ဇန်န၀ါရီ ၃၀
တပ်မတော်ဘက်က စစ်ရေးထောက်ပံ့မှုနှင့် စစ်အင်အားဖြည့်တင်းမှုများ ထပ်မံမပြုလုပ်နိုင်စေရန် မြစ်ကြီးနား – ဆွမ်ပရာဘွမ် – ပူတာအိုလမ်းရှိ တံတားအချို့ကို ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း ကေအိုင်အိုသတင်းနှင့် ပြန်ကြားရေးဌာနမှ တာဝန်ရှိသူတစ်ဦးက ၀န်ခံပြောဆိုခဲ့သည်။
“ကားလမ်းတွေ၊ တံတားတွေဆိုတာက ငြိမ်းချမ်းတဲ့အချိန်မှာပဲ ပြည်သူတွေက သုံးကြတာ။ စစ်ပွဲဖြစ်ချိန်မှာက လမ်းတံတားဆိုတာက စစ်ရေးထောက်ပံ့မှုအတွက် အဓိကဖြစ်နေတယ်။ ဒါကြောင့် စစ်ရေးထောက်ပံ့မှုတွေ မရနိုင်အောင်၊ စစ်အင်အားတွေ ထပ်မဖြည့်နိုင်အောင် လုပ်လိုက်တာဖြစ်တယ်”ဟု KIA သတင်းနှင့် ပြန်ကြားရေးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ကေအိုင်အေတပ်ဖွဲ့သည် ဆွမ်ပရာဘွမ်မြို့နယ်အနီး ပူတာအိုလမ်းပိုင်း မိုင်တိုင် ၁၁၁ တွင်ရှိသည့် စီနင်ခချောင်းကူးတံတားနှင့် ဇနန်တံတားနှစ်စင်းကို ဇန်န၀ါရီ ၂၈ ရက်က ဖျက်ဆီးခဲ့ခြင်းနှင့်ပတ်သက်၍ အထက်ပါအတိုင်းဖြေကြားခဲ့ခြင်းဖြစ်သည်။
တပ်မတော်က စစ်အင်အားသုံးပြီး KIA တပ်စခန်းများဖြစ်ရှိရာ ဆွတ်မိုင်ယန်၊ မလိယန် စသည့်ကျေးရွာများတွင် ပစ်ခတ်တိုက်ခတ်လာသောကြောင့် တံတားနှစ်စင်းကို ဖျက်ဆီးလိုက်ရခြင်းဖြစ်သည်ဟုလည်းဆိုသည်။
တံတားနှစ်စင်းအား မဖျက်ဆီးမီ ဇန်န၀ါရီ ၂၂ ရက်က KIAတပ်မဟာ(၁)မှူး (ကိုယ်စား)က လမ်းတံတားဆောက်လုပ်ရေးကုမ္ပဏီများနှင့် ဆောက်လုပ်ရေးအထူးအဖွဲ့ထံ လုပ်ငန်းများ ရပ်ဆိုင်းပေးရန် အကြောင်းကြားစာ ပေးပို့ခဲ့ကြောင်း သိရသည်။
ထိုပေးပို့စာထဲတွင် “လတ်တလောဖြစ်ပွားနေသော စစ်ရေး၊နိုင်ငံရေးအခြေအနေအရ မြစ်ကြီးနား – ဆွမ်ပရာဘွမ်-ပူတာအို လမ်းတံတားဆောက်လုပ်ရေးလုပ်ငန်းများ လုပ်ဆောင်ရန် မသင့်လျော်သောကြောင့် ချက်ချင်းရပ်ဆိုင်းပြီး မိမိတို့၏ နေရပ်အသီးသီးသို့ ထွက်ခွာရန်နှင့် ထိုအကြောင်းကြားစာကို လိုက်နာမှုမရှိခြင်းကြောင့် ဖြစ်ပေါ်လာသည့် ပြဿနာများသည် သက်ဆိုင်ရာ ကုမ္ပဏီနှင့် ဆောက်လုပ်ရေးအဖွဲ့၏ တာဝန်သာဖြစ်သည်”ဟု ရေးသားထားသည်။
