စစ်ရှောင်ပြည်သူများက တိကျခိုင်လုံသည့် အာမခံချက်ရှိမှ နေရပ်ပြန်နိုင်မည်

1300
danai hpyen yen

မြစ်ကြီးနား၊ ဇွန် ၎

ကချင်ပြည်နယ်အတွင်းရှိ ဒုက္ခသည်စခန်းများ ပိတ်သိမ်းရေးအတွက် စစ်ရှောင်ပြည်သူများ၏ဆန္ဒကို အရင်တောင်းခံပြီးမှ ဆောင်ရွက်ရန်သင့်ကြောင်း ထွယ်ဂျန်ဒါမှ ဒါရိုက်တာ ဒေါ်နန်ပူကပြောသည်။

ယခုလ ၂ ရက်နေ့က နေပြည်တော်မင်္ဂလာသီရိဟိုတယ်တွင် “ဒုက္ခသည်စခန်းများ ပိတ်သိမ်းသွားရန် မဟာဗျူဟာ စီမံချက်ရေးဆွဲနိုင်ရေး အလုပ်ရုံဆွေးနွေးပွဲ”တွင် ဒုက္ခသည်စခန်းများ ပိတ်သိမ်းနိုင်ရေးအတွက် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြက်အေးက ပြောကြားခဲ့သည်။

ဒုက္ခသည် စခန်းများတွင် နေထိုင်ရသည့်အတွက် မူလအလုပ်အကိုင်ပျက်ခြင်း၊ အလုပ်အကိုင်အခွင့်အလမ်းနည်းပါးခြင်း၊ ကလေးသူငယ်များ ပုံမှန်ဖွံ့ဖြိုးရေးအတွက် အခွင့်အရေးဆုံးရှုံးခြင်း အမျိုးသမီးများ၏ ရပ်တည်မှုဖွံ့ဖြိုးမှုထိခိုက်ပြီး အကြမ်းဖက်ခံရမှု၊ လူကုန်ကူးမှုဖြစ်နိုင်ခြေရှိခြင်း၊ သက်ကြီးရွယ်အိုများ၊ ကလေးသူငယ်များ၊ မသန်စွမ်းများနှင့် ကိုယ်ဝန်ဆောင်မိခင်များ အဓိကထိခိုက်မှုရှိခြင်းနှင့် ဥပဒေအရ ရသင့်သည့်အခွင့်အရေး ဆုံးရှုံးမှုများရှိပါကြောင်း၊ စစ်ရှောင်စခန်းများတွင် နေထိုင်ခြင်းကြောင့် အထောက်အပံ့ကူညီမှုများကို မှီခိုနေရ၍ လုပ်ရည်ကိုင်ရည်များ လျော့ကျလာပါကြောင်း အလုပ်ရုံဆွေးနွေးပွဲတွင်  ဒေါက်တာဝင်းမြက်အေးက ပြောကြားသည်။

ဒုက္ခသည်စခန်းများ ပိတ်သိမ်းနိုင်ရေး ဆောင်ရွက်ရာတွင် နိုင်ငံတကာနှင့်ပူးပေါင်း၍ နိုင်ငံတကာစံချိန်စံညွှန်းနှင့်အညီ ပူးပေါင်းဆောင်ရွက်သွားမည်ဟု ပြည်ထောင်စုအစိုးရကဆိုသော်လည်း လောလောဆယ် အသစ်ထပ်မံရောက်ရှိလာသည့် စစ်ရှောင်များလည်းရှိနေသဖြင့် ပိတ်သိမ်းရန်မှာ မဖြစ်နိုင်သေးဟု ဒေါ်နန်ပူက ထောက်ပြပြောဆိုခဲ့သည်။

  “စစ်ရှောင်စခန်းက ပိတ်သိမ်းလို့မဖြစ်သေးဘူး။ အခုအသစ်ရောက်လာတဲ့ စစ်ရှောင်ပြည်သူတွေ အတွက်တောင် အဆောက်အဦဆောက်ရမယ်၊ ချဲ့ရမယ်။ အသစ်ရောက်လာတဲ့သူတွေတောင် နေစရာမရှိ စားစရာမရှိဖြစ်နေတာ ပိတ်သိမ်းဖို့ဆိုတာ မပြောနဲ့၊ ပိတ်သိမ်းသွားပြီး သူတို့အိမ်ကို ပြန်လို့ရတယ် မရဘူးဆိုတာတော့ သေချာပြောလို့မရသေးဘူး။  ကချင်ပြည်နယ်အတွက်တော့ မဖြစ်နိုင်သေးဘူး။ ပြန်လို့ရမယ်၊ မရမယ်ဆိုတာ ပြောလို့မရသေးဘူး။ ဘာကြောင့်လဲဆို စစ်ပွဲက မငြိမ်းသေးဘူး။ တိုက်ပွဲတွေ အစဉ်ဖြစ်နေတာ”ဟု ဒေါ်နန်ပူကပြောသည်။

ဆက်လက်၍ “ပြန်လို့မရဘူး။ ပြန်မယ်ဆိုရင်လည်း ကိုယ်နေတဲ့နေရာမှာ စစ်ရှောင်တွေနေမယ့် ရွာတွေမှာ စစ်ပွဲပြန်ဖြစ်လာနိုင်တဲ့ အခြေအနေဖြစ်နေတယ်။ ဘာကြောင့်မဆို အချိန်မရွေးဖြစ်လာနိုင်တယ်။ ပြန်ဖို့အတွက်ကို အခြေအနေက မပေးဘူး။ အဲ့ဒီတော့ ပိတ်သိမ်းဖို့အတွက်ကို ခက်သေးတယ်။ အစိုးရကအာမခံချက်ပေးမယ်ဆိုရင် စစ်ရှောင်ပြည်သူတွေရဲ့ စိတ်ဆန္ဒသဘော ထားကို ရယူရမယ်။ နေရပ်ကို ပြန်နိုင်ဖို့အခြေအနေရှိအောင် အစိုးရက လုပ်ဆောင်ပေးရမယ်။ အာမခံချက်ပေးရမယ်။ အဲ့ဒီအာမခံချက်ရှိမှ လက်ခံနိုင်ရမယ်”ဟု ဒေါ်နန်ပူကပြောသည်။

