တနိုင်းမြို့ရှိ စစ်ကောင်စီဂိတ်များတွင် လိုင်စင်မဲ့ကားများအား တာဆီးစစ်ဆေးနေပြီး ဆန်နှင့် စက်သုံးဆီများပါ သယ်ယူခွင့် ပိတ်ပင်

515

ဇွန်၊၁၃

ကချင်ပြည်နယ်၊ တနိုင်းမြို့က စစ်ကောင်စီဂိတ်တွေကနေ လိုင်စင်မဲ့ကားတွေကို တားဆီးစစ်ဆေးနေသည့်အပြင် ဆန်နဲ့စက်သုံးဆီ သယ်ယူခွင့်တွေကိုပါ ပိတ်ထားတယ်လို့ သိရပါတယ်။

မြစ်ကြီးနား-တနိုင်းလမ်းပေါ်ရှိ ကောင်ရာကျေးရွာအကျော် အောင်စိုးမိုးရွာဂိတ်(ဒေသအခေါ် ၅ မိုင်ဂိတ်)နဲ့ တနိုင်း စုပေါင်းဂိတ်ကနေ ယာဉ်မောင်းလိုင်စင်နဲ့၊ လိုင်စင်မဲ့ကားတွေကို ဇွန်လ ၁၀ ရက်နေ့ကနေစပြီး စစ်ဆေးတာတွေ လုပ်ဆောင်နေတယ်လို့ ကားသမားတစ်ဦးရဲ့ ပြောပြချက်အရ သိရပါတယ်။

ဒါ့အပြင် အဲဒီ စစ်ကောင်စီ ဂိတ်နှစ်ခုကနေ ဆန်နဲ့ စက်သုံးဆီ စတာတွေကိုပါ သယ်ယူခွင့် ပိတ်ထားပြီး ဖမ်းဆီးတာတွေပါ ရှိနေတယ်လို့ ဆိုပါတယ်။

ကောင်ရာ ဒေသခံပြည်သူတစ်ဦးရဲ့ ပြောပြချက်အရ အောင်စိုးမိုးကျေးရွာမှာ ရှိတဲ့ စစ်ကောင်စီဂိတ်ကနေ ကားတွေကို တားဆီး စစ်ဆေးနေတဲ့အတွက် လက်ရှိ ရွာလမ်းတစ်လျှောက် ကားတွေ အစီး ၅၀ ထက်မနည်း တန်းစီပြီး ပိတ်မိနေကြတယ်လို့ သိရပါတယ်။

“ကားက ကောင်ရာကနေ အောင်စိုးမိုး မရောက်ခင်အထိ ရှိနေကြတယ်။ တချို့ကို လွှတ်ပေးပြီးရင် နောက်ရောက်တဲ့ဟာတွေကို ပြန်တား၊ အဲဒီလိုလုပ်နေကြတာ။ တချို့ဆို နှစ်ပတ်လောက်နေမှ ဖြတ်ခိုင်းတာ“လို့ ဒေသခံက ဆိုပါတယ်။

မြစ်ကြီးနား- ဖားကန့်လမ်းပေါ်က စစ်ကောင်စီ ဂိတ်သုံးခု ဖြစ်တဲ့ ကာမိုင်း၊ နန့်ယားနဲ့ ဖားကန့်မြို့အဝင် လယ်ပြင်ဂိတ် စတဲ့ဂိတ်သုံးခုမှာလည်း ယာဉ်မောင်းလိုင်စင် မပြနိုင်တဲ့ကားတွေ၊ ယာဉ်လိုင်စင်မရှိတဲ့ကားတွေ အားလုံးကို ဇွန်လဆန်းကန စပြီး ရှောင်တခင် ဖမ်းဆီးတာတွေ လုပ်ဆောင်နေပါတယ်။

 

LEAVE A REPLY

Please enter your comment!
Please enter your name here