ဝိုင်းမော်၊ ဇွန် ၂၆
ဝိုင်းမော်မြို့၊ အောင်မြေ ၁ ကျေးရွာရှိ ပတ်ဝန်းကျင်၌ လာရောက်ငှက်ပျောစိုက်ပျိုးနေသည့် ကုမ္ပဏီကို ဒေသခံတောင်သူများက ဇွန်လ ၂၁ ရက်တွင် သွားရောက်မောင်းထုတ်ခဲ့ကြောင်း သိရသည်။
ထို တရုတ်တစ်သျှူးငှက်ပျောစိုက်ပျိုးခင်းသည် ကျေးရွာနှင့် ငါးမိုင်ခန့်အကွာတွင်ရှိပြီး တောင်သူများကို အသိမပေးဘဲ ဝင်ရောက်လုပ်ကိုင်နေကြသဖြင့် မောင်းထုတ်ခဲ့ခြင်းဖြစ်ကြောင်း၊ လျော်ကြေးအနေဖြင့် တောင်သူများလက်မခံနိုင်သည့် ပမာဏကိုပေးသွားခဲ့ကြောင်းလည်း သိရသည်။
“သူတို့က တောင်သူတွေရဲ့မြေကို လက်ဝါးကြီးအုပ်တဲ့စနစ်နဲ့ လုပ်သွားကြတယ်။ လျော်ကြေးကို အုပ်ချုပ်ရေးမှူးရုံးမှာခေါ်ပြီး ယူချင်ယူ မယူချင်လည်းရှုံးဆိုတဲ့ပုံစံနဲ့ လာပေးသွားကြတယ်။ တချို့က ယူလိုက်ကြပြီး တချို့က မယူခဲ့ဘူး။ ဘာပဲဖြစ်ဖြစ် တောင်သူတွေကတော့ မြေကိုပဲပြန်လိုချင်တယ်”ဟု တောင်သူဦးကျန်ဆားက ပြောသည်။
ထိုဒေသတွင် ယခုနှစ် နှစ်စပိုင်းမှ စတင်ဝင်ရောက်ကာ စိုက်ပျိုးလာခြင်းဖြစ်ပြီး ၎င်းတို့စတင်စိုက်ပျိုးချိန်က ဒေသခံများက အုပ်ချုပ်ရေးမှူးရုံးတွင် စာတင်ကာ ဖြေရှင်းမှုပြုလုပ်ခဲ့ရာ စိုက်ပျိုးမှုကို ရပ်တန့်ပေးသွားမည်ဟု ပြောဆိုပြီး ခေတ္တရပ်တန့်ခဲ့သော်လည်း ဇွန်လ ၁၈ ရက်နေ့ကစပြီး ပြန်လည် ထွန်ယက်စိုက်ပျိုးမှုပြုလုပ်လာကြောင်း သိရသည်။
ထိုသို့ပြန်လည်စိုက်ပျိုးမှုကို ဆက်လက်မဆောင်ရွက်ရန် တောင်သူများက တားမြစ်ခဲ့သော်လည်း ရပ်တန့်ခြင်းမရှိဘဲ ၂၀ ရက်နေ့တွင် ပျိုးပင်များကို မြေချစိုက်ပျိုးမှုများပြုလုပ်ခဲ့သဖြင့် နောက်တစ်ရက်တွင် ဒေသခံတောင်သူများစုပေါင်းကာ သွားရောက်မောင်းထုတ်ခဲ့ကြကြောင်း သိရသည်။
“နိုင်ငံရေး အခြေအနေကြောင့် မစိုက်ပဲထားထားတာကို သူတို့က ဝင်လုပ်လာတာဟုတ်တယ်။ ကျွန်တော်တို့က မနားလို့လည်းမရဘူးလေ။ လုပ်နေတဲ့ တောင်သူတွေကို စုဆောင်းရေးခေါ်သွားတော့ ကြောက်လို့ မဖြစ်မနေနားထားခဲ့ရတာပါ။ အဲဒါကို အခွင့်ကောင်းယူပြီး သူတို့ကဝင်လုပ်ကြတာ”ဟု တောင်သူ ဦးကျန်ဆားက ပြောသည်။
ဒေသခံတောင်သူများအနေဖြင့် တရုတ်တစ်သျှူးငှက်ပျောစိုက်ခင်းကုမ္ပဏီမှပေးသည့် နစ်နာကြေး၊ လျော်ကြေးများကို မလိုမရှိကြောင်း၊ ထိုမြေများကို တောင်သူများအား ပြန်လည်ပေးအပ်ပြီး စိုက်ခင်းများ ဖျက်သိမ်းကာ ထွက်သွားရန်သာ အလိုရှိကြောင်း တောင်သူများက တောင်းဆိုကြသည်။
ထိုမြေယာများမှာ တောင်သူများပိုင်ဆိုင်ကြောင်း ပြေစာရရှိထားခြင်း မရှိသော်လည်း ငှက်ပျောစိုက်သူတို့ ခုတ်ထွင်ရှင်းလင်းလိုက်သည့် ဝါးရုံပင်များ၊ ကျွန်းသစ်နှင့် အခြားသစ်မာများ နှစ်ရှည်သီးနှံပင်များမှာ တောင်သူများ ဘိုးစဉ်ဘောင်ဆက် စိုက်ပျိုးလာသည့် အပင်များဖြစ်သည်ဟု ဆိုသည်။
“တောင်သူတွေရဲ့ မိသားစုစားဝတ်နေရေးက အဲဒီကပဲရတာ၊ အခုသူတို့ အဲဒီလို ခုတ်ထွင်ရှင်းလင်းလိုက်တော့ တောင်သူတွေရဲ့ မိသားစုဘဝက ဘယ်လိုရှင်သန်ရပ်တည်ရမလဲဆိုတာ စဉ်းစားစရာဖြစ်သွားပါတယ်။ တကယ် ကျွန်တော်တို့ တောင်သူတွေရဲ့ဘဝက အဲဒီမြေကပဲဆုံးဖြတ်ပေးတာ ဖြစ်ပါတယ်”ဟု တောင်သူ ဦးကျန်ဆားကပြောသည်။
ကချင်ပြည်နယ်အတွင်းရှိ လယ်ယာမြေ၊ ကိုင်း၊ သစ်တောကြိုးဝိုင်းနှင့် မြေလွတ်၊ မြေလပ်၊ မြေရိုင်းများပေါ်တွင် တရုတ်တစ်သျှူးငှက်ပျောခင်းစိုက်ပျိုးရန် မည်သည့်ကုမ္ပဏီကိုမျှ ခွင့်ပြုချက်ပေးမထားကြောင်းနှင့် စိုက်ပျိုးထားရှိပြီး ငှက်ပျောခင်းများကို ကန့်သတ်လိုက်ပြီဖြစ်ကြောင်း၊ ငှက်ပျောစိုက်ခင်းကို ထပ်မံတိုးချဲ့ စိုက်ပျိုးခွင့်မပြုတော့ကြောင်း ကချင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်က ရန်ကုန်မြို့တွင် ဇွန်လ ၂၄ ရက်ကကျင်းပသည့် အင်န်အယ်ဒီပါတီညီလာခံ အပြီးတွင် သတင်းမီဒီယာများကို ပြောဆိုထားသည်။
မွန်းမွန်းပန်







