မြစ်ကြီးနား၊ ဇွန် ၅
မြစ်ကြီးနားမြို့ရှိ သီတဂူစက္ခုဒါနဆေးရုံတွင် မျက်စိဝေဒနာရှင်များကို တစ်ရက်လျှင် အယောက်သုံးရာကျော်ခန့် အခမဲ့စမ်းသပ်ကုသပေးခဲ့ကြောင်း ဇွန်လ ၅ ရက်က သိရသည်။
ကချင်ပြည်နယ်အတွင်းရှိ မျက်စိဝေဒနာရှင်လူနာများကို တောင်ကိုရီးယားမှ လာရောက်သော ဆေးအဖွဲ့နှင့် သီတဂူစက္ခုဒါနဆေးရုံတွင် ငါးရက်ကြာခန့် အခမဲ့ကုသပေးနေခြင်းဖြစ်ကြောင်း မြစ်ကြီးနား သီတဂူစက္ခုဒါနဆေးရုံမှ အတွင်းရေးမှူး ဦးမြင့်ဝေက မြစ်ကြီးနားသတင်းဂျာနယ်သို့ ပြောသည်။
“စပွန်ဆာက တောင်ကိုရီးယားကအဖွဲ့ပေါ့။ အကုန်ကျခံပြီးကုသပေးတာပေါ့။ သီတဂူဆရာတော်ကြီးနဲ့ ချိတ်ဆက်ပြီး ဒီဆေးရုံမှာလာကုသပေးတာ။ ပြည်နယ်အစိုးရအဖွဲ့ကရော။ ပြည်နယ်ကျန်းမာရေးကရော လာကူညီတယ်။ ကျွန်တော်တို့ကတော့ လူနာတွေကို မနက် ၈ နာရီကနေ မှတ်ပုံတင်စာအုပ်တွေလုပ်ပေးတယ်။ ခွဲတာတွေကိုတော့ လက်ခံထားတဲ့လူနာတွေ မပြတ်မချင်း ခွဲစိတ်ကုသပေးပါတယ်။ တစ်နေ့ခေါ်ထားတဲ့လူနာတော့ ပြတ်အောင်ကုသပေးပါတယ်။ သူတို့က အဓိက ကျွန်တော်တို့ ကချင်ပြည်နယ်အတွင်းမှာရှိတဲ့ မျက်စိဝေဒနာရှင်တွေကို စစ်ဆေးစမ်းသပ်ပေးဖို့အတွက်ပါ။ အဓိက အတွင်းတိမ်တွေကို ခွဲစိတ်ပေးတာပေါ့”ဟု ဦးမြင့်ဝေက ရှင်းပြသည်။
အဆိုပါကုသမှုတွင် နယ်ဝေးမှ လာရောက်သူများကို တည်းခိုရန်နေရာ စီစဉ်ပေးခြင်း၊ မနက်၊ နေ့၊ ည အစားအသောက်များကျွေးမွေးခြင်းများလည်းပြုလုပ်ခဲ့ကာ တစ်ရက်လျှင် ကန့်သက်လူဦးရေ သုံးရာထက်ကျော်လွန်၍ ကုသပေးခဲ့ရကြောင်းလည်း ဦးမြင့်ဝေက ပြောသည်။
“မျက်စိလုံးဝမမြင်တဲ့ အတွင်းတိမ်လူနာတွေကို အဓိကထားကုမယ်။ လောလောဆယ် သူတို့ပြောတဲ့ အတိုင်း လူနာသုံးရာလောက်ကြည့်ပေးမယ်။ လက်ခံတယ်။ ဒါပေမယ့် တကယ်တမ်းက လူနာတွေက တအားများနေတော့ သူတို့လည်း တတ်နိုင်သလောက် ကုသပေးနေပါတယ်။ ရပ်ဝေးကရောက်လာတဲ့လူနာတွေ ခွဲစိတ်ကုသပေးရမယ့်လူနာတွေရှိရင်လည်း ကုသပေးနေပါတယ်။ တစ်ပြည်နယ်လုံးက မျက်စိဝေဒနာရှင်တွေကိုလည်း ခေါ်ထားတယ်။ ဝေးလံတဲ့ ပူတာအိုဒေသကလူတွေ တနိုင်းဒေသကလူတွေ ပါတယ်”ဟု ဦးမြင့်ဝေက ပြောသည်။
မျက်စိကုသမှုကို ဇွန်လ ၄ ရက်နေ့မှ ၇ ရက်နေ့အထိ လက်ခံကုသပေးခဲ့ကြာင်းသိရပြီး ခွဲစိတ်လူနာများကိုမူ ၈ ရက်နေ့အထိ နောက်ဆုံးထား ကုသပေးခဲ့ကြောင်းလည်း သိရသည်။
ဆိုင်း(ကချင်မြေ)







