ချီဖွေ၊ ဆော့လော်ကားလမ်း တောင်ပြိုနေ၍ တရုတ်ပစ္စည်းများကို မတန်တစ်ဆဈေးဖြင့် ဝယ်သုံးနေရဟုဆို

1320

ဇူလိုင် ၇

ဝိုင်းမော် – ချီဖွေ – ဆော့လော် လမ်းပိုင်းတွင် မြေပြိုမှုများကြောင့် ဒေသခံများနှင့် ဝန်ထမ်းများ သွားလာရေးအတွက် အခက်အခဲဖြစ်ကာ ယင်းဒေသတွင် ကျောင်းသုံးပစ္စည်းများနှင့် ဆေးဝါးများရှားပါးနေကြောင်း ဒေသခံများက ပြောသည်။

ယခုနှစ် မေလနှင့် ဇွန်လအတွင်းတွင် တောင်ကမ်းပါးယံများဖြိုချ လမ်းချဲ့ခြင်းများ ပြုလုပ်ခဲ့သည့်အတွက် လက်စမသတ်သေးသည့် ထိုနေရာများတွင် မိုးရွာသွန်းခဲ့ရာ ဗွက်အိုင်များဖြစ်ကာ သွားလာရေး အခက်ခဲဖြစ်နေရခြင်း ဖြစ်ကြောင်း သိရသည်။

“အစိုးရက လမ်းတွေလုပ်မယ်ဆိုရင် ဆောင်း၊ နွေတွေမှာလုပ်သင့်တယ်။ အခုက မိုးကျမှလာလုပ်တော့ မြေသားတွေပွပြီး ဗွက်တွေအိုင်လို့ ပြည်သူတွေ အရမ်းခက်ခဲနေရတယ်။ တရုတ်နိုင်ငံမှာဆိုရင် နာရီပိုင်းလောက် လမ်းပိတ်ပြီးပြင်လိုက်တာနဲ့ ရသွားပြီ။ ဒီမှာက ဘယ်နှစ်လ ဘယ်နှစ်နှစ်ပိတ်ပိတ် ဘယ်သူမှ လုပ်မပေးဘူး”ဟု ချန်မူခူးဒေသခံ ဦးဇုန်းကိကပြောသည်။

ထိုသို့ လမ်းပန်းဆက်သွယ်ရေးခက်ခဲမှုများကြောင့် ယင်းဒေသတွင် တာဝန်ကျသည့် အစိုးရဝန်ထမ်း ဆရာ၊ ဆရာမများမှာလည်း ငွေကျပ် တစ်သိန်း/နှစ်သိန်းခန့်ဖြင့် ဆိုင်ကယ် ကယ်ရီငှားရမ်းကာ တာဝန်ကျနေရာသို့ သွားနေရကြောင်း သိရသည်။

လမ်းစရိတ်အတွက် ကုန်ကျမှုများရှိသကဲ့သို့ လမ်းခရီးတွင် အချိန်ကြန့်ကြာနေမှုများလည်းရှိသဖြင့် အစိုးရအနေဖြင့် အမြန်ဆုံးပြုပြင်ပေးစေလိုကြောင်း ဒေသခံများက ပြောသည်။

“ကျောင်းဖွင့်တာ နှစ်လလောက်ရှိပြီ၊ အခုချိန်ထိ ကလေးတွေအတွက် ကျောင်းသုံး ဗလာစာအုပ်တွေနဲ့ ဘောပင်၊ ခဲတံတွေလည်း မရောက်လာဘူး။ ဆေးဝါးတွေလည်းဆေးပေးခန်းနဲ့ ဆရာမရှိပြီး ဆေးမရှိဘူး။ တကယ်အရမ်းကို ခက်ခဲနေပါတယ်”ဟု ဦးဇုန်းကိက ပြောသည်။

ထိုသို့ မြစ်ကြီးနားနှင့် အသွားအလာခက်ခဲနေချိန် ယင်းဒေသတွင် တရုတ်နိုင်ငံထုတ် အစားအစာများကို တရုတ်ယွမ်ငွေဖြင့် ဈေးကြီးပေးကာ ဝယ်စားနေရသည်ဟုလည်း သိရသည်။

ထို့အပြင် ဝန်ထမ်းများအနေဖြင့်လည်း စားနပ်ရိက္ခာနှင့် အိပ်ယာ၊ စောင်စသည့်ပစ္စည်းများကို ဆိုင်ကယ်ဖြင့် သယ်ယူနိုင်ခဲ့ခြင်းမရှိ၍ တရုတ်အသုံးအဆောင်များကို ဈေးကြီးပေးဝယ်သုံးနေရကြောင်း သိရသည်။

တယ်လီဖုန်းလိုင်းမရှိသည့် ယင်းဒေသတွင် ထိုလမ်းကိုအဓိကအားထားနေရသည့်အတွက် အမြန်ဆုံးပြုပြင်ပေးစေလိုသည်ဟု ဒေသခံများကပြောသည်။

နှစ်စဉ်မိုးတွင်းအချိန်တွင် လမ်းပိုင်း၌ မြေပြိုသည့်အတွက် ယင်းဒေသခံများသည် နှစ်စဉ် ကုန်ဈေးနှုန်းမြင့်ခြင်းနှင့် ခရီးသွားလာရေးတွင် အခက်ခဲများ ကြုံတွေ့နေရကြောင်း ဒေသခံများက ပြောသည်။

မွန်းမွန်းပန်

LEAVE A REPLY

Please enter your comment!
Please enter your name here