ငှက်ပျောသီးသယ်ကားများကြောင့် ကချင်ပြည်နယ်ရှိ တံတားများ ပျက်စီးပါက ဆုံးရှုံးမှုတန်ဖိုး၏ သုံးဆပေးလျော်ရမည်ဟု ဆောက်လုပ်ရေးဒုဝန်ကြီးပြော

6262

မြစ်ကြီးနား၊ သြဂုတ် ၂၄

ငှက်ပျောသယ် ကုမ္ပဏီများကြောင့် ကချင်ပြည်နယ်ရှိတံတားများ ပျက်စီးပါက ဆုံးရှုံးမှုတန်ဖိုး၏ သုံးဆကို ပေးလျော်ရမည်ဟု အသိပေးညွှန်ကြားထားကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတ်ယဝန်ကြီး ဦးကျော်လင်းက အမျိုးသားလွှတ်တော်တွင် ပြောကြားလိုက်သည်။

“ကချင်ပြည်နယ်ထဲက ဒဘတ်ယန် ဘေလီတံတား၊ မလိယန်ဘေလီတံတား၊ နန်ဆန်ယန်သံဘောင် ဘေလီတံတား စတဲ့တံတားတွေမှာ တံတားခံနိုင်ဝန်နဲ့ သတိပေးဆိုင်းဘုတ်တွေကို တရုတ် – မြန်မာနှစ်ဘာသာနဲ့ ရေးသားစိုက်ထူထားပြီးတော့ တန်ပိုယာဉ်တွေဖြတ်သန်းမှု မရှိစေရေးအတွက်ကိုလည်း ပြည်နယ်အစိုးရအဖွဲ့နဲ့ ညှိနှိုင်းထားပါတယ်။ ငှက်ပျော သယ်ဆောင်သည့် ကုမ္ပဏီများအား ၂၂ ဘီးအစား ကားအငယ်များဖြင့် သတ်မှတ်တန်ချိန်အတိုင်း သယ်ဆောင်ကြဖို့နဲ့ တံတားများပျက်စီးဆုံးရှုံးသွားပါက ပျက်စီးမှုတန်ဖိုး၏သုံးဆကို ပေးလျော်မည် ဖြစ်ကြောင်း ညွှန်ကြားထားပြီးဖြစ်ပါတယ်။ လမ်းတံတားများပျက်စီးဆုံးရှုံးမှု မဖြစ်ပေါ်စေဖို့အတွက် နှစ်စဉ်မိုးတွင်း ဆယ်ဘီးနှင့်အထက် ယာဉ်ကြီးများ ဖြတ်သန်းသွားလာခွင့် ပိတ်ပင်တားဆီးရေးအဖွဲ့ကို ကချင်ပြည်နယ်အစိုးရအဖွဲ့နှင့် ညှိနှိုင်းပြီး စစ်ဆေးတားမြစ်ဆောင်ရွက်လျက် ရှိပါတယ်”ဟု ဒုတိယဝန်ကြီးကပြောကြားသည်။

သြဂုတ်လ ၂၁ ရက်နေ့က နေပြည်တော်၌ ကျင်းပခဲ့သည့် အမျိုးသားလွှတ်တော်အစည်းအဝေးတွင် ကချင်ပြည်နယ် မဲဆန္ဒနယ်အမှတ် (၁၁)၊ မိုးမောက်မြို့နယ်မှလွတ်တော်ကိုယ်စားလှယ် ဒေါတ်တာခွန်ဝင်းသောင်း၏ အိမ်နီးချင်းနိုင်ငံမှ ငှက်ပျောသယ်ဆောင်သည့် ၂၂ ဘီးကားကြီးများ အခေါက်ရေ ရာထောင်မက အဆမတန် တန်ပိုဖြတ်သန်းသွားလာမှုကြောင့် ကချင်ပြည်နယ်၊ ဗန်းမော် – မြစ်ကြီးနား – ကန်ပိုက်တီလမ်းမပေါ်ရှိ တံတားများ၏ အရည်အသွေးကျဆင်းနေမှုအပေါ် စစ်ဆေးကြပ်မတ်ပြုပြင်ရန် လိုအပ်နေသည်များကို အချိန်မီပြုပြင်ရန်နှင့် စည်းကမ်းဖောက်ဖျက်မှုတို့ကို ထိရောက်စွာ တားဆီးအရေးယူပေးရန် အစီအစဉ်ရှိ/မရှိ မေးခွန်းနှင့်ပတ်သက်ပြီး ဆောက်လုပ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်းက အထက်ပါအတိုင်း ဖြေကြားလိုက်ခြင်း ဖြစ်သည်။

