စည်ကမ်းမဲ့ယာဉ်များကို ဖမ်းဆီး၍ ထိရောက်စွာ အရေးယူတော့မည်

1350

ဖေဖော်ဝါရီ ၂၆

သတ်မှတ်ထားသည့် စည်းကမ်းများကို လိုက်နာခြင်းမရှိသည့် ယာဉ်များကို ဧပြီလ ၁ ရက်နေ့မှတင်၍ ထိရောက်စွာ  အရေးယူသွားမည်ဟု သတိပေးနှိုးဆော်ထားကြောင်း ကချင်ပြည်နယ် ယာဉ်စည်းကမ်းထိန်းသိမ်းရေး ကြီးကြပ်မှု ကော်မတီမှ သိရသည်။

ထိုသို့ပြုလုပ်ရန် စီစဉ်ရခြင်းသည် ကချင်ပြည်နယ်အတွင်း တစ်နှစ်ထက်တစ်နှစ် ယာဉ်မတော်တဆမှုများ တိုးများလာကာ ထိုမတော်တဆမှုများကြောင့် သေဆုံးသူဦးရေမြင့်တက်လာသည့် အတွက်ဖြစ်ကြောင်း မြစ်ကြီးနားခရိုင်အမှတ် ၉၈ ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှ ဒုရဲမှူးကျော်စိုးဦးကပြောသည်။

“တဖြည်းဖြည်း သေဆုံးမှုများလာတယ်။ အဲဒါကိုသုံးသပ်တော့ ဆိုင်ကယ်စီးဦးထုပ် ဖမ်းတာ တစ်ခုတည်းနဲ့ ဒါတွေလျော့ချလို့ မရဘူး။ အဓိကကတော့ မတော်တဆမှုဆိုတာ စည်းကမ်းချက်တွေ မလိုက်နာလို့ ယာဉ်မတော်တဆမှုတွေ များတာကိုး”ဟု ဒုရဲမှူး ကျော်စိုးဦးက ပြောသည်။

ထိုသို့ အရေးယူဖမ်းဆီးမှုများမပြုလုပ်မီ ဖေဖော်ဝါရီလနှင့် မတ်လတို့တွင် ပညာပေးကာလအဖြစ် သတ်မှတ်၍ပညာပေးခြင်းများ ပြုလုပ်သွားမည်ဖြစ်ပြီး ဧပြီလ ၁ ရက်မှစတင်ကာ မော်တော်ဆိုင်ကယ်တွင် နောက်ကြည့်မှန် မတပ်ခြင်း၊ နံပါတ်ပြားမတပ်ခြင်း၊ ယာဉ်မောင်းလိုင်စင်မရှိခြင်းစသည်တို့ကို စစ်ဆေးအရေးယူသွားမည်ဟု သိရသည်။

စည်းကမ်းမလိုက်နာသည့် ယာဉ်များအား ထိုသို့ဖမ်းဆီးအရေးယူမှုများ ပြုလုပ်မှသာလျှင် ပြည်သူများအားလုံး ယာဉ်မောင်းလိုင်စင်များ ပြုလုပ်လာကြမည်ဖြစ်ပြီး ယာဉ်စည်းကမ်းလမ်းစည်းကမ်း ပိုမိုနားလည်လာကာ ယာဉ်မတော်တဆမှုများ လျော့ကျလာမည်ဟု ဒုရဲမှူးကျော်စိုးဦးက ဆက်လက်ပြောသည်။

“စည်းကမ်းမလိုက်နာကြသူတွေကို လျစ်လျှူရှုထားလို့မရတော့ဘူး။ သူတို့က စည်းကမ်းဖောက်ဖျက်တဲ့အတွက်ကြောင့် မတော်တဆမှုတွေ ပိုဖြစ်တာ။ မဖြစ်သင့်ပဲ ဖြစ်တယ်။ ကျွန်တော်တို့က ဒါတွေကို ထိန်းသိမ်းပေးရမယ်”ဟု ဒုရဲမှူးကျော်စိုးဦးက ပြောသည်။

ဧပြီလ ၁ ရက်နေ့မှစ၍ စည်းကမ်းမဲ့ ဆိုင်ကယ်များကို စစ်ဆေးအရေးယူသွားမည်ဖြစ်ပြီး လိုင်စင်မဲ့ကားများကိုမှု ဖမ်းဆီးအရေးယူခြင်းမျိုး ပြုလုပ်ဦးမည် မဟုတ်သေးဘဲ ယာဉ်မောင်းလိုင်စင်ကိုသာ စစ်ဆေးကာ အရေးယူခြင်းများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

  “ယာဉ်မောင်းလိုင်စင် မရှိတဲ့ယာဉ်တွေကို အရေးယူမယ်လို့ ပြောထားတာ။ without ကားတွေကိုတော့  စီမံချက်ချပြီး မဖမ်းသေးပါဘူး။ ထိုင်ခုံခါးပတ် မပတ်တာ၊ ယာဉ်မောင်းလိုင်စင်မရှိတာ၊ စည်းကမ်းမဲ့ရပ်တာ၊ စည်းကမ်းမဲ့မောင်းတာတွေကိုတော့ တွန်းအားပေး အရေးယူမယ်”ဟု ဒုရဲမှူးကျော်စိုးဦးက ရှင်းပြပြောဆိုသည်။

