တရုတ် တစ်သျှူးငှက်ပျော ကုန်တင်တွဲကားများ စည်းကမ်းမဲ့စွာ မောင်းနှင်မှုကြောင့် ဒေသခံကားသမားများ အခက်တွေ့

1849

နိုဝင်ဘာ ၁၂

ဝိုင်းမော်မြို့နှင့် တရုတ်နိုင်ငံနယ်စပ် ကန်ပိုင်တည်သွားလမ်းကြောင်းတွင် တစ်သျှူးငှက်ပျော တင်သည့် တရုတ်ကုန်တင်ကားများ စည်းကမ်းမဲ့စွာ မောင်းနှင်မှုကြောင့် ဒေသခံကားသမားများ အခက်အခဲကြုံတွေ့နေရကြောင်း ကားသမား ကိုဖိုးသားက ပြောသည်။

အဆိုပါ၂၄ဘီး ကုန်တင်ကားကြီးများကြောင့် ဒေသခံကားသမားများက အလွန်သတိထားကာ မောင်းနှင်နေရကြောင်း ယာဉ်မောင်းကိုဖိုးသားက ပြောသည်။

“ဒီကောင်တွေက လမ်းတောင်းရင်လည်း လမ်းကမချပေးဘူး။ လမ်းကျောမှာရော လမ်းကြော အပြည့်ယူပြီး မောင်းတယ်ကွာ။ အဲ့ဒီတော့ တစ်ဖက်က ဆင်းလာတဲ့ကားလေးတွေက ရုတ်တရက်ဆိုတော့ အက်စီးဒင့် တွေပါတွေဖြစ်ကြတယ်။ အဲဒီကြရင် သူတို့နဲ့မဆိုင်သလိုမောင်းသွားတယ်”ဟု ကိုဖိုးသားက ဆက်လက်ပြောသည်။

ထို့အပြင် အဆိုပါတရုတ်ကုန်တင်ကားကြီးများသည် ဝိုင်းမော်မြို့ရှိ မီးပွိုင့်တွင် မီးနီနေသော်လည်း စည်းကမ်းမဲ့စွာ ဖြတ်သန်းသွားလာမှုများရှိနေကြောင်း၊ ၎င်းက မြစ်ကြီးနားသတင်းဂျာနယ်သို့ ပြောသည်။

ဝိုင်းမော်မြို့သို့ တရုတ်ကုန်တင်ကား တစ်ရက်လျှင် ၈၀ကျော် ဝင်ရောက် ဖြတ်သန်း သွားနေခြင်းဖြစ်ပြီး၊ ဝင်ရောက်လာသော ကားကြီးများသည် ညနေ ၃နာရီခန့်မှစပြီး ပိုမိုများပြားစွာ ဝင်ရောက်လာခြင်း ဖြစ်သည်။

ယခုလက်ရှိအချိန်သည် တရုတ်တစ်သျှူးငှက်ပျောထွက်ရှိသည့်ရာသီ ဖြစ်သောကြောင့် ယခင်ကထက်ပိုပြီး ငှက်ပျောကားများ ပိုမိုများ ပြားစွာဝင်ရောက်လာမှုများရှိလာသည်။

ဝိုင်းမော်မြို့နှင့် ကံပိုင်တည်လမ်းကြောတွင် သွားလာနေကြသော ကား၊ ဆိုင်ကယ်များသည် တရုတ်ငှက်ပျောတွဲကားများကို ရှောင်တိမ်းကာ သွားလာနေရသဖြင့် မော်တော်ယာဉ်များ ချောက်ထဲသို့ ထိုးကျမှုများ လည်းများစွာရှိကြောင်း ကံပိုင်တည် လမ်းကြောတွင် ယာဉ်မောင်းနေသော ဦးအလေးက ပြောသည်။

“ဒီလမ်းက ငှက်ပျောကားကြီးတွေ သွားမယ်ဆိုရင် လမ်းက အရမ်းကျဉ်းတယ် သူတို့ ကားနဲ့ မျက်နှာချင်းဆိုင် နီးနီးကပ်ကပ်လာတော့ ကားမောင်းတာ အရမ်းသတိထားပြီး မောင်းနေရတယ်။ တစ်ခါတလေဆို ရှောင်လို့လည်း မရဘူး။ သူတို့က ကားအကြီးဆိုတော့ အရှိန်လည်း မလျှော့ဘူး။ သူတို့က တိုက်မိရင်လည်း ငွေပေးရင်ပြီးတယ်လို့ပဲ ထင်ကြတာ”ဟု ဦးအလေးက ပြောသည်။

အဆိုပါတွဲကားကြီးများသည် တရုတ်နိုင်ငံတွင်မောင်းနှင်ခြင်းနှင့် မြန်မာနိုင်ငံတွင် မောင်းနှင်မှုသည် မတူညီကြောင်းနှင့် မြန်မာနိုင်ငံရောက်လျှင် ယင်းတရုတ် တွဲကားများသည် ယာဉ်စည်းကမ်း နားမလည်ဟန်ဆောင်နေကြောင်း ဦးအလေးက ဆက်လက်ပြောပြသည်။

ဝိုင်းမော်မြို့တွင် ရှိသောမီးပွိုင့်တွင် မီးနီနေသော်လည်း ဖြတ်သန်းနေမှုသည် အလွန် အန္တရာယ်ရှိပြီး၊ ယာဉ်စည်းကမ်း ဖောက်ဖျက်မှုဖြစ်ကြောင်း၊ အမှတ် (၉၈) ယာဉ်ထိန်းရဲတပ်ဖွဲ့စု ဝိုင်းမော်မှ ယာဉ်ထိန်းရဲ ဒုရဲအုပ်စိုးနိုင်က ပြောသည်။

“မီးနီဖြတ်ရင်တော့ ကားကြီးပဲမဟုတ်ဘူး ဆိုင်ကယ်ဖြတ်လည်း အန္တရာယ်အရမ်းရှိတယ်။ ဒါပေမဲ့ တွဲကားအကြီးကြီးတွေ ဖြတ်ရင်တော့ပိုပြီး အန္တရာယ်များတယ်ပေါ့။ သူတို့နိုင်ငံမှာကလမ်းတွေ ကျယ်တဲ့အတွက် အရှိန်နဲ့ကွေ့ရင် ရရင်ရနိုင်တယ်ဒါပေမဲ့ ဒီမှာကျအဲ့လိုမရဘူးလေ။ ဖြတ်တုန်းက အစိမ်းပေါ့။ ဒါပေမဲ့အရှိန်နဲ့ မောင်းလို့မရတဲ့အတွက် အနီဖြစ်သွားတဲ့ ဟာမျိုးတွေရှိတယ်”ဟု ဒုရဲအုပ်စိုးနိုင်က ပြောသည်။

အဆိုပါ ၂၄ ဘီးကားကြီးများသည် တရုတ်တစ်သျှူးငှက်ပျော အားတင်ဆောင်ထားပြီး ယင်းငှက်ပျောကို မြန်မာနိုင်ငံတွင်စိုက်ပျိုးကာ တရုတ်နိုင်ငံသို့ တင်ပို့နေခြင်းဖြစ်ပြီး ဝိုင်းမော်မြို့နယ်တွင် အများဆုံးစိုက်ပျိုးနေခြင်း ဖြစ်သည်။
Ah Je

LEAVE A REPLY

Please enter your comment!
Please enter your name here