ဒေါက်တာ ခွန်ဝင်းသောင်းက “တစ်သျှူးငှက်ပျောစိုက်ခင်းများစွာကို တရုတ်-မြန်မာလုပ်ငန်းရှင်များစွာ ပူးပေါင်းပြီး၊ မြေလွတ်မြေရိုင်းရော၊ မြေမလွတ်မြေမရိုင်းရော အချိန်တိုအတွင်း ယန္တရားကြီးများ အသုံးပြုလို့ စိုက်ပျိုးဖော်ထုတ်နေကြတာဟာ ကချင်ပြည်နယ်၊ ဝိုင်းမော် – မြစ်ကြီးနား၊ ဗန်းမော်၊ မန်စီမြို့ငယ်တွေမှာသာမကဘဲ စစ်ကိုင်းတိုင်းဒေသအတွင်းအထိ ပေါ်ပေါ်ထင်ထင် စိုက်ပျိုးနေမှုများဟာ လူ့ခန္ဓာကိုယ်မှာ ကင်ဆာရောဂါဖြစ်ပွားသလိုပါပဲ။ နှစ်စဉ်ငှက်ပျောခုတ် ရာသီရောက်ပြီဆိုတာနဲ့ အိမ်နီးချင်းတရုတ်ပြည်က ၂၂ ဘီးကားတွေဟာ တစ်ရက်လည်းမဟုတ်၊ တစ်နှစ်လည်းမဟုတ် ရာသီချိန်ရောက်တိုင်း တန်ပိုယာဉ်တွေ အကြိမ်ကြိမ်ဖြတ်သန်းကြလို့ တစ်ကြိမ်မဟုတ်တစ်ကြိမ် အန္တရာယ်ကိုလက်ယပ်ခေါ်နေသလိုဖြစ်တဲ့အပြင် အခွန်အခကလည်း အတိအကျမရ၊ ပတ်ဝန်းကျင်ပျက်စီးဆုံးရှုံးနေမှုတွေ၊ တံတားတွေ ပျက်စီးဆုံးရှုံးခဲ့ရင်လည်း ပြင်ဆင်စရိတ်က နိုင်ငံတော်အတွက် အပူအပင်တစ်ခုဖြစ်ဖို့များပါတယ်။ အဲဒီလိုတရားဝင်ရော တရားမဝင်ပါ ကျူးကျော်စိုက်ပျိုးနေကြတဲ့ တစ်သျှူးငှက်ပျောခင်းများမှ ကုန်များကို အဆမတန်တင်ဆောင်ပြီး ရာသီချိန်ရောက်တိုင်း ဖြတ်သန်းသွားလာမှုကြောင့် တံတားအရည်အသွေးများ ကျဆင်းလာပြီး မကြာမီအချိန်အတွင်းမှာ ထိုအရာများကို လစ်လျူရှုထားမယ်ဆိုရင် ဧရာဝတီတိုင်းအတွင်းမှာ ဖြစ်ပွားခဲ့တဲ့ မြောင်းမြကြိုးတံတားလို အကြောင်းမလှ ရင်နင့်ဖွယ်အကြောင်းတွေနဲ့ ကြုံလာနိုင်တဲ့အတွက် တံတားများကို (၁)အရည်အသွေး ကျဆင်းနေမှုအပေါ် ကြပ်မတ်စစ်ဆေးရန်၊ (၂)လိုအပ်နေမှုများကို အချိန်မီပြုပြင်ရန်၊ (၃) နောက်နောင်ထိုသို့ စည်းကမ်းဖောက်ဖျက်မှုများကို ထိရောက်စွာတားဆီးစစ်ဆေးပေးကြရန် အစီအစဉ်ရှိမရှိ မေးမြန်းအပ်ပါတယ်”ဟုမေးမြန်းခဲ့သည်။

ထို့အပြင် ယခုနှစ်မိုးတွင်းကာလတွင်လည်း ၁၀ ဘီးနှင့်အထက် ယာဉ်ကြီးများ ဖြတ်သန်းသွားလာမှု မရှိစေရန် တန်ပိုတားဆီးစစ်ဆေးရေးအဖွဲ့ကို စနစ်တကျဖွဲ့စည်းပြီး စည်းကမ်းဖောက်ဖျက်မှုများမရှိစေရေး ကြပ်မတ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ဆက်လက်၍ ကချင်ပြည်နယ်အတွင်းရှိ ငှက်ပျောစိုက်ခင်းများမှ သယ်ယူပို့ဆောင်သွားလာသည့် အဓိကလမ်းများမှာ မြစ်ကြီးနား – ဗန်းမော်လမ်း၊ ဝိုင်းမော် – ချီဖွေလမ်း၊ ဝိုင်းမော် – ဆဒုံး – ကန်ပိုက်တီလမ်းနှင့် ရွှေညောင်ပင် – တာလောကြီးလမ်းတို့ဖြစ်ပြီး အဆိုပါလမ်းများရှိ အဓိကတံတားများဖြစ်သည့် တံတားခံနိုင်ဝန် မှာ အရှည်ပေ ၄၅၀ ရှိ ဒဘတ်ယန်ဘေလီတံတားနှင့် အရှည်ပေ ၃၂၈ ပေရှိသော မလိယန်ဘေလီတံတား ခံနိုင်ဝန်မှာ ၁၆ တန်၊ အရှည် ၄၀၀ ပေရှိသော နန်ဆန်ယန်ဘေလီသံဘောင်တံတားမှာ ၁၄ တန် သတ်မှတ်ထားပြီး ထိုတံတားများမှာ ကြံ့ခိုင်မှု အားနည်းလျက်ရှိသည့်အတွက် ပြင်ဆင်မှုများ ပြုလုပ်ခဲ့ကြောင်း ဒုတိယဝန်ကြီးကပြန်လည်ဖြေကြားခဲ့သည်။
ဆိုင်း (ကချင်မြေ)

LEAVE A REPLY

Please enter your comment!
Please enter your name here