တောင်ကျချောင်းရေ မြင့်တက်လာတာကြောင့် စစ်ဘေးတိမ်းရှောင်နေရာတဲ့ ဆွမ်ပီယန်ပြည်သူတွေ သောက်သုံးရေ ခက်ခဲလာ

185

 

မေ၊ ၃၀

ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ်၊ ဆွမ်ပီယန်ကျေးရွာက အိမ်ခြေသုံးရာနီးပါး စစ်ဘေးတိမ်းရှောင်နေတဲ့ နေရာမှာ တောင်ကျချောင်းရေ မြင့်တက်လာတဲ့အတွက် သောက်သုံးရေ လိုအပ်တဲ့ အခက်အခဲနဲ့ ရင်ဆိုင်လာရတယ်လို့ သိရပါတယ်။

မနေ့က (မေလ၂၉)ရက်နေ့ နေ့လယ်ပိုင်းလောက်ကနေစပြီး မိုးရေချိန်ကြီးလာတာကြောင့် စစ်ရှောင်ပြည်သူအချို့ ခိုလှုံနေတဲ့ တဲအိမ်တွေအထိ တောင်ကျချောင်းရေ ရောက်ရှိလာတာလို့ သိရပါတယ်။

အိမ်ခြေ ၃၀၀ နီးပါး ထွက်ပြေးတိမ်းရှောင်နေရတဲ့ အဲဒီနေရာအနီးအနားမှာ တောင်ကျချောင်းရေ ရှိတာကြောင့် မိုးရွာလာတဲ့အချိန် ရေမြင့်တက်လာတာဖြစ်ပြီး စစ်ရှောင်ပြည်သူတွေ သုံးစွဲနေတဲ့ သောက်သုံးရေတွေ နောက်ကုန်တာလို့ ဆွမ်ပီယန် ဒေသခံပြည်သူတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို အခုလို ပြောပါတယ်။

ခုက သောက်သုံးရေတွေ ခက်လာတာ။ လောလောဆယ်တော့ မိုးရေတို့၊ ရှိထားပြီးသား ရေတွေကို ဖြစ်သလို သုံးနေတာပေါ့။“လို့ ဒေသခံက ဆိုပါတယ်။

ရေရောက်ရှိလာတဲ့ တဲတွေကို ဖြုတ်သိမ်းပြီး ရေလွတ်တဲ့ နေရာတွေမှာ ပြန်လည်ဆောက်လုပ်ပေးဖို့ စီစဉ်ထားတဲ့အပြင် ဒီကနေ့မှာတော့ ရေအနည်းငယ် ကျသွားပြီလို့ ဆိုပါတယ်။

လက်ရှိအခြေအနေမှာ ရေကျသွားပေမဲ့ မိုးဆက်လက်ရွာလာမယ်ဆိုရင် တောင်ကျချောင်းရေ ထပ်မံပြီး မြင့်တက်လာနိုင်တာကြောင့် စိုးရိမ်ရဆဲ ဖြစ်တယ်လို့ အထက်ပါဒေသခံက ဆက်လက်ပြောပါတယ်။

မနေ့က မိုးအရမ်းရွာတယ်။ ပြီးတော့ တောင်ကျချောင်းတွေပါ ပေါင်းသွားပြီး တစ်ချို့တဲတွေဆီ ရေရောက်သွားတာ။ အနီးအနားတွေမှာ ရေရောက်တာပေါ့။ နေပူရင်တော့ ခြောက်သွေ့တဲ့ နေရာ ဟုတ်တယ်။ မိုးရွာရင်တော့ ရေကြီးတာ ဆက်ဖြစ်လာနိုင်တယ်။ ရေနစ်သွားတဲ့ တဲတော့ မရှိပါဘူး။လို့ ဆိုပါတယ်။

သောက်သုံးရေ ခက်ခဲလာတဲ့အပြင် တောတောင်ထဲ ထွက်ပြေးတိမ်းရှောင်နေရတဲ့အတွက် ခြင်တွေကြောင့် ဖြစ်နိုင်တဲ့ ငှက်ဖျားရောဂါသာမက ရေမသန့်တာကြောင့် ဖြစ်နိုင်တဲ့ ဝမ်းလျှောရောဂါတွေ အတွက်ပါ ဆေးဝါးလိုအပ်မှုတွေပါ ရှိနေတယ်လို့လည်း သိရပါတယ်။

လတ်တလောမှာပဲ စစ်ရှောင်ပြည်သူအချို့ ဝမ်းလျှောတာတွေဖြစ်ခဲ့ပြီး ပါလာတဲ့ လက်ကျန်ဆေးတွေ၊ သဘာဝဆေးရွက်တွေနဲ့ ကုသပျောက်ကင်းနေပြီလို့ ထပ်မံသိရှိရပါတယ်။

ထွက်ပြေးတိမ်းရှောင်နေတဲ့ နေရာဆီ လိုအပ်နေတဲ့ ဆေးဝါးတွေ ရောက်ရှိဖို့ လက်ရှိအခြေအနေမှာ မြစ်ကြီးနား-ပူတာအို ကားလမ်းပိုင်း ပိတ်ထားတာကြောင့် အခက်ကြုံနေရပြီး ဆေးဝါး‌တွေ ရောက်ရှိနိုင်ဖို့ နည်းလမ်းရှာနေဆဲ ဖြစ်တယ်လို့ ဆိုပါတယ်။

မတ်လ အစောပိုင်းကနေစပြီး ဆွမ်ပရာဘွမ်မြို့နယ်အတွင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတို့အကြား တိုက်ပွဲစတင်ဖြစ်ပွားပြီးနောက်ပိုင်း မေလ ၈ ရက်နေ့မှာတော့ ပူတာအိုဘက်ကနေ ဆင်းလာတဲ့ စစ်ကောင်စီတပ်သားတွေ လုံရှာယန်-တန်ဂျာ-ဝဒတ်-ဆွမ်ပီယန် စတဲ့ ကျေးရွာ တစ်လျှောက် စစ်ရေးလှုပ်ရှားခဲ့တာပါ။

အဲဒီလို စစ်ရေးလှုပ်ရှားတာတွေ ရှိလာတဲ့အတွက် ဆွမ်ပီယန်၊ အင်ဆီးယန်၊ အင်ဆိုင်းယန်၊ ခင်ဒူယန် စတဲ့ ကျေးရွာတွေက ဒေသခံပြည်သူထောင်ချီဟာ လုံခြုံရေးကြောင့် နီးစပ်ရာ တောတောင်တွေဆီ အသီးသီး ထွက်ပြေးတိမ်းရှောင်သွားတာ ဖြစ်ပါတယ်။

 

LEAVE A REPLY

Please enter your comment!
Please enter your name here