ထိုအကြောင်းကြားစာနှင့် ပတ်သက်၍ ဆွမ်ပရာဘွမ်နှင့် ပူတာအိုလမ်းတံတား ဆောက်လုပ်နေသည့်အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက “အများပြည်သူအတွက်လုပ်ပေးနေတဲ့ အဖွဲ့အစည်းကို အဲဒီလို လုပ်တာမကောင်းဘူးထင်တယ်။ ကိုယ့်ဒေသဖွံ့ဖြိုးဖို့အတွက် သူတို့ကတောင် လုံခြုံအောင် လုပ်ပေးရမယ့်ဟာကို။ စစ်ရေးတင်းမာလို့ လုပ်ချင်ရင်လည်း သက်ဆိုင်ရာအဖွဲ့ပဲ လုပ်ပေါ့။ သတိပေးစာ ပေးတာတော့ ဟုတ်ပါပြီ။ ဒါပေမယ့် ကျွန်တော်တို့ကို ပြင်ဆင်ချိန် ပေးရမယ်လေ”ဟု မြစ်ကြီးနားသတင်းဂျာနယ်သို့ ပြောသည်။
အသိပေးစာကြောင့် လုပ်ငန်းများ ရပ်ဆိုင်းလိုက်ရသဖြင့် ၂၀၁၆ – ၂၀၁၇ ဘဏ္ဍာနှစ်ဘတ်ဂျက်ဖြင့် ၀ယ်ယူထားသော လုပ်ငန်းသုံးပစ္စည်းများနှင့် ဌာနမှငွေမထုတ်ပေးခင်ကအကြွေးစနစ်ဖြင့် အရစ်ကျဝယ်ယူထားသည့် လုပ်ငန်းသုံးပစ္စည်းများမှာ ပြန်လည်အသုံးပြု၍ ရတော့မည်မဟုတ်သဖြင့် ဆုံးရှုံးခံရတော့မည်ဖြစ်ကြောင်း လမ်းတံတားဆောက်လုပ်ရေးအဖွဲ့မှ တာဝန်ရှိသူက ဆက်လက်ပြောကြားသည်။
“အလုပ်သမားတွေကိုလည်း ရေရှည်ကြည့်ပြီး တစ်လမှာ ယောကျာ်းဆိုနှစ်သိန်း၊ မိန်းကလေးဆို တစ်သိန်းခွဲနဲ့ စရိတ်ငြိမ်း ခေါ်ထားတာ။ အခုစစ်ဖြစ်လို့ အလုပ်နားထားလို့ဆိုပြီး လစာမပေးလို့ မဖြစ်ဘူး။ လုပ်ငန်း ဘယ်အချိန်စမလဲဆိုတာတော့ တပ်ဘက်က သဘောထား ဘယ်လိုဖြစ်မလဲဆိုတဲ့ပေါ်မှာပဲ မူတည်တယ်”ဟု ၎င်းကရှင်းပြသည်။
“ဒီလိုသာ ဆက်ဖြစ်နေမယ်ဆိုရင် ဆွမ်ပရာဘွမ်ဘက်က ပြည်သူတွေ စားနပ်ရိက္ခာဘယ်လိုမှ မရနိုင်တော့ဘူး။ တပ်မတော်ဘက်က ခါခရန်းယန်နဲ့ ဆွမ်ပရာဘွမ်မှာပဲ လုံခြုံရေးပေးထားတော့ ကျန်တဲ့နေရာမှာ လုံခြုံရေးမရှိဘူး။ လမ်းအလုပ်သမားတွေ အားလုံးလည်း ခါခရန်းယန်မှာ ခဏနေကြတယ်”ဟု ၎င်းကဆက်လက်ပြောသည်။
ထိုသို့ လမ်းတံတားများ ပျက်စီးသွားခြင်းကြောင့် ပူတာအိုမြို့နယ်နှင့် ဆွမ်ပရာဘွမ်မြို့နယ်အနီးတစ်ဝိုက်ရှိ ကျေးရွာများတွင် ကုန်ဈေးနှုန်းအလွန်မြင့်တက်လာပြီး ဒေသခံပြည်သူများ စားဝတ်နေရေးကျပ်တည်းမှု ကြုံတွေ့နေရသည်ဟုလည်း ဒေသခံများထံမှ သိရသည်။
