တေးရေးဆရာများရသင့်ရထိုက်သည့်အခွင့်အရေးများကိုရရှိစေရန်Kachin Composer’s Right Agency (KCRA)ဖွဲ့စည်း

2942

တေးရေးဆရာများရသင့်ရထိုက်သည့်အခွင့်အရေးများကိုရရှိစေရန်Kachin Composer’s Right Agency (KCRA)ဖွဲ့စည်းမြစ်ကြီးနား၊ဇူလိုင်၁၆တေးရေးဆရာတစ်ဦးရသင့်ရထိုက်သည့်အခွင့်အရေးများကိုရရှိစေရန်ကချင်တေးရေးဆရာများစုပေါင်း၍ Kachin Composer’s Right Agency (KCRA) ကိုဇူလိုင်လ၆ရက်နေ့ကစတင်ဖွဲ့စည်းလိုက်ပြီဖြစ်သည်။

မိမိရေးစပ်သောသီချင်းများအတွက်ရသင့်ရထိုက်သောရပိုင်ခွင့်များကိုကိုယ်တိုင်ခံစားခွင့်ရရှိရန်၊သီချင်း၏တန်ဖိုးကိုသိရှိနားလည်ပြီးတန်ဖိုးထားတတ်စေရန်နှင့်သီချင်းများကိုစနစ်တကျဖြင့်ခွင့်ပြုချက်တောင်းခံ၍အသုံးပြုကြရန်ရည်ရွယ်ချက်ဖြင့်KCRAကိုဖွဲ့စည်းရခြင်းဖြစ်ကြောင်းသိရသည်။အဆိုရှင်များအနေဖြင့်အခကြေးငွေယူပြီးသီဆိုသည့်မည်သည့်ပွဲမဆိုရရှိသောအခကြေးငွေ၏၂၀ရာခိုင်နှုန်းကို(KCRA)ကိုပေးရမည်ဖြစ်ကြောင်း၊လူမှုကွန်ရက်နှင့်အဆို၊အကပြိုင်ပွဲများ၌အသုံးပြုရန်အတွက်တေးရေးဆရာနှင့်ဆွေးနွေး၍ခွင့်ပြုချက်တောင်းခံပြီးမှအသုံးပြုခွင့်ပေးသွားမည်ဖြစ်ကြောင်းKCRA အဖွဲ့ဝင်တစ်ဦးဖြစ်သူတေးရေးဆရာG Zung Ki ကမြစ်ကြီးနားသတင်းဂျာနယ်သို့ပြောသည်။”အခကြေးငွေယူပြီးပွဲဆိုတယ်ဆိုရင်တေးရေးဆရာတွေကိုရောပေးရမယ်ပေါ့။ပရဟိတပွဲတွေဆိုရင်တော့မဆိုလိုဘူး။Channel,FM တို့မှာလွှင့်တာတွေအတွက်လည်းတောင်းတော့မယ်” ဟုG Zung Ki ကဆိုသည်။

ကချင်အနုပညာရှင်များအသင်းချုပ်မှခွဲထွက်ကာယင်းအေဂျင်စီကိုသီးသန့်ဖွဲ့စည်းခြင်းမျိုးမဟုတ်ဘဲတေးရေးဆရာများ၏အခွင့်အရေးကိုတောင်းဆိုခြင်းသာဖြစ်ကြောင်းနှင့်လက်ရှိတေးရေးများသာမကနောင်လာမည့်မျိုးဆက်သစ်တေးရေးလူငယ်များလည်းအခွင့်အရေးများကိုမဆုံးရှုံးစေရန်KCRA ကိုကြိုးစားအကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းတေးရေးဆရာG Zung Ki ကဆက်လက်ပြောသည်။”အခွင့်အရေးကတစ်နေ့ထက်တစ်နေ့ဆုံးရှုံးလာတယ်။တချို့ကငါးသောင်း၊နှစ်သိန်းနဲ့ရေးပေးတာလည်းရှိတယ်။အဲ့ဒီပိုက်ဆံတွေကမပြောပလောက်ဘူးဆိုပေမယ့်အဆိုတော်တွေကတော့တစ်သက်လုံးဆိုသွားလို့ရပြီ။တေးရေးဆရာတစ်ဦးကတော့သီချင်းတစ်ပုဒ်ဖြစ်ဖို့အတွက်အချိန်ကုန်လူပင်ပန်းရပါတယ်” ဟု၎င်းကဆိုသည်။

လက်ရှိတွင်KCRAတွင်Karu Zeng, MD Lum Hkawng, Galau Zung Ki, Lasham Tu Mai, Awng Lum (Blast), Seng Ni(Blast), Ah Ba Di, Latau Zau Latt, Buti စသည့်အဖွဲ့ဝင်၉ဦးဖြင့်စတင်လှုပ်ရှားနေပြီးပါဝင်ချင်သောအဖွဲ့ဝင်အသစ်များကိုလည်းဆက်လက်လက်ခံသွားမည်ဖြစ်ကြောင်းလည်းသိရသည်။အဆိုပါအေဂျင်စီ၏ကြေညာချက်ကိုထုတ်ပြန်လိုက်သည်နှင့်KCRA တွင်ပါဝင်သောတေးရေးတစ်ဦး၏သီချင်းကိုခွင့်ပြုချက်မရှိဘဲအသုံးပြုသည်ဖြစ်စေ၊၎င်းတို့သတ်မှတ်ထားသောစည်းကမ်းများကိုဖောက်ဖျက်သည်ဖြစ်စေတရားဥပဒေအတိုင်းအရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်းသိရသည်။

Benadeth

LEAVE A REPLY

Please enter your comment!
Please enter your name here