စစ်ရှောင်စခန်းများရှိ ပြည်သူများကလည်း စစ်ဘေးရှောင်စခန်းများ ပိတ်သိမ်းမည့်အရေးကို လက်မခံနိုင်ကြောင်း ပြောသည်။

“ကျွန်မတို့ ပိတ်သိမ်းတယ်ဆိုတာ လုံးဝလက်မခံနိုင်ဘူး။ ပိတ်သိမ်းတယ်ဆိုတော့လည်း တစ်ခုကောင်းတယ်၊ သူတို့စိတ်ထဲမှာ စစ်ရှောင်စခန်းဆိုတဲ့ဟာကြီးကို မလိုချင်ဘူးဆိုလို့ရှိရင် နေရပ်ပြန်နိုင်အောင် မလုပ်ပေးနိုင်ဘူးဆိုရင် ငါတို့ကို လုပ်စားကိုင်စားလို့ရအောင် မြေနေရာချပေးပါ။ အဲ့ဒါတွေလိုချင်တယ်။ အဲ့ဒါဆိုလို့ရှိရင်တော့ ပိတ်သိမ်းချင်လည်း ပိတ်သိမ်းလိုက်၊ ဒါမှ မဟုတ်လို့ရှိရင်တော့ ကျွန်မတို့ကို မြေနေရာလည်း မချပေးနိုင်ဘူးဆိုရင် လုပ်ကိုင်စားသောက်ဖို့နေရာလည်း မလုပ်ပေးနိုင်ဘူးဆိုရင် ဒီ ဒုက္ခသည်စခန်း ပိတ်သိမ်းမယ်ဆိုလို့ရှိရင်တော့ ဘယ်လိုမှအဆင်မပြေနိုင်ဘူး”ဟု မိုင်းနားအေဂျီစစ်ရှောင်စခန်းမှ တာဝန်ခံ ဒေါ်ငွားမသားကပြောသည်။

သို့သော် စစ်ရှောင်ပြည်သူအချို့က စစ်ရှောင်ပြည်သူအားလုံးကို ကိုယ်စားပြုသည့်အသံများကို နားထောင်စေလိုသည် ဟုဆိုကြသည်။

  “ပြည်သူလူထုတွေဆီက အသံတွေ နားထောင်ပေးပြီးမှ လုပ်ခိုင်းစေချင်တယ်။ စာချုပ်တွေ လက်မှတ်ထိုးတဲ့အခါတောင် အာမခံချက်ရှိတဲ့စာချုပ်ဖြစ်ရမယ်။ ဒီလူတွေကို ဒီလိုဖောက်ဖျက်ရင် အရေးယူမယ်ဆိုတဲ့ အာမခံချက်ရှိမှ ပြန်မယ်၊ စစ်တပ်တွေ မရုတ်သိမ်းရင် ဘယ်တော့မှမပြန်ဘူး အတိအကျပဲ”ဟု မလိယာန်စစ်ရှောင်စခန်းမှ ဦးဆိုင်းခေါင်ကပြောသည်။

အဆိုပါဒုက္ခသည်စခန်းများပိတ်သိမ်းပြီးနောက်တွင် အစိုးရအနေဖြင့် ဥပဒေအရ လွတ်လပ်စွာသွားလာနိုင်ရေး၊ ပညာရေး၊ ကျန်းမာရေး၊ အလုပ်အကိုင်အခွင့်အလမ်းများရရှိအောင် ဆောင်ရွက်ပေးသွားမည်ဟုလည်း ဆိုသည်။

အစိုးရသစ်လက်ထက်တွင် ဒုက္ခသည်စခန်းများ ပိတ်သိမ်းရန် ၂၀၁၆ ခုနှစ် မေလမှစ၍ လုပ်ဆောင်ခဲ့ကြောင်းနှင့် တိုက်ပွဲ ရှောင်ပြည်သူများ၏ အခွင့်အရေးအတွက် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဌာနက စစ်ရှောင်ပြည်သူများကို ကူညီထောက်ပံ့ပေးခြင်း၊ အလုပ်အကိုင်အခွင့်အလမ်းဖော်ဆောင်ပေးခြင်း၊ အသက်မွေး ပညာများသင်ကြားပေးခြင်း၊ အရင်းအနှီးများထုတ်ပေးခြင်းတို့ကို စနစ်တကျလုပ်ဆောင်နေသည်ဟု သိရသည်။

ကချင်ပြည်နယ်ရှိ ဒုက္ခစခန်းများတွင် စစ်ဘေးရှောင်လူဦးရေ တစ်သိန်းကျော်ခန့် နေထိုင်လျှက်ရှိပြီး ယခုနှစ် ဇွန်လ ၉ ရက်နေ့တွင် တစ်ကျော့ပြန်တိုက်ပွဲဖြစ်ပွါးမှု ၇ နှစ်တင်းတင်းပြည့်မြောက်ပြီဖြစ်သည်။

ဆန်လတ်

LEAVE A REPLY

Please enter your comment!
Please enter your name here