“တကယ်လို့ ဒီနှစ်မှာ အဲဒီတံတားတွေ ပြင်လို့မရတော့ဘူးဆိုရင် ခက်ပြီ။ အကုန်လုံးက လမ်းကောင်းလာပြီဆိုပြီး မပူမပင်နဲ့ ကုန်ပစ္စည်းတွေကို အများကြီး မစုထားဘူးလေ။ အခု အဲဒီလိုဖြစ်သွားတော့ ကုန်သည်တွေက ရှိတဲ့ပစ္စည်းတွေကိုတောင် မရောင်းချင်တာတွေ၊ လိုချင်သလောက် မရောင်းပေးတော့တာတွေ ဖြစ်နေပြီ”ဟု ပူတာအိုဒေသခံ ဦးခီဆာဘော်က ပြောသည်။
ယခင် လမ်းပန်းဆက်သွယ်ရေး မကောင်းချိန်က ထိုဒေသရှိ ပြည်သူများနှင့် ကုန်သည်များသည် လိုအပ်သည့်ပစ္စည်းများကို သိုလှောင်ထားလေ့ရှိကြသော်လည်း ယခုနှစ်တွင်မူကုန်ကားများ နေ့စဉ်သွားလာနိုင်သည်အထိ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်လာသည့်အတွက် ကုန်ပစ္စည်းများကို သိုလှောင်ထားခြင်း မရှိသောကြောင့် ယခင်နှစ်များကထက်ပို၍ ခက်ခဲနေခြင်းဖြစ်သည်ဟု ဒေသခံများက သုံးသပ်နေကြသည်။
“ကျွန်တော်တို့က လက်ဖက်ရည်ဆိုင်ဖွင့်ပြီးနေတာ။ အခုက နေ့စဉ် လက်ဖက်ရည်ဆိုင်မှာ လိုအပ်တဲ့ ပစ္စည်းတွေကို လုံလောက်စွာ မရနိုင်တဲ့အပြင် နောက်ဆို ဆိုင်တောင်ပိတ်ထားရမယ့် အနေအထား ရှိနေပါတယ်။ အဲဒီလိုသာ ဆိုင်ပိတ်ထားလိုက်ရင်တော့ မိသားစုစားဝတ်နေရေး အခက်အခဲ ကြုံလာနိုင်တယ်”ဟု ပူတာအိုဒေသခံဦးသိန်းထိုက်က ပြောသည်။
နှစ်ဖက်စစ်တပ်အကြား စစ်ရေးတင်းမာနေခြင်းကြောင့် အဓိကနစ်နာကြရသူများမှာ ပြည်သူများ ဖြစ်သည့်အတွက် အမြန်ဆုံး သင့်မြတ်လာရန် တောင်းဆိုလိုကြောင်း ဒေသခံများက ပြောသည်။
လက်ရှိအချိန်တွင် မလိခအနောက်ဘက် လောဒ်မိုင်ယန်၌ တိုက်ပွဲများဆက်လက်ဖြစ်ပွားနေ ကြောင်း၊ ဇန်န၀ါရီလ ၂၉ ရက်ကလည်း တပ်မတော်က မလိခမြစ်ဖျားရှိ မလိယန်ကျေးရွာမှ ဒေသခံများ၏ ရွှေဖောင်များကို လက်နက်ကြီးများဖြင့် ပစ်ခတ်ဖျက်ဆီးခဲ့ပြီး စက်ယန္တရားများကိုလည်း မီးရှို့ဖျက်ဆီးခဲ့ကြောင်း KIA သတင်းနှင့် ပြန်ကြားရေးဌာနမှ သိရသည်။
မွန်းမွန်းပန်၊ လဖိုင်လု







