REPLY

Please enter your comment!
Please enter your name here