အထက်ပါအတိုင်း စည်းကမ်းမဲ့ယာဉ်များအား ဖမ်းဆီးကာ ထိရောက်စွာအရေးယူခြင်းမပြုလုပ်မီ ဆိုင်ကယ်လိုင်စင်များ ပြုလုပ်ပေးရန် ကချင်ပြည်နယ် အစိုးရအဖွဲ့က စီမံဆောင်ရွက်နေပြီး လိုင်စင်များ ပြုလုပ်ပေးပြီးပါက လိုင်စင်မဲ့ဆိုင်ကယ်များကို ဖမ်းဆီးအရေးယူခြင်းများ ပြုလုပ်သွားမည်ဟု သိရသည်။

“ဆိုင်ကယ်ကိုတော့ လိုင်စင်ရှိတဲ့ ဆိုင်ကယ်စီးဖို့ တွန်းအားပေးပါတယ်။ လိုင်စင်တွေလုပ်ပေးဖို့ အစိုးရအဖွဲ့ကလည်း စီမံနေတယ်။ လိုင်စင်ပေးပြီးလို့ လိုင်စင်မ၀င်ဘူးဆိုရင် အဲဒီနောက်ပိုင်းတော့ လိုင်စင်မဲ့ဆိုင်ကယ်တွေကို ဖမ်းဖို့အစီအစဉ်ရှိတယ်”ဟု ဒုရဲမှူးကျော်စိုးဦးက မြစ်ကြီးနားသတင်းဂျာနယ်သို့ ပြောသည်။

လိုင်စင်မဲ့ ဆိုင်ကယ်များအား ဖမ်းဆီးခြင်းကို ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနက ဆိုင်ကယ်လိုင်စင်များပြုလုပ်ပေးသည့် အချိန်အနေအထားပေါ် မူတည်၍ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

“၂ လပိုင်း ၃ လပိုင်းကို လိုင်စင်လုပ်ပေးမယ့် ကာလလို့သတ်မှတ်ထားတယ်။ ကညနကလိုင်စင်လုပ်ပေးဖို့ အစီအမံတွေဆွဲရမှာ သိပ်တော့ မသေချာသေးဘူး။ သူတို့ လိုင်စင်လုပ်ပေးတဲ့ အခြေအနေပေါ်မူတည်ပြီး ဖမ်းမယ်။ လိုင်စင်ပေးတာ နောက်ကျတယ်ဆိုရင်တော့ ကျွန်တော်တို့က နောက်ဆုတ်ရမယ်”ဟု ဒုရဲမှူးကျော်စိုးဦးက ဆိုသည်။

သို့သော် ဧပြီလ ၁ ရက်မှ စတင်၍ ယာဉ်မောင်းလိုင်စင်၊ နောက်ကြည့်မှန်၊ နံပတ်ပြားစသည်တို့ကို စစ်ဆေးအရေးယူသွားမည်ဟု ၎င်းက ထပ်လောင်းပြောဆိုသည်။

ကချင်ပြည်နယ်အတွင်း ယာဉ်မတော်တဆမှုကြောင့် ၂၀၁၅ ခုနှစ်တွင် ၁၀၄ ဦး၊ ၂၀၁၆ ခုနှစ်တွင် ၁၅၆ ဦးနှင့် ၂၀၁၇ ခုနှစ်တွင် ၂၄၄ ဦးသေဆုံးခဲ့ပြီး ၇၆၄ ဦး ထိခိုက်ဒဏ်ရာရရှိမှု ဖြစ်ပွားခဲ့သည်။

စည်းကမ်းမဲ့ယာဉ်များအား အရေးယူရာတွင် ယာဉ်မောင်းလိုင်စင် လုံးဝမရှိပါက တရားရုံးတွင်  ဒဏ်ငွေငါးသောင်း၊ နောက်ကြည့်မှန် တပ်ဆင်ထားခြင်းမရှိပါက ဒဏ်ငွေသုံးသောင်း၊ ယာဉ်မောင်းလိုင်စင်ရှိပြီး ယူဆောင်လာခြင်းမရှိပါက ဒဏ်ငွေသုံးသောင်း ပေးဆောင်စေခြင်းဖြင့် အရေးယူသွားမည်ဖြစ်ကြောင်း သိရသည်။

လက်ရှိအချိန်၌ ကချင်ပြည်နယ်တွင် မော်တော်ဆိုင်ကယ်စီးရာတွင်  ဆိုင်ကယ်စီးဦးထုပ် မဆောင်းဘဲ မောင်းနှင်ခြင်း၊ ဆိုင်ကယ်တစ်စီးလျင် သုံးယောက်စီးခြင်း၊ လမ်းပြောင်းပြန်ဝင်ခြင်း၊ မီးနီဖြတ်မောင်းခြင်း၊ ယာဉ်မောင်းလိုင်စင် မရှိခြင်း၊ ကားနှစ်ထပ် ရပ်ထားခြင်း၊ လမ်းမပေါ်ပိတ်ဆို့ကာ စည်းကမ်းမဲ့ ရပ်နားထားခြင်း စသည့် ယာဉ်များကိုသာ ဖမ်းဆီးလျက်ရှိသည်။

Salai

LEAVE A REPLY

Please enter your comment!
Please enter your name here