စစ်ရှောင်ပြည်သူတွေကို ထောက်ပံ့နေတဲ့ ဒေါ်လဖိုင်နန်ပရီနှင့်တွေ့ဆုံခြင်း

1522
nangpri-intervie-(2)

Shingni Nbat (အနုပညာပိုးတဘက်) အဖွဲ့ကစစ်ရှောင်ပြည်သူတွေအတွက် ဘယ်လိုကူညီပေးမှုတွေ ပြုလုပ်နေပါသလဲ။

ကျွန်မတို့  Shingni Nbat အဖွဲ့က စစ်ရှောင်တွေကို ကချင်အနုပညာရှင်တွေနဲ့ရော နိုင်ငံကျော်တေးသံရှင် စတဲ့သူတွေကို အကူအညီတောင်းပြီးမှ ရန်ပုံငွေရှာတယ်။ အဲဒီကရတဲ့ဟာနဲ့ ကူညီတယ်၊ ပြီးရင် ကျွန်မတို့ဒီလိုကူညီနေတာတွေ့တဲ့ ပြည်သူလူထုတွေက လှူဒါန်းလာတဲ့ ဟာတွေနဲ့ကူညီတဲ့အဖွဲ့ဖြစ်တယ်။ လူမှုရေးအဖွဲ့အလုပ် လူသားချင်းစာနာထောက်ထားပြီး လူမှုရေးအဖွဲ့အစည်းသန့်သန့်အဖွဲ့ဖြစ်တယ်။

 

ကချင်ပြည်နယ်မှာရှိတဲ့ စစ်ရှောင်ပြည်သူတွေရဲ့ နောက်ဆုံးအခြေအနေ ဘယ်လိုရှိနေလဲ။

သူတို့မှာ အခက်အခဲပေါင်းများစွာရှိနေတယ်။ နေရတာလည်းခက်ခဲတယ်။ အခုက မိုးတွင်းရောက်ပြီဆိုတော့ မိုးကာအောက်မှာနေရတယ်။ မိုးကာကလည်း ကောင်းတာမဟုတ်တဲ့အတွက် မိုးအရမ်းသည်းရင် မိုးယိုတယ်၊ ဒီလိုအခက်အခဲတွေနဲ့ ရင်ဆိုင်နေရတယ်။ သမံတလင်းမှာ အိပ်ရတဲ့အတွက် အဆင်မပြေဘူး။ အခုလောလောဆယ် မိုးတွင်းကာလဖြစ်တဲ့အတွက် ကျန်းမာရေးပြဿနာတွေနဲ့ ရုန်းကန်နေရတယ်။ ပြီးရင် အစားအသောက် အခက်အခဲရှိနေတယ်။ ကျွန်မတို့သွားတဲ့အချိန်မှာဆိုရင် ဘာတွေကူညီပေးရမလဲဆိုပြီးမေးတဲ့အခါမှာ အသားဓာတ်အားနည်းနေတယ်။ အသားပဲဝယ်ကျွေးပါဆိုတာတွေရှိတယ်၊ အာဟာရလည်းလိုအပ်နေတယ်။ ကျောင်းနေတဲ့ကလေးတွေလည်း ကြာရင်အာဟာရပြတ်လာနိုင်တယ်။ အခုက စစ်ရှောင်တဲ့ကာလက ၇ နှစ်ရှိလာပြီဆိုတော့ အာဟာရဓာတ်ချို့တဲ့ရောဂါက ရှိလာတယ်။ နောက်ပြီး ကျောင်းဖွင့်လာတဲ့အချိန်မှာ စစ်ရှောင်ကဆိုပြီးတော့ ကျောင်းမှာ ကျူရှင်မယူလို့မရဘူး။ ကျူရှင်ယူရတယ်။ ပြီးရင်စစ်ရှောင်ထဲမှာဆိုတော့ ကလေးရော လူကြီးရော အရမ်းများတယ်။ ထောင်ဂဏန်းနဲ့နေရတဲ့အတွက် စာကျက်ရတာ အရမ်းအခက်အခဲဖြစ်တယ်။ အဲဒီအခက်အခဲကိုဘယ်လိုဖြေရှင်းရလဲဆိုရင် အဆောင်မှာနေရတယ်။ တတ်နိုင်တဲ့ လူမှုအဖွဲ့အစည်းတွေက အဆောင်ကြေးတွေ၊ ကျူရှင်ကြေးတွေပေးတာ ရှိတယ်။ မြို့မှာရှိတဲ့ ကလေးတွေအားလုံးက ကျူရှင်ယူကြတော့ သူတို့လည်း မယူလို့မရဘူး။ ကျူရှင်က အခက်အခဲဖြစ်နေတယ်။ တခြားကတော့ ကျန်းမာရေး၊ စားသောက်ရေး စတာတွေကတော့ နောက်ဆုံးအခြေအနေရဲ့ အခက်အခဲတွေပါ။

စစ်ရှောင်တွေကို ထောက်ပံ့လှူဒါန်းကြတဲ့အနေအထားကရော အခုနောက်ပိုင်းတွေမှာနည်းလာသလား၊ များလာသလား။

ကူညီတဲ့အဖွဲ့အစည်းက နည်းလာတယ်လို့မြင်တယ်။ နည်းလာတယ်လို့လည်း ကြားတယ်။ သူတို့ခံစားချက်ကို မေးတော့ နည်းလာတယ်လို့ပြောကြတာ တွေ့ရတယ်။ အခုလူမှုအဖွဲ့အစည်းသီးသနNGOsတို့ မရောဘဲနဲ့ လော လောဆယ် ကူညီနေတာဆိုရင် Mali Ingra နဲ့ ကျွန်မတို့Shingni Nbat အဖွဲ့ရှိတယ်။ သူတို့နဲ့ အချိတ်အဆက်လုပ်တာတွေ ရှိတယ်။ သူတို့သွားခဲ့တဲ့ စစ်ရှောင်မှာ ဘာတွေပေးပြီးပြီလဲဆိုရင် သူတို့အဖွဲ့ လှူဒါန်းပြီးတာတွေကို ရှောင်ပြီး တခြားပစ္စည်းတွေထောက်ပံ့တာတွေ ရှိတယ်။ အဲ့လို မတူညီတဲ့လိုအပ်ချက်တွေကို လှူဒါန်းတာတွေတော့ရှိတယ်။

ဒီလိုစစ်ရှောင်ပြည်သူတွေ ကို ကူညီထောက်ပံ့မှုတွေက ဘာလို့နည်းလာတယ်လို့ မြင်သလဲခင်ဗျ။

စစ်ရှောင်တွေ နေလာတာက အချိန်လည်းကြာလာပြီ စီးပွားရေးလည်း အခက်အခဲတွေ များလာတယ်။ သူတို့ ကိုယ်တိုင်ကလည်း အခက်အခဲရှိလာတယ်။ ဒီစစ်ရှောင်နေတဲ့ လူအုပ်ကြီးကို အချိန်ပြည့်ထောက်ပံ့နေမယ်ဆိုရင် ကူညီထောက်ပံ့နေတဲ့လူတွေအတွက်လည်း အခက်အခဲဖြစ်လာတာပေါ့။

ထောက်ပံ့ကူညီမှုတွေနည်းလာတဲ့အပေါ် စစ်ရှောင်တွေဘက်ကို ဘယ်လိုမျိုးတွေပြောဆိုတာရှိလဲ။ သူတို့ဘက်က အခြေအနေ ဘယ်လိုရှိနေပါသလဲ ။

စစ်ရှောင်တွေကို တချို့ကပြောကြတယ်၊ အရမ်းပျင်းကြအကူအညီပဲ စောင့်မျှော်ပြီးတော့ စားကြတယ်၊ လာကူညီမယ့်ဟာကိုပဲ စောင့်ပြီးနေတယ်လို့ အပြင်ကနေကြည့်လိုက်ရင်တော့ အဲ့လိုမြင်မယ်။တကယ်အခက်အခဲကို ကိုယ်တိုင်သွားပြီးမြင်တာက ဘာလဲဆိုရင် သူတို့တတ်နိုင်သလောက် ကြိုးစားတယ်။ တချို့အိမ်ထောင်တွေဆိုရင် မုဆိုးမနဲ့ကလေးပဲရှိတာ အလုပ်သွားလုပ်ဖို့ အဆင်မပြေဘူး။ တချို့ကျတော့ မသန်စွမ်းတွေရှိတယ်၊ ကျန်းမာရေးအခြေအနေအရ အခက်အခဲတွေရှိတယ်။ လုပ်နိုင်တဲ့လူတွေကျတော့ တတ်နိုင်သလောက် ကြိုးစားပြီးလုပ်နေကြတယ်။ ကျွန်မတို့သွားတဲ့ စစ်ရှောင်တွေမှာဆိုရင် ဝါးနဲ့လုပ်လို့ရတဲ့လက်မှုပညာတွေ၊ ပါလချောင်ကြော်တွေ၊ ဆပ်ပြာရည်လေးတွေလုပ်ပြီး ရောင်းကြတာရှိတယ်။ အပြင်ကနေကြည့်ရင်တော့ လာလှူတာပဲ စောင့်တယ်လို့မြင်တယ် တကယ်မှာတော့ သူတို့မှာ စိတ်ဓာတ်ကျတဲ့ စိတ်ကျရောဂါ သူတို့ဆီမှာရှိတယ်။ အဲဒီလူတစ်ယောက်က ဘာမှအလုပ်လုပ်ချင်တဲ့ စိတ်လည်း ရှိမှာမဟုတ်ဘူး။ ဥပမာ ကလေးတွေဖျားနာမယ်၊ သုံးဖို့မရှိဘူး။ ဖိနပ်ဖိုးတေ၊ွ ကျောင်းတက်တော့မယ်၊ အဝတ်အစားဖိုး၊ စာရေးကိရိယာဖိုးမရှိဘူး စတဲ့အခက်အခဲတွေ အများကြီးရယ်။ ခြောက်နှစ်ခုနှစ်နှစ် ကာလမှာ အခက်အခဲဖြစ်နေတဲ့ စစ်ရှောင်တွေက ကျွန်မတို့အပြင်ကနေကြည့်လိုက်ရင် ပျင်းနေတယ်လို့မြင်တာ တကယ်တမ်းသူတို့မှာ စိတ်ကျရောဂါစွဲကပ်နေပြီလို့ မြင်တယ်။ တတ်နိုင်တဲ့ဘက်က အားပေးတယ်။ လုပ်နိုင်တဲ့အလုပ်ကို ကြိုးစားပြီးလုပ်ဖို့ အားပေးတာတွေတော့ ရှိတယ်။ တချို့ဆို တတ်နိုင်သလောက် နေ့စားလုပ်တယ်။ မိန်းကလေးတွေဆို စက်ချုပ်သင်ပြီး လုပ်စားတာတွေရှိလာပါပြီ။ ဘာမှမလုပ်ကြဘူး။ လာကူညီတာကိုပဲ စောင့်နေကြတယ်ပဲ မြင်ကြတယ်။ ဘယ်သူမဆို ဘယ်လောက်ပဲချမ်းသာသည်ဖြစ်စေ၊ ဆင်းရဲသည်ဖြစ်စေ ဘယ်သူမဆို ကိုယ့်မြေကိုယ့်ယာ၊ကိုယ့်အိမ်ကိုယ့်အိပ်ယာမှာပဲ အိပ်ချင်ကြတာပဲ။ ဒီလို ဟောခန်းကြီးမှာ မိုးကာအောက်မှာနေရတယ်ဆိုတာ မလွယ်ကူပါဘူး။  နေချင်မှာမဟုတ်ဘူး။ အခက်အခဲပေါင်းများစွာ အားငယ်မှုပေါင်းများစွာနဲ့ပါ။ ဘယ်သူမဆို အလကားရတဲ့အကူအညီကတော့ မယူချင်ပါဘူး။ လာပေးနိုင်ရင် အနည်းအကျဉ်းပါပဲ။ ကျွန်မတို့ဆိုလည်း ဘယ်နှကြိမ်ပေးနိုင်မှာလဲ။ ကျွန်မတို့အဖွဲ့ဆို အနုပညာရှင်ကိုအားပြုပြီးမှ အလှူငွေရှာပြီး ကူညီတယ်။ တစ်နှစ်ကိုဘယ်နှခါပေးနိုင်မှာလဲ။Show ပွဲတွေခဏခဏလုပ်လည်း သူများအတွက်ရိုးနေပြီ၊ မထည့်ချင်တော့ဘူး။ နှစ်တွေကြာလာတဲ့အတွက် သူတို့မှာဒါတွေအခက်အခဲရှိပါတယ်။ သူတို့မှာ စိတ်ရဲ့ဒဏ်ရာတွေ တော်တော်ရနေကြပါပြီ။ စစ်ရှောင်တွေကို ပျင်းတယ်၊ အလုပ်မလုပ်ချင်ဘူးလို့ပြောတဲ့သူတွေ စစ်ရှောင်စခန်းမှာ လာနေကြည့်ပါ။ တစ်လလောက်ပဲလာနေကြည့်ကြပါ။ လွန်ခဲ့တဲ့အပတ်မှာ တနိုင်းကိုသွားတော့ နေလည်းအရမ်းပူတယ်။ နေပူတဲ့အချိန်မှာအရမ်းပူတယ်။ မိုးရွာတဲ့အချိန်မှာ အရမ်းရွာတယ်။ ခြင်ကလည်းပေါ၊ ကိုက်သလားမမေးပါနဲ့ အပြင်ကနေလာနေကြည့်ပါ။ အများကြီးမလိုပါဘူး၊ တစ်ပတ်လောက်ပဲလာနေကြည့်ပါ။ ဘယ်လိုမှနေနိုင်ကြမှာ မဟုတ်ဘူး ကိုယ်ကိုယ်တိုင် ဒီအခက်အခဲကို ကျော်လွှားနိုင်တယ်လို့ထင်မှ ဒီစကားကိုပြောရင် ကောင်းမယ်လို့ ကျွန်မကတော့မြင်တယ်။

လက်ရှိကချင်ဒေသမှာရှိတဲ့ စစ်ရှောင်စခန်းတွေထဲမှာ ဘယ်ဒေသက စစ်ရှောင်စခန်းက အခက်အခဲဆုံးဖြစ်မလဲ။

သူ့ဟာနဲ့သူတွေ အခက်အခဲတွေနဲ့ပါ။ မြို့ပေါ် မြို့တွင်းမှာရှိတဲ့ စစ်ရှောင်ပြည်သူတွေက စိတ်ရဲ့လုံခြုံမှုကြောင့် နည်းနည်းအားသာချက်ရှိမယ်။ ပြီးရင် ခရစ်ယာန်ဆိုရင်လည်း ဘုရားကျောင်းကနေ သူတို့ကို ဝိုင်းပြီးကူညီနေတာ ရှိတယ်။ ဗုဒ္ဒဘာသာဆိုလည်း ဘုန်းကြီးကျောင်းက ကူညီနေကြတာရှိတယ်ဆိုတော့ သူတို့အတွက်လုံခြုံမှုရှိတယ်။ ဒီထက်ဝေးတဲ့ဒေသတွေမှာတော့ ပိုပြီးခက်ခဲမယ်။ ဒီအကူအညီကလွဲလို့ရှိရင် တခြားအခက်အခဲကတော့ အားလုံးအတူတူပါပဲ။ စစ်ရှောင်တာချင်းက အတူတူပဲဆိုတော့ အခက်အခဲလည်း အတူတူဖြစ်မယ်လို့ မြင်ပါတယ်။

ဒါဆို စစ်ရှောင်ပြည်သူတွေက လက်ရှိ အနေအထားအထိတော့ လှူဒါန်းမှုတွေကိုပဲ အားကိုးနေရဦးမယ့် အနေအထားပဲရှိနေသေးတာပေါ့နော်။

စစ်ရှောင်စခန်းတွေ အတွက် လှူဒါန်းမှုတွေ အများကြီးလိုအပ်နေပါသေးတယ်။ ဒီအချိန်ဆိုရင် ကျောင်းနေချိန် ၈ တန်း ၉ တန်းက အခြေခံမရှိတော့ဘူး။ အခြေခံမရတော့ ကျောင်းမနေချင်တော့ဘူး။ ဒီလိုဆိုတော့ ပျက်စီးတဲ့ကလေးတွေများလာမယ်။ မူးယစ်ဆေးဝါးကြိုက်လာတဲ့ကလေးတွေများလာမယ်။ သူတို့က နဂိုကတည်းက စိတ်ရဲ့အာဟာရတွေမပြည့်လာတော့ ဒီကလေးက ကျွန်မတို့တိုင်းပြည်အတွက် လူ့အရင်းအမြစ်ဆုံးရှုံးမှု အများကြီးရှိလာနိုင်တယ်။

ပြည်ထောင်စုအစိုးရက စစ်ရှောင်တွေပြန်ဖို့ စီစဉ်နေတယ်လို့သိရတယ်။တကယ်ရော ပြန်လို့ရတဲ့အနေအထားမှာ ရှိနေပြီလား။

အစိုးရက စစ်ရှောင်တွေပြန်ဖို့ စီစဉ်နေတယ်ကြားတော့ အရမ်းကိုဝမ်းသာတယ်။ ဘယ်သူမှ ဒီစစ်ရှောင်စခန်းမှာမနေချင်ကြပါဘူး။ ပြည်ထောင်စုအစိုးရကနေပြီးမှ ပြန်ဖို့အတွက် လုံခြုံမှုအပြည့်ပေးမယ်၊ လုံခြံမှုဆိုတာက နှစ်ဘက်အဖွဲ့အစည်းက ဒီပြည်သူတွေနေရပ်ပြန်ဖို့အတွက် လုံခြုံဖို့အတွက် မိုင်းတွေရှင်းလင်းပြီလား။ လုံခြုံဖို့ အသက်အာမခံပေးနေပြီးလား။ ဒါတွေမရှိဘူးဆိုရင် ပြန်ကြမှာပါ။ ဘယ်သူမှမနေချင်ဘူး။ သူတို့ကိုမေးလိုက်ရင် ဒီနေ့ပြန်ခိုင်းရင် ဒီနေ့ပြန်ချင်တယ်။ အဓိက လုံခြုံမှုပဲ၊ နှစ်ဘက်အဖွဲ့ရဲ့ အနေအထားက  ဒီပြည်သူတွေ ပြန်သွားလို့ရှိရင် လုံခြုံမှုတွေဘယ်လောက်အထိ ပေးနိုင်မလဲပေါ့။ ဒါတွေကို စီစဉ်ပေးရင်တော့ ချက်ခြင်းအိပ်ယာလိပ်ပြီးပြန်မယ့် စစ်ရှောင်ပြည်သူတွေကြီးပါပဲ။

ကချင်ပြည်နယ်အတွင်း ပဋိပက္ခတွေကြောင့် တိုက်ပွဲတွေ ဖြစ်ပွားနေကြတဲ့ မြန်မာ့တပ်မတော်နှင့် ကေအိုင်အေအဖွဲ့ကိုရော စစ်ရှောင်ပြည်သူတွေရဲ့ အခက်အခဲနဲ့ပတ်သက်ပြီး  ဘာများ တောင်းဆိုချင်ပါသလဲ။

စစ်ရေးကတော့ ကျွန်မတို့မသိဘူး။ ဒါပေမယ့် စစ်ကြောင့် ဒီလိုစစ်ရှောင်တွေ ဒုက္ခရောက်နေတယ်ဆိုတော့ အမြန်ဆုံးငြိမ်းချမ်းစေချင်တယ်။ တကယ်လို့ စစ်ဖြစ်မယ်ဆိုရင်တော့ ပြည်သူလူထုတွေ လွတ်မယ့် အန္တရာယ်ကင်းမယ့် နေရာမှာပဲ ဖြစ်စေချင်တယ်။ မဖြစ်ရင်တော့ အရမ်းကိုကောင်းမွန်တာပေါ့လို့ လက်နက်ကိုင်အဖွဲ့နှစ်ဖွဲ့ကိုလည်း ပြောချင်ပါတယ်။

စစ်ရှောင်ပြည်သူအရေးနဲ့ ပတ်သက်လို့ မြစ်ကြီးနားသတင်းဂျာနယ် စာဖတ်ပရိသတ်ကိုရော ဘာများပြောချင်ပါသလဲခင်ဗျ။

လူမျိုးမခွဲခြား၊ ဘာသာမခွဲခြားပဲ ဒီစာဖတ်ပရိသတ်ကလည်း လူသားချင်းစာနာတဲ့အနေနဲ့ ဒီစစ်ရှောင် မပြန်ခင်လေးမှာ ပါဝင်ခိုင်းစေချင်တယ်။ မေတ္တာထားခိုင်းစေချင်တယ်။ ဆုတောင်းခိုင်းစေချင်တယ်။ လိုအပ်တဲ့ အရာအများကြီးရှိနေသေးတဲ့အတွက် တတ်နိုင်တဲ့ဘက်က ကူညီပေးစေလိုပါတယ်။ ပြီးတော့ ကျွန်မတို့ အဖွဲ့အစည်းက ဒီအနုပညာနဲ့ပူးပေါင်းပြီးရှာထားတဲ့ ရန်ပုံငွေရယ် ပြည်သူတွေကပေးတဲ့ အလှူငွေကို စစ်ရှောင်ပြည်သူတွေကို ပညာရေးနဲ့ဆိုင်တဲ့ ကျူရှင်ခ၊ ည guide၊ စာရေးကိရိယာ၊ ထီး၊ ဖိနပ် ဆောင်းရာသီဆို အနွေးထည်၊ စောင်၊ အဝတ်အစားတွေပေးတယ်။ အစားအသောက်နဲ့ပတ်သက်လို့ အသားဓာတ်လိုနေတဲ့အတွက် အသားဓာတ်ဖြစ်စေတဲ့ အသား၊ငါးတွေကို ထောက်ပံ့တာတွေရှိတယ်။ ကျွန်မတို့ အဖွဲ့အစည်းနဲ့ ဆက်သွယ်ပြီးမှ လှူဒါန်းတာတွေ ကူညီလို့ရပါတယ်။ ကျွန်မတို့အဖွဲ့အစည်းက ရာခိုင်နှုန်းလည်းမနုတ်ဘူး၊ ကျွန်မတို့ကိုယ်တိုင်က  မိဘပြည်သူတွေပေးတဲ့အလှူငွေကို စစ်ရှောင်တွေကိုလှူဒါန်းပြီး ပေါင်းကူးတံတားလုပ်ပေးနေပါ။ အားလုံး ကူညီပေးစေလိုပါတယ်။ အများကြီးလှူမှ လှူတာမဟုတ်ပါဘူး။ ကိုယ်တတ်နိုင်သလောက် တစ်သောင်းဖြစ်ဖြစ် နှစ်သောင်းဖြစ်ဖြစ် ဆန်တစ်အိတ်၊ အကျႌတစ်ထည်ဖြစ်ဖြစ်လှူဒါန်းနိုင်ပါတယ်။ ကျွန်မတို့ဆီကို လှူဒါန်းချင်ရင်တော့ Facebook စာမျက်နာက Shingni Nbat မှာဖြစ်ဖြစ်၊ ၀၉၉၆၃၁၆၃၁၂၂ ကို ဆက်သွယ်ပြီး လှူဒါန်းနိုင်ပါတယ်လို့ပြောချင်ပါတယ်။

အခုလို ဖြေကြားပေးတဲ့အတွက် မြစ်ကြီးနားသတင်းဂျာနယ် ကကျေးဇူးတင်ပါတယ် ခင်ဗျ။

ကျွန်မကလည်း ကျေးဇူးတင်ပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here