တိုက်ပွဲတွေကြားက မြစ်ကြီးနား ဘက်စုံစီးပွားရေးဇုန် စီမံကိန်းကြီး အောင်မြင်နိုင်မလား

1421
ဘားအံ စက်မှုဇုန်
ဘားအံ စက်မှုဇုန်

လက်ရှိအချိန်ထိ တိုက်ပွဲတွေဖြစ်ပွားနေတဲ့ ကချင်ပြည်နယ်မှာ အစိုးရအဖွဲ့က စီးပွားရေးနောက်မကျစေဖို့ ဆိုတဲ့ရည်ရွယ်ချက်နဲ့ မြစ်ကြီးနား စီးပွားဖွံ့ဖြိုးတိုးတက်မှုဇုန် ကို တရုတ်နဲ့ပူးပေါင်းတည်ဆောက်ဖို့ ပြီးခဲ့တဲ့မေလမှာ ပထမဦးဆုံးအနေနဲ့ သဘော တူညီမှု ရရှိထားပြီဖြစ်ပါတယ်။

အထက်ပါ စီးပွားရေးဇုန်ကြီးကို အကောင်အထည်ဖော်နိုင်ဖို့ သဘောတူညီမှုစာချုပ်(MoA)ကို စက်တင်ဘာလကုန်ပိုင်းမှာ ထိုးနိုင်ဖို့စီစဉ်ထားတယ်လို့သိရပြီး စာချုပ်လက်မှတ်ထိုးပြီးရင် လာမယ့် ၂၀၁၉ ခုနှစ်မှာ အခြားစက်မှုဇုန်တွေနဲ့ မတူညီတဲ့ New Version နဲ့စတင်အကောင်အထည်ဖော်နိုင်ဖို့ ခန့်မှန်းထားတယ်လို့ ပြည်နယ်စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းဒုတိယဥက္ကဋ္ဌ ဦးထွန်းညွန့်က ပြောပါတယ်။

“စက်တင်ဘာလ အကုန်လောက်တော့ MoA/JV လက်မှတ်ထိုးဖို့ ခန့်မှန်းထားပါတယ်။ အဲဒီ လက်မှတ် ထိုးပြီးမှပဲ အသေးစိတ်အစီအစဉ်တွေကို ပြောလို့ရမှာ။ ပျက်ရင်လည်း ပျက်သွားနိုင်တယ်လေ” လို့လည်း ဦးထွန်းညွန့်က ရှင်းပြပါတယ်။

အကယ်၍ စီးပွားရေးဇုန်ကြီး တည်ဆောက်ဖြစ်မယ်ဆိုရင် ဇုန်ရဲ့ ၉၀ ရာခိုင်နှုန်းက ကုန်ပစ္စည်းတွေထုတ်လုပ်တဲ့အပိုင်းကို ဆောင်ရွက်မှာဖြစ်တယ်လို့ သိရပါတယ်။ အကောင်ထည်ဖော်နိုင်ဖို့ သဘောတူညီချက်ရရှိခဲ့မယ်ဆိုရင် မြေ ဧက ၄၇၀၀ ကျော်မှာ အခြေခံစီးပွားရေးအဆောက်အဦတွေပါဝင်တဲ့ စက်ရုံပေါင်း ၅၀၀ ကျော်နဲ့ အိမ်ခြေ ၅၀၀၀ လောက် နေထိုင်နိုင်မယ့် မြို့ငယ်တစ်ခု ဖြစ်လာမှာပါ။

“လူနေရပ်ကွက်တွေလည်းပါမယ်။ အခုကတော့ ပြင်ဆင်ဆဲကာလဖြစ်ပါတယ်။ တရုတ်နိုင်ငံက စီးပွားရေးအင်အားကြီးတဲ့နိုင်ငံဆိုတော့ လောလောဆယ်မှာ သူတို့ကိုပဲ အားကိုးရတယ်”ဟုလည်း ဦးထွန်းညွန့်က ဆက်လက်ရှင်းပြပါတယ်။

စီမံကိန်းတွင် တရုတ်ကုမ္ပဏီနှင့် ပူးပေါင်းလုပ်ဆောင်သွားမှာ ဖြစ်တဲ့အပြင်မြန်မာနိုင်ငံမှာ အောင်မြင်မှုရရှိနေတယ်လို့ယူဆရတဲ့ သီလဝါစက်မှုဇုန်၊ ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်စက်မှုလက်မှု လုပ်ငန်းရှင်အသင်း၊ ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းစသည်တို့နှင့်လည်း လက်တွဲလုပ်ဆောင်မှာ ဖြစ်တယ်လို့လည်း သိရပါတယ်။

“ကျွန်တော်တို့ MoU နဲ့ JV ချုပ်ဆိုနိုင်ရေးကော်မတီနဲ့ ညှိနှိုင်းရေးကော်မတီနဲ့ မကြာခင်မှာအစိုးရအဖွဲ့ရုံး အခန်းတစ်ခန်း ညှိနှိုင်းရေးကော်မတီရုံးဖွင့်ပြီးတော့မှ အဲဒီမှာပဲ MoU နဲ့ JV ချုပ်ဆိုဆောင်ရွက်ဖို့အတွက် စီစဉ်ဆောင်ရွက်လျက်ရှိပါတယ်”လို့လည်း ဘဏ္ဍာအခွန်၊ စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဦးဝေလင်းက ရှေ့ဆက်လုပ်ဆောင်မယ့် အခြေအနေကိုပြောပါတယ်။

ကချင်ပြည်နယ်ရဲ့ ဘက်စုံစီးပွားရေးဇုန်ကြီး အောင်မြင်သွားရင် ဒေသခံတောင်သူ ၇၀ ရာခိုင်နှုန်းလောက် အကျိုးခံစားရမှာဖြစ်ပြီး ဒေသခံတွေလည်း အလုပ်အကိုင် အခွင့်အလမ်းတွေရရှိလာမှာ ဖြစ်တယ်လို့ ကချင်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာခက်အောင်က သတင်းမီဒီယာတွေနဲ့ တွေ့ဆုံစဉ်မှာ ပြောကြားထား ပါတယ်။ ဒါပေမယ့် နယ်မြေမတည်ငြိမ်မှုက စီးပွားရေးဖွံ့ဖြိုးမှုကို အဟန့်အတား ဖြစ်နေစေတာကြောင့် လာရောက် ရင်းနှီးမြှုပ်နံှမယ့် နိုင်ငံတကာကုမ္ပဏီတွေက ဒီအချက်ကိုကြည့်ပြီး လာရောက်ဖို့ တွန့်ဆုတ်နေကြတယ်လို့ လက်ရှိအခြေအနေကို ဝန်ကြီးချုပ်က ပြောပြခဲ့ပါတယ်။

“ပြီးခဲ့တဲ့ နှစ်နှစ်ကျော်ကာလက ကျွန်တော်တို့ ပြည်နယ်အစိုးရဆီကို ထိုင်းကလည်းလာတယ်။ ကိုရီး ယားကလည်းလာတယ်။ ဂျပန်လည်းလာတယ်။ တရုတ်စသဖြင့် အားလုံးက ရင်းနှီးမြှုပ်နှံမလိုလိုနဲ့ ဘယ်သူမှ မလာပါဘူး”လို့ ဝန်ကြီးချုပ်ကပြောဆိုခဲ့တာ ဖြစ်ပါတယ်။

ပြည်နယ်နဲ့တိုင်း တော်တော်များများက စီးပွားရေးဇုန်တွေကို လေ့လာကြည့်တဲ့အခါမှာ အောင်မြင်တယ်ဆိုတာ အတော်လေးကိုရှားပါတယ်။ စီးပွားရေးအချက်အချာကျတဲ့ ရန်ကုန်နဲ့ အနီးတစ်ဝိုက်က ပဲခူးတို့လို နေရာမျိုးမှာသာ အောင်မြင်မှု ရရှိကြတာကိုလည်း တွေ့ရပါတယ်။ ငြိမ်းချမ်းရေးတစ်စိတ်တစ်ပိုင်း ရရှိထားတဲ့ ကရင်ပြည်နယ်မှာတော့ စက်မှုဇုန်တည်ဆောက်ထားတာ ၆ နှစ်သက်တမ်းရှိနေပါပြီ။ ဘားအံစီးပွားရေးဇုန်တည်ဆောက်ရာမှာ တည်ဆောက်တဲ့ကုမ္ပဏီကို အစိုးရက အကြွေး လေးဘီလီယံကျော် ပေးစရာရှိနေတယ်လို့ ကရင်ပြည်နယ် လျှပ်စစ်နှင့်စက်မှုလက်မှုဝန်ကြီး ဦးစိုးလှိုင်ကပြောပါတယ်။ ဘားအံစက်မှုဇုန်ကို ကြည့်ခြင်းအားဖြင့် ကချင်ပြည်နယ်ရဲ့ ဘက်စုံစီးပွားရေးဇုန်ကြီး အောင်မြင်ဖို့အတွက် စိန်ခေါ်မှုတွေ အများကြီး ရှိနေတာတွေ့ရပါတယ်။ ဧက ၁၀၀၀ သာရှိတဲ့ ကရင်ပြည်နယ် ဘားအံစက်မှုဇုန်မှာ လက်တွေ့အကောင်အထည်ဖော် တည်ဆောက်တဲ့စက်ရုံက ၁၆ ရုံသာရှိပြီး မြေနေရာရရှိရေးအတွက် လက်ဦးမှုရယူပိုင်ဆိုင်ထားတဲ့ သူတွေသာ များနေတယ်လို့ ဆိုပါတယ်။

ကချင်ပြည်နယ်မှာတော့ တခြားဒေသတွေနဲ့မတူတဲ့ နည်းစနစ်တွေနဲ့ လုပ်ဆောင်သွားမှာဖြစ်လို့ မအောင်မြင်မှာကို ပူစရာမလိုဘူးလို့ ဆိုပါတယ်။

မြစ်ကြီးနားမြို့က စီးပွားရေးလုပ်ငန်းရှင်ကြီးတစ်ဦးဖြစ်တဲ့ ဦးအားဖူကတော့ ဒီဇုန်ကြီးအတွက် အဓိကအခြေခံလိုအပ်ချက်ကတော့ လျှပ်စစ်မီးအလုံအလောက်ရရှိရေးလို့ ဆိုပါတယ်။

ပြည်နယ်တစ်ခုဖွံ့ဖြိုးတိုးတက်ဖို့ စီးပွားရေးဇုန်တွေ မရှိမဖြစ်လိုအပ်သလို အောင်မြင်အောင်လည်း အစိုးရကလိုအပ်တဲ့ အပိုင်းတွေကို ပံ့ပိုးကူညီရမှာဖြစ်တယ်လို့ ဦးအားဖူက ဆိုပါတယ်။

“အဓိကစိန်ခေါ်မှုကတော့ လျှပ်စစ်ပါပဲ။ အဲဒါအဓိကပဲ။ လျှပ်စစ်မီး လုံလုံလောက်လောက်ရမယ်။ နယ်မြေအေးချမ်းမယ်ဆိုရင်တော့ အောင်မြင်နိုင်မှာပါ။ နယ်မြေအေးချမ်းမှပဲ ရင်းနှီးမြှုပ်နှံမယ်။ မအေးချမ်ဘူးဆိုရင်တော့ ရင်းနှီးမြှုပ်နံှဖို့ စိတ်မဝင်စားပါဘူး။ နယ်မြေမအေးချမ်းရင် ဘယ်လောက်ကောင်းတဲ့ ဇုန်ကြီးပဲထောင်ထောင် အောင်မြင်ဖို့ကမသေချာပါဘူး”ဟုလည်း ဦးအားဖူက ဆက်လက်ပြောပြပါတယ်။

လျှပ်စစ်မီး ပြဿနာကကရင်ပြည်နယ်မှာလည်း ရင်ဆိုင်နေရတဲ့ အခက်အခဲတစ်ခုပါ။ လျှပ်စစ်မီးလိုအပ်ချက် မြင့်မားနေခြင်းက စီးပွားရေးကို အဟန့်အတား ဖြစ်စေပါလိမ့်မယ်။ IEA ကထုတ်ပြန်တဲ့ အရှေ့တောင်အာရှစွမ်းအင်အမြင် (South East Asia Energy Outlook 2017)ရဲ့ အဆိုအရ မြန်မာနိုင်ငံက လုပ်ငန်း ၉၀ ရာခိုင်နှုန်းကျော်မှာ လျှပ်စစ်ဓာတ်အား ပြတ်တောက်တာကို ခံစားကြရပြီး ဗီယက်နမ်နှင့် အင်ဒိုနီးရှားတွေမှာတော့ လုပ်ငန်းတွေရဲ့ ၃၀ ရာခိုင်နှုန်းသာ အဲ့ဒီလိုတွေ့ကြုံရတယ်လို့ သိရပါတယ်။

မြစ်ကြီးနားမြို့က တစ်နိုင်ငံလုံးမှာ မီတာကြေးအများဆုံးပေးဆောင်ရတဲ့ အထဲမှာပါဝင်နေပါတယ်။ တစ်ယူနစ်ကို အိမ်သုံး ၁၁၀ ကျပ်နဲ့ လုပ်ငန်းသုံးအတွက် ကျပ် ၃၀၀ နီးပါးလောက်ပေးဆောင်ရပါတယ်။

ကရင်ပြည်နယ်ဟာဆိုရင် ကချင်ပြည်နယ်ထက် နယ်မြေအေးချမ်းတဲ့ ဒေသတစ်ခုပါ။ ဒီလို နယ်မြေအေးချမ်းတဲ့ဒေသမှာတောင် စီးပွားရေးဇုန်ကြီးတွေကို အကောင်အထည်ဖော်ရာမှာ အောင်မြင်မှုမရှိကြသေးပါဘူး။ ဧက ၁၀၀၀ လောက်ရှိတဲ့ မြေနေရာရဲ့ ၉၅ ရာခိုင်နှုန်းလောက်က အကောင်အထည် မဖော်ရသေးဘူးဆိုတာ အစိုးရရဲ့ တရားဝင်ထုတ်ပြန်ချက်တွေမှာ ဖော်ပြပါရှိပါတယ်။

“အမှန်ကတော့ ဘားအံစက်မှုဇုန်လမ်းတွေလည်း လုပ်ထားပြီးပြီ။ မီးအတွက်လည်း မီးအားမြှင့်စက်ကြီး ထိုင်ပြီးပြီ။ ရေအတွက်လည်း လုပ်ထားပြီးပြီ။ မြေကွက်တွေလည်း လုပ်ထားပြီးပြီ။ ဒါပေမယ့် စက်မှုဇုန်ဖွံ့ဖြိုးဖို့ နောက်ကျနေတဲ့အကြောင်းရင်းက စက်ရုံမထောင်ဘဲ မြေတွေ လက်ဦးထားတယ်”လို့ ဝန်ကြီးဦးစိုးလှိုင်က လက်ရှိစက်မှုဇုန်လည်ပတ်နေတဲ့ အခြေအနေကိုပြောပါတယ်။

မြစ်ကြီးနားမြို့ရဲ့ အနောက်ဘက် နန်ကျင်ကျေးရွာဘက်မှာတည်ဆောက်မယ့် ဘက်စုံစီးပွားရေးဇုန်ကြီးက မြေဧက ၄၇၀၀ လောက် အကျယ်အဝန်းပေါ်မှာ တည်ဆောက်မှာပါ။ စီးပွားရေးဇုန်တည်ဆောက်မယ့် နန်ကျင်ကျေးရွာဘက်တွေမှာလည်း မြန်မာ့တပ်မတော်နဲ့ ကေအိုင်အေတို့ တိုက်ပွဲတွေဖြစ်ပွားခဲ့ဖူးပါတယ်။ ဒါက အကြီးမားဆုံးစိန်ခေါ်မှုတစ်ခုဖြစ်နေပေမယ့် အဲဒီဒေသမှာ တိုက်ပွဲဖြစ်ပွားတဲ့ အကြိမ်ရေက နည်းပါးပါတယ်။

ဒါ့အပြင် နောက်ထပ်စိန်ခေါ်မှုတစ်ခုကလည်း ရှိနေပြန်ပါသေးတယ်။ ဒါကတော့ မြေယာပြဿနာပါ။ မြစ်ကြီးနားဘက်စုံစီးပွားရေးဇုန်က အစိုးရရဲ့ လျာထားချက်အရဆိုရင် ဘားအံစက်မှုဇုန်ထက် ၅ ဆလောက်ပိုပြီးတော့ ကြီးမားမှာဆိုတော့ မြေနေရာတွေက များများစားစားလိုအပ်မှာပါ။ ကချင်ပြည်နယ်ဟာ မြေယာပြဿနာတွေ အများဆုံးဖြစ်ပွားခဲ့တဲ့ ပြည်နယ်တစ်ခုဖြစ်နေတော့ ဒေသခံတောင်သူတွေနဲ့ ပြေလည်ဖို့လည်းလိုအပ်မှာပါ။

ပြည်နယ်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌဦးပေါ်ဦးကတော့ စီမံကိန်းအတွက်လိုအပ်တဲ့ မြေတွေကိုအများဆုံး မြေလွတ်မြေရိုင်းနေရာမှာ သတ်မှတ်လုပ်ဆောင်သွားမှာဖြစ်ပြီးတော့ အမှန်တကယ်မလွတ်ကင်းတဲ့ မြေများကို ထိုက်သင့်တဲ့နစ်နာကြေးပေးပြီး လုပ်ဆောင်သွားမယ်လို့ ပြောပါတယ်။

“အတတ်နိုင်ဆုံးကတော့ လွတ်တဲ့မြေပေါ်မှာလုပ်သွားမှာပါ။ အားလုံးကို တိုင်းဖို့ကိုလည်း သက်ဆိုင်ရာဋ္ဌာနတွေကို ပြောထားပြီးပါပြီ။ တကယ်မလွတ်တဲ့ မြေတွေကိုတော့ လျော်ကြေး ပေးသွားမှာပါ”လို့ ဦးပေါ်ဦးက ရှင်းပြပါတယ်။

အခုဆိုရင်တော့ ဘက်စုံစီးပွားရေးဇုန်ကြီးကို ၁၅ နှစ်စီမံကိန်းနဲ့တည်ဆောက်ဖို့ ပဏာမသဘောတူညီချက်တွေ ရရှိခဲ့ပါပြီ။ မအောင်မြင်တဲ့ ဇုန်တွေအများကြီးရှိပေမယ့် ကချင်ပြည်နယ်အစိုးရကတော့ ပြည်သူတွေကို မျက်နှာမူ၊ ပေါက်ဖော်နဂါးကြီးကို ဗဟိုပြုလို့ ဘက်စုံစီးပွားရေးဇုန်ကြီးကို ဗားရှင်းအသစ်နဲ့ အကောင်အထည်နေမှုတွေဟာ ဒီတိုက်ပွဲတွေနဲ့ ဘယ်လိုရှေ့ဆက်သွားမယ်ဆိုတာ စောင့်ကြည့်ကြရုံသာ ရှိပါတော